စစ်ပွဲတွေကြောင့် အနာဂတ်မသေချာတဲ့ကလေးငယ်တွေ ကမ္ဘာပေါ်မှာအမြောက်အများရှိကြတာကိုသတိပြု
မိကြတယ်။မိဘနဲ့သားသမီးတွေ လူကုန်ကူးခံနေရတာကြောင့်မျှော်လင့်ချက်မဲ့နေတဲ့မိသားစုတွေလည်းအ
များကြီးဖြစ်နေကြတယ်ဆိုတာကို သနားဂရုဏာရှိကြပါစို့။အာရှတိုက်မှာ ထိုအထဲကကျနော်တို့ မြန်မာတွေ မှာအဆိုးဝါးဆုံးဖြစ်နေကြရပါတယ်။ပြီးခဲ့တဲ့အပါတ်က အမေရိကန်လွှတ်တော်ကြားနာပွဲပွဲမှ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာလူကုန်ကူးမှုအစီရင်ခံစာအရ နိုင်ငံပေါင်း ၁၇၇ နိုင်ငံအနက်မြန်မာနိုင်ငံက အဆင့်(၃)နေရာမှာရှိ ပါတယ်။နိုင်ငံတကာပြောင်းရွှေ့အခြေချသူများအဖွဲ့ နဲ့ ကမ္ဘာ့ဘဏ်တို့ စါရင်းအရ ကမ္ဘာပေါ်မှာ ပြောင်း
ရွှေ့အခြေချသူများသန်း၂၀၀ အနက်အာရှတိုက်ကအများဆုံးလို့အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။လူတစ်
ထောင်မှာတစ်ယောက်ဟာ အာဓမ္မခိုင်းစေခြင်းနဲ့ လိင်ကုန်ကူးမှုပြဿနာကို ရင်ဆိုင်နေရတယ်။အာရှနိုင်ငံ
တွေဟာ လူကုန်ကူးမှုကိုထိထိရောက်ရောက်လုပ်ကိုင်ဆောင်ရွက်မှုအားနည်းတယ်လို့ ထောက်ပြထားပါတယ်။
**လူကုန်ကူးမှုတိုက်ဖျက်ရေး**
ထူးဆန်းပြီးလေးစားလောက်တဲ့နာမည်ဖြစ်တယ်။ငယ်ငယ်တုန်းက အမေတို့ အဖွားတို့ တွေ အိမ်က ဝေးဝေးကိုသွားမှာစိုးတဲ့အတွက် လူစိမ်းတွေနဲ့ မသွားနဲ့ ဘယ်သူတွေနဲ့ လိုက်မသွားနဲ့ ရောင်းစားခံရလိမ့်မယ်။ဒီလိုပြောသံကြားဖူးခဲ့တယ်။သက်ရှိလူကိုရောင်းစားလို့ ရတယ်လို့ လုံးဝအယုံအကြည်မရှိခဲ့ရိုးအမှန်ပါ။
ထိုင်းကိုရောက်လာတော့ လူကုန်ကူးမှု ဆိုတာ နေ့တိုင်းဖြစ်ရိုးဖြစ်စဉ် လုပ်ရိုးလုပ်စဉ်ဖြစ်နေတယ်။ကြားနေကျ
စကားသံတွေဖြစ်နေတယ်။ရောင်းစားခံရသူပေါင်းများစွာနဲ့ တွေ့ဆုံဖြစ်လာတယ်။လူကုန်ကူးသူတွေနဲ့ တွေ့ ဖူး ဆုံဖူးလာခဲ့တယ်။တကယ်ပဲလူအချင်းချင်းရောင်းလို့ ၀ယ်လို့ရတဲ့နိုင်ငံပါလားဆိုတာအံ့သြမင်တက်မိတော့တယ်။

**မြန်မာတွေဘာကြောင့်လူကုန်ကူးခံကြရသလဲ**
မြန်မာနိုင်ငံအတွင်းမှာ အထွေထွေအကြပ်အတည်းတွေကြောင့် လူကြီးကလေးမကျန်အိမ်နီချင်းနိုင်ငံတွေကိုကြုံ ရာလုပ်ဖို့ထွက်ခွာနေကြတာကြောင့်ဖြစ်တယ်။ဒီဖြစ်စဉ်တွေဆယ်စုနှစ်ပေါင်းများခဲ့ပြီဖြစ်တယ်။တရုတ်နိုင်ငံဘက်
ကိုရောက်သွားကြတဲ့မြန်မာမလေးတွေရဲ့အခြေအနေတွေကအဆိုးဆုံးလို့ ဆိုနိုင်တယ်။အသက်ကြီးပြီးကိုယ် လက် အင်္ဂါမစုံလင်တဲ့၊
ဆွံ့အ တဲ့တရုတ်အမျိုးသားတွေဆီမှာ ဇနီးမယားအဖြစ် ရောင်းစားခံရသလို လိင်အလုပ် သမတွေအဖြစ်လည်းရောင်းစားခံရပါတယ်။ တရုတ်နိုင်ငံဟာ အထူးကြီးမားကျယ်ပြန့်ပြီး မြန်မာတွေအစုအဝေး လိုက်ရှိတဲ့တိုင်းပြည်မဟုတ်
တာကြောင့် နေရပ်ရင်းကို ပြန်ရောက်ဖို့ ဆိုတာ အတော်မျှော်လင့်ချက်နည်းပါးတယ် လို့ဆိုနိုင်ပါတယ်။

ကိုးကွယ်တဲ့ဘာသာ အသားအရောင်နဲ့ အစားအသောက်ချင်း အနီးစပ်ဆုံး နဲ့ အလုပ်အကိုင်အခွင့်အလမ်းအပေါ
များ ဆုံး ဖြစ်တဲ့ ထိုင်းနိုင်ငံထဲမှာတော့ မြန်မာတွေ နှစ်သန်းသုံးသန်းတောင်ရှိနေပြီးလို့ ခန့် မှန်းထားကြတယ်။
ဒီ ဈေးကွက် အတွက် မြန်မာပြည်က ကျေးရွာ၊ရပ်ကွက်အထိလူပွဲစားတွေရှိနေကြပြီးဖြစ်တယ်။အချို့ကမိမိတို့လမ်း စရိတ်နဲ့အကျေပေးပြီးဘန်ကောက်ကိုထွက်လာကြပေမယ့် အချို့ကျတော့ ဘယ်ရွေ့ဘယ်မျှ ဘယ်ကာလအထိ လုပ်ရင်တက်စရိတ်ကျေမယ်ဆိုပြီးမိမိကိုယ်ကိုယ်လူကုန်ကူးခံပြီးတက်ကြတာတွေလည်းအများအပြားရှိပါတယ်။
**လူတိုင်းသိတဲ့အခြေအနေမှန်တွေ**
အချို့ပွဲစားတွေက ကတိအတိုင်း ၆လတန်သည် တစ်နှစ်တန်သည် လုပ်အားခယူပြီး နှစ်ဦးနှစ်ဖက်ကျေကျေ
နပ်နပ်နဲ့ အခြားအလုပ်ကိုပြောင်းသွားကြတယ်။ အတော်များများက မသိနားမလည်တဲ့ မြန်မာအလုပ်သမလေး
တွေကို နှစ်ပေါင်းများစွာ လုပ်အားခမပေးပဲ ကျွန်ပြုနေကြခြင်းတွေဖြစ်တယ်။ တစ်နေ့ကို ၁၈ နာရီနာရီ၂၀ လောက်တံခါးပိတ်ခိုင်းပြီးပြင်ပနဲ့ အဆက်အသွယ်ဖြတ်ထားတယ်။လူမိုက်တွေကိုထိုင်စောင့်ခိုင်းထားတယ်။
ရှိသေးတယ်။နေ့ရောညပါခိုင်းပြီးတော့ ငံပြာရည်နဲ့ ငြုပ်မှုန့်သာစားရတဲ့အလုပ်ရုံတွေရှိသေးတယ်။သူတို့ ခမျာ
အလုပ်ရှင်စားပြီး စွန့်ပစ်တဲ့ဖရဲသီးခွံတို့ ကြက်ရိုးတို့ ငါးခေါင်းခွံအရိုးတို့ကို ကောက်စားရတဲ့သူတွေရှိနေတယ်။
အင်ဒိုလှေပေါ်မှာ နှစ်ရှည်ရောင်းစားခံနေရသူတွေ၊ထိုင်းငါးဖမ်းလှေတွေပေါ်မှာ ထောင်သောင်းချီပြီးရောင်းစား
ခံနေရသူတွေ၊ မချိလည်းလုပ်၊နေမကောင်းလည်းလုပ် မလုပ်နိုင်ရင် အသက်သေအောင်သတ်ပြီးပင်လယ်ထဲ
မျောချပစ်တယ်။

အိမ်ဖေါ်အလုပ်လုပ်နေကြတဲ့ မြန်မာအမျိုးသမီးငယ်လေးတွေ။လုပ်အားခ မရတာတွေရှိတယ်၊ငွေမပေးချင်လို့ လက်ပတ်နာရီခိုးတယ်ဆိုပြီးထောင်ချခံရတဲ့ မြန်မာအလုပ်သမတွေ၊ပုလိပ်ခေါ်ပြီးဖမ်းခိုင်းလို့ ထောင်ကျနေ
သူတွေထိုင်းနိုင်ငံထဲမှာဒုနဲ့ ဒေးပါ။မြန်မာအိမ်ဖေါ်အလုပ်သမတွေဟာ အိမ်ရှင်တွေခိုင်းသမျှ နေ့ ရောညပါ
လုပ် ပေးရတယ်။ မိမိတို့အိမ်တွင်းရေး အဆင်မပြေကြတဲကိစ္စ အိမ်အလုပ်သမကို မဆီမဆိုင် သေနတ်နဲ့ 
ပစ်သတ်လိုက်တာတွေရှိတယ်။တချို့ဆိုအိမ်ရှင်အဖေရောသားပါအဓ္ဓမပြုကျင့်ခံရပြီးတော့သတ်ရင်လည်းသေ၊
ထားရင်လည်နေရတဲ့ဘ၀တွေ၊အဖေမပေါ်ပဲဗမာပြည်ပြန်ပြီးမွေးလိုက်ရတဲ့ကလေးတွေဆိုဘယ်နည်းတော့မလဲ။
**ကွန်ပျူတာနဲ့အလုပ်ရှုပ်နေတတ်သူများလော**
ဒီအနေအထားအမှန်တွေကို ထိုင်းအခြေစိုက်၊ကလေးအဖွဲ့ ၊အိမ်ဖေါ်အဖွဲ့၊အလုပ်သမားအခွင့်အရေး၊လူ့အခွင့်အ
ရေး၊ဥပဒေအဖွဲ့၊လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေအပြင်အာစီယံ၊ယူအင်၊လူ့အခွင့်အရေးစောင့်ကြည့်ရေး၊
ဘာRight ၊ညာRightနောက်အဖွဲ့ ပေါင်းများစွာ သိကြပါတယ်။ရှိကြပါတယ်။သိအောင်လုပ်နိုင်ကြပေမယ့်
သက်သာ အောင် ပပျောက်အောင် ဘာကြောင့် မလုပ် နိုင်ကြတာလဲ။
အခြားကမ္ဘာတစ်ခုကို သွားလုပ်ရမယ့်ကိစ္စလား၊ ရေအောက်ကိုလား၊မြေအောက်မှာမို့လား၊ဒီလူကုန်ကူးကြသူ
တွေဟာ မြေလျှိုးမိုးပျံနိုင်သူတွေဖြစ်လို့ လား။သို့ တည်းမဟုတ် အထက်ကပြောတဲ့ အဖွဲ့ တွေအလုပ်မလုပ်ကြ
လို့ လား ဆိုတာ အဖြေက ပေါ်ပြီးသားဖြစ်တယ်။လုပ်ဖို့စဉ်းစားကြသူတွေမဟုတ်လို့လည်းဆိုနိုင်တယ်။အရေယူ
နိုင်လောက်တဲ့ တိကျခိုင်မာတဲ့အချက်အလက်တွေ နဲ့ ကာယကံရှင်မိသားစုတွေနဲ့ မြန်မာအလုပ်သမားအဖွဲ့ တွေ
တင်ပြတာကိုတောင်အကောင်အထည်မဖေါ်ကြဘူး။အကျိုးအကြောင်းကိုစပြီးတိုင်ကြားတော့ ဘာလိုတယ်၊ ညာလိုတယ်၊ဆိုပြီးမဖြစ်နိုင်တဲ့၊မရနိုင်တဲ့အချက်အလက်အထောက်အထားတွေကိုရမှဖြစ်မယ်လို့ ပြောကြ တယ်။
ကျနော်တို့ ကလည်း ပူးပေါင်းပါဝင်မှုအားကောင်းတဲ့မိသားစုတွေနဲ့အချိန်ယူပြီးတော့အချက်အလက် တွေကို
လိုအပ်သမျှ အချက်အလက်တွေကို ခိုင်ခိုင်မာမာတင်ပြနိုင်ခဲ့တယ်။ဒါပေမယ့် လူကုန်ကူးမှုတိုက်ဖျက်
ရေးအဖွဲ့ တွေဟာ ခေါင်းကုတ်ဖင်ကုတ်လုပ်နေကြတယ်။တည့်တည့်ပြောရင် အလုပ်မလုပ်ကြဘူး။
သူတို့လိပ်စာ ကဒ်မှာရိုက်ထားတဲ့ Human trafficking ဆိုတဲ့စာလုံးကိုသုံးစွဲဖို့ မသင့်ဘူးထင်ပါတယ်။
မလုပ်ရဲ မလုပ်နိုင်ရင် ရင်လည်း မလုပ်တာက ပိုကောင်းမယ်ထင်ပါတယ်။ပညာတတ်ကြီးတွေဖြစ်ပြီး
လိမ်လည်နေတာကို အထူးရှက် သင့်ပါတယ်။
**ပျော့စိစိ ထိုင်းလူကုန်ကူးမှုဥပဒေတွေ**
အစည်းဝေးတွေ သတင်းစာရှင်းလင်းပွဲတွေမှာ ဘာသာရပ်တူရာအလိုက် မိတ်ဆက်ကြတယ်။လူ့အခွင့်အရေး
လုပ်တယ်၊လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်တယ်ဆိုတဲ့ လိပ်စာကဒ်ကလေးကိုရရှိခဲ့တယ်။လူချင်းစကားပြော
ဖြစ်ကြတယ်။ လုပ်ငန်းအကောင်းအထည်ဖေါ်ဖို့ တကယ် စည်းဝေးတိုင်ပင်ကြတဲ့အခါ …………………
(၁)တိကျခိုင်မာတဲ့သတင်းအချက်အလက်(ဓါတ်ပုံ/ဗွီဒီယို) စာရွက်စာတမ်း အထောက်အထားတွေပြည့်စုံရမယ်။
(၂)လူကုန်ကူးမှုဖြစ်ပေါ်နေတဲ့နေရာကို တိုက်ရိုက်လိုက်လံပြသနိုင်သူ ရှိရမယ်။
(၃)လူကုန်ကူးမှု ပြုလုပ်သူရဲ့အခန်းမှာ လူ အနည်းဆုံးသုံးလေးဦးရှိရမယ်။လူကုန်ကူးသူပါရှိရမယ်။
(၄)လူကုန်ကူးသူကို ဥပဒေအရ အရေးယူနိုင်ဖို့ အတွက်လူကုန်ကူးခံရသူဟာ အစိုးရ သက်သေအဖြစ်အနည်း
ဆုံး ၆လခန့် သက်ဆိုင်ရာအာဏာပိုင်များစီစဉ်ပေးတဲ့စခန်းမှာအပြင်မထွက်ရ၊ ၀င်ငွေမရှိနေထိုင်ရမယ်။
(၆) နောက်ဆုံးတော့ တရားမ၀င် ၀င်ရောက်လာမှုနဲ့နယ်စပ်သို့ ပြန်လည်ပို့ ဆောင်ခြင်းခံရမှာဖြစ်တယ်။
ဒါကြောင့် ထိုင်းအခြေစိုက် အင်ဂျီအိုအဖွဲ့ ကြီးတစ်ခုကပြောဖူးတယ်၊လူကုန်ကူးမှုကို သူတို့မလုပ်လိုကြောင်း
ဘာကြောင့်လဲဆိုတော့ လူကုန်ကူးခံရသူရဲ့ဆုံးရှုံးနစ်နာမှုကအရမ်းများတယ်။ကိုယ်ကယ်တင်တဲ့လူတွေကို
ထောင်ချပြီးတရားမ၀င်မှုနဲ့နယ်စပ်ကိုပြန်ပို့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
**အမိမဲ့သားရေနည်းငါး**
မြန်မာတွေ၊ဖမာတွေကို သတ်မလား၊နှိပ်စက်မလား၊ငွေမပေးပဲခိုင်းမလား၊ကြိုက်သလိုလုပ်၊လေယာဉ်ကွင်းရှေ့ လို နေရာမှာ ပစ်သတ်တာတောင် ဘာမှမဖြစ်ဘူးလေ။ဖေါ်ထုတ်မယ့်လူ၊အရေးယူမယ့်လူရှိမှမရှိတာ။မြန်မာအစိုးရ
က ထိုင်းမှာသန်းချီရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားထုကြီးဟာ တိုင်းပြည်ရဲ့လူသားအရင်းအမြစ်တွေ၊
တိုင်းပြည်ကို သန်းပေါင်းများစွာ ၀င်ငွေရှာပေးနေတဲ့လုပ်အားရှင်တွေလို့ အရှိပကတိအတိုင်းမြင်စေချင်ပါတယ်။
သက်ဆိုင်ရာမြန်မာသံရုံးတွေအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကြားထဲမှာဖြစ်ပေါ်နေတဲ့ဆိုးဝါးတဲ့အနေ
အထားတွေကို လေ့လာသုံးသပ်ပြီး ထိုင်းအာဏာပိုင်တွေကို မေးမြန်းစုံစမ်းတာတွေ၊ ဘယ်မှာဖြစ်ခဲ့တဲ့ပြဿနာဘယ်အဆင့်ရောက်နေပြီလဲလို့ စစ်ဆေးတာတွေ ဂရုစိုက်တာတွေလုပ်လာခဲ့မယ်ဆိုရင် ထိုင်းတွေဟာ ခုလို
လုပ်ချင်သလိုလုပ်နေတဲ့ လုပ်ရပ်တွေကို အနည်းဆုံးဆင်ခြင်လာနိုင်ပါတယ်။ဥပမာ ဂျပန်နိုင်ငံက ဂျပန်လူမျိုးတစ်ယောက် ထိုင်းဆန္ဒပြပွဲမှာသေသွားတယ်၊ ဂျပန်အစိုးရကိုယ်တိုင်အဖွဲ့ ဖွဲ့ ပြီးတော့ စုံစမ်းစစ်ဆေးမှုပြုလုပ်ပါတယ်။
ဒီလို မိမိတိုင်းသူပြည်သားများအရေးကိစ္စဖြစ်ပေါ်လာလျှင့် အစိုးရအနေဖြင့်မေးမြန်းစုံစမ်းလာရင် အစိုးရပိုင်း
ဆိုင်ရာတွေ ကမျက်နှာပျက်စရဖြစ်မှာစိုးလို့ အရေးယူဖေါ်ထုတ်လာမှာဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒီရွှေ့
ပြောင်းအလုပ်သမားတွေကို ရင်ခွင့်ထဲကသားသမီးလိုသဘောထားပြီး အလေးဂရုပြုလာရင်တော့ ဒီလုပ်ရပ်
တွေဟာ လုံးဝလျှော့နည်းပပျောက်သွားမယ်လို့ ယူဆပါတယ်။
**အကောင်အထည်ဖေါ်နိုင်ဖို့ အကြံပြုခြင်း**
ထိုင်းမှာအခြေစိုက်တဲ့ မြန်မာအဖွဲ့ အစည်းတွေ ကိုယ့်လူမျိုးတွေအရေးမို့လုပ်မယ်လို့ ကြိုးစားတဲ့အခါ----
(၁)လူကုန်ကူးသူနဲ့လူကုန်ကူးခံရသူတွေနဲ့ ပါတ်သက်တဲ့ဓါတ်ပုံတို့ ဗွီဒီယို တို့ ရရှိဖို့ဆိုတာ အတော်ခက်ပါတယ်။
စွန့်စား ပြီးမှ ရရှိနိုင်မှာဖြစ်တယ်။ ခိုင်မာတိကျတဲ့အချက်အလက်တွေရရှိဖို့ မှတ်တမ်းရအောင် လုပ်ဖို့အတွက်
ထောက်ကူ ပစ္စည်း ကယ်မရာရှိဖို့လိုတယ်။ အထူးအရေးကြီးဆုံးက အချက်အလက်တွေစုဆောင်စဉ် မမျှော်လင့်ပဲအာဏာပိုင်တွေ၊ လူကုန်ကူးသူတွေသိရှိ သွားလို့ဖမ်းဆီးနှောက်ယှက်ခံရတဲ့အခါလုံလောက်တဲ့ကြောထောက်
နောက်ခံအကာအကွယ် လိုပါတယ်။အချိန်မရွေးသတ်ဖြတ်ခံရနိုင်ပါတယ်။စရိတ်စကများကုန်ကျပါမယ်။
(၂)အသိစိတ်ဓါတ်အပြည့်နဲ့ လိုက်လံပြသသူတွေအတွက် အတိုင်းအတာတစ်ခုထိ မြှောက်စားချီမြှင့်ဖို့လိုအပ်ပါမယ်။လိုအပ်တဲ့ကာကွယ်မှုရှိရပါမယ်။(နေထိုင်အလုပ်လုပ်ကိုင်ခွင့်တရားဝင်လုပ်
ပေးခြင်းစသည်)
(၃) လူကုန်ကူးခံရသူတွေ ကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်များလုပ်ပေးပြီး ၄င်းတို့ ခံစားခဲ့ရတဲ့ မလုံခြုံတဲ့ဘဝ
တွေကို အစားထိုးပြီး ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ခွင့်ပြုသင့်ပါတယ်။
(၄)လူကုန်ကူးခံရသူများကို ဥပဒေအရ အရေးယူနိုင်ဖို့ အစိုးရ သက်သေတွေအဖြစ် စောင့်ဆိုင်းနေရလို့
ကြာနေတဲ့အချိန်တွေအတွက် နေ့ တွက်ခများပေးချေသင့်ပါတယ်။
(၅)လူကုန်ကူးဂိုဏ်းတို့သည် ၄င်းလုပ်ငန်းစဉ်အတွင်း ပတ်သက်ဆက်နွယ်သူဟူသမျှတို့အားသင့်တော်
သည့်အကျိုးခံစားနုန်းထားများ သတ်မှတ်ထားချက်ရှိသကဲ့သို့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များအနေ
ဖြင့်လည်းပူးပေါင်းပါဝင်သူများကိုသင့်တော်သည့်ရပိုင်ခွင့်များအား ထောက်ပံ့ပေးကမ်းပြီးနွေးထွေးစွာ၊ထိ
ရောက်စွာဆောင်ရွက်သင့်တယ်။နဂိုမူလ ဥခွံဟောင်းထဲမှ ဖေါက်ထွက်စဉ်းစားပြီးလုပ်ငန်းစဉ်သစ်တွေချ
မှတ်ပြီးထိထိရောက်ရောက် လုပ်ကိုင်သင့်ပါတယ်။
ခက်ခဲတဲ့အလုပ်၊စွန့် စားရတယ်အလုပ်ဖြစ်တယ်ဆိုတာမှန်တယ်။ဝီရီယစိုက်ထုတ်မှုကလုံးဝမရှိတာကအထူး
စိတ်ပျက်ဖို့ ကောင်းပါတယ်။အမှောင်ထဲက ဥပဒေအပြင်ဘက်က လူတွေကိုသယ်ယူ ရောင်းဝယ်ရောင်းနေ
တာ ကသိန်းသန်းချီတဲ့လူတွေကို လူကုန်ကူးခဲ့ကြပြီးဖြစ်တယ်။ ဥပဒေအတွင်းက အလင်းက လူကုန်ကူးမှု
တိုက်ဖျက်ရမယ့် အစိုးရတွေက ဘာကြောင့် ဒီကိစ္စကို မနှိမ်နင်းနိုင်တာလဲ။စဉ်းစားသင့်တယ်။ရှက်သင့်တယ်။
**ကျနော်နဲ့ ဆုံဖူးတဲ့လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များ**
နေ့စဉ်နေ့တိုင်း နယ်စပ်နဲ့ ထိုင်းနိုင်ငံအတွင်းက အလုပ်သမားကိစ္စတွေလုပ်ကိုင်ရင်း၊ဘလော့တွေမှာ သတင်း
တွေရေးရင်း လူကုန်ကူးမှုတွေ၊ကလေးအလုပ်သမားကိစ္စ တွေကို အတော်များများသိနေရတယ်။ ဒီလိုသိလာ
တော့ မိမိမှာရှိတဲ့ အသိမိတ်ဆွေတွေနဲ့ စုပေါင်းပြီးတော့ အချက်အလက်တွေအတိအကျရဖို့အတော်ပင်ပင်
ပန်းပန်းကြိုးစားကြရပါတယ်။
အထက်ကပြောခဲ့သလို အထောက်အထားအပြည့်အစုံပြရုံမက လူကုန်ကူးသူ နေအိမ်ကို လိုက်လံပြသနိုင်တဲ့
လူကုန်ကူးခံရာက လွတ်မြောက်လာသူကိုယ်တိုင်အဆင်သင့်ဖြစ်နေတာကို လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ ဆိုတဲ့နာမည်ခံအဖွဲ့ကလူတွေကခုထက်ထိတော့ဖမ်းဆီးအရေးယူခြင်းမရှိသေးပါဘူး။ကျနော်သိထားတဲ့
လူကုန်ကူးခံရမှုတစ်ခုနှစ်ခုတောင်မှအကောင်အထည်မပေါ်နိုင်ရင်ကျနော်မသိတဲ့၊အချက်အလက်မပြည့်စုံတဲ့၊
ထောင်သောင်းချီတဲ့ ရောင်းစားခံမြန်မာတွေရဲ့အခြေအနေတွေကို မတွေးမိအောင်ထိတ်လန့် တုန်လှုပ်မိပါတယ်။
**နှစ်ဖက်ကို မျှတစဉ်းစားကြည့်သော်**
အဲဒီ Human Right (လူ့အခွင့်အရေးအဖွဲ့တွေ) Human Trafficking (လူကုန်ကူးမှုအဖွဲ့တွေ)က
ထိုင်းဥပဒေအတိုင်းပဲလုပ်နိုင်မှာဖြစ်တယ်။(အချုပ်အခြာအာဏာ ဆိုတာ ရှိသေးတယ်)
ကျနော်တို့မြန်မာအချင်းချင်း ကယ်တင်ချင်တယ်။ ဥပဒေအတိုင်းလည်းဘောင်ဝင်ချင်တယ်။ဒါကြောင့် ပွဲစားအိမ်မှာ လူကုန်ကူးခံရသူတွေရှိနေတာကို သိရှိအောင် ဘယ်လိုစောင့်ကြည့်နေမလဲ။ လှုပ်ရှားမှုစောင့်ဆိုင်းပြီးဖမ်းဆီးအရေးယူမယ့်ထိုင်းအာဏာပိုင်အဖွဲ့အစည်းတွေကအဆင်သင့်ဖြစ်နေပါ့မလား။
နောက်တစ်ချက်က ဒီလူကုန်ကူးမှုတွေမှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်မှု ဘယ်လောက်ရှိနေသလဲ။
အာဏာပိုင်တွေမျက်ကွယ်မပြုပဲ လူကိုရောင်းစားဖို့ လူကုန်ကူးဖို့ ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စရပ်ဖြစ်တယ်။
စုံစမ်း သိရှိချက်တွေအရဆိုရင် ဒီလူကုန်ကူးမှုလုပ်ငန်းကို ဒေသတွင်းသြဇာရှိသူ၊ငွေကြေးချမ်သာသူတွေနဲ့ 
အာဏာပိုင် တွေ ပူးပေါင်းလုပ်ကိုင်နေကြတာမို့ သတင်းအချက်အလက်စုဆောင်သူတွေတောင် မ၀ံ့မရဲဖြစ်နေ
ကြရတယ်ဆို တာပါပဲ။နေ့စဉ်မဲဆောက်၊ရနောင်းဘက်က ရာချီပြီး ထိုင်းနိုင်ငံထဲကို ၀င်လာနေကြတယ်။
ကိုယ်ဖျောက်လာတာ မဟုတ်ဘူးလေ။လူတွေကိုထုတ်ပိုးပြီးသယ်ယူလာလို့ရတာမဟုတ်ဘူးလေ။

**ဗြောင်ကျကျလူကုန်ကူးနေရာ**
အချောင်ဆိုတဲ့လှေဆိပ်မှာ ရှိသမျှ လှေသမားတိုင်း ဟာ ပုံစံအမျိုးမျိုးနဲ့ ရောင်းစားခံနေရသူတွေဖြစ်တယ်လို့ ဆိုတယ်။စမေးစံတို့ ခြုံဘူရီတို့ မဟာချိုင်တို့၊မဲခေါင်တို့ မှာလည်းရောင်းစားခံနေရတဲ့မြန်မာလှေလုပ်သားတွေ အများကြီးရှိတယ်။မြ၀တီမဲဆောက်နဲ့ ကော့သောင်း ရနောင်းတွေမှာ နယ်မြေခံအာဏာပိုင်တွေနဲ့ပူးပေါင်းပြီး လုပ်နေကြတာပဲ။လူတန်းရှည်ကြီးတွေ ထိုင်းနိုင်ငံထဲကို နေ့တိုင်းဝင်ရောက်နေတာပဲ။သွားလိုတဲ့ နေရာကို နှစ်ဦးသဘောတူဈေးသတ်မှတ်ပြီးသွားလာကြတာကိုဘာမှမပြောစရာမရှိပေမယ့် သွားလိုတဲ့နေရာကို ငွေပေးပြီးဖြစ်ပေမယ့် လှေပေါ်ကို ကာယကံရှင်သဘောမတူပဲ ရက်ရက်စက်စက်ရောင်းချလိုက်တာတွေကတော့လူမဆန်
တဲ့လုပ်ရပ်တွေဖြစ်ပါတယ်။ငါးဖမ်းလှေကို ရောင်းတာက လူကုန်ကူးသူတွေအတွက်ငွေပိုမိုရရှိပါတယ်။
ရောင်းစားခံထားရတဲ့ဆွေမျိုးသားချင်းတွေကိုဆက်သွယ်လာရင် လိုအပ်တဲ့အချက်အလက်အလက်တွေကို
စုဆောင်းထားဖို့  ဘာတွေလိုအပ်တယ်ဆိုတာကို လူကုန်ကူးမှုကို တကယ် လုပ်နေတဲ့အဖွဲ့ အစည်းတွေ ကို ဆက်သွယ်မေးမြန်းဆောင်ရွက်ဖို့လိုပါတယ်။နယ်စပ်ကိုရောက်ရှိလာပြီး ထိုင်းနိုင် ငံအတွင်း ကို ပို့ တောမယ်
ဆိုရင် ပို့မယ့်လူရော ထည့်လိုက်မယ့် လူကုန်ကူးသူ(ပွဲစားများ)ရဲ့ဓါတ်ပုံများကိုပါ ရိုက်ကူးထား သင့်ပါတယ်။ ပွဲစားတွေရဲ့နေထိုင်လုပ်ကိုင်တဲ့ဂွင်နေရာတွေကိုသိရှိထားဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးကာကွယ်နည်းတွေကိုရှာကြံပြီးတော့မှမိမိတို့ မိသားစုကို လူကုန်ကူးသူများလက်ထဲသို့ အပ်သင့် ကြောင်း အကြံပြုလိုပါတယ်။အကြောင်း
ကတော့ လူကုန်ကူးခံရသူများပြန်လည်လွတ်မြောက်လာဖို့ဆိုဒါ မျှော်လင့်ချက်လုံးဝနည်းနေလို့ဖြစ်ပါတယ်။
မြန်မာအစိုးရကိုအကြံပြုချင်တာရှိပါတယ်။ပြည်တွင်းမှာအလုပ်အကိုင်အခွင့်အလမ်းအထူးနည်းပါးတာကြောင့်
အရွယ်ရောက်ပြီးသူတိုင်း အလုပ်လုပ်နိုင်သူတိုင်း ထိုင်းနိုင်ငံကိုထွက်ခွာလာနေတာကို ဘယ်လို မှတားမြစ်ပိတ်
ပိတ်ပင်လို့မရနိုင်ပါ။အလုပ်လုပ်နိုင်သူပေါင်း သုံးသန်းထက်မနည်း ထိုင်းနိုင်ငံအတွင်းကိုရောက်ရှိနေပြီးဖြစ်ပါ
တယ်။ဒီလူတွေကို လွယ်ကူ သက်သာတဲ့ တရားဝင်စာရွက်စာတမ်းများလုပ်ကိုင်ပေးသင့်ပါတယ်။ပြည်တွင်းမှ
ပြည်ပသို့ ထွက်ခွာလိုတဲ့ အလုပ်သမားတွေကိုလည်း အသက်သာဆုံး အလွယ်ကူဆုံးနဲ့ အမြန်ဆန်ဆုံး ပြည်ပ
ထွက်ခွာ အလုပ်လုပ်ကိုင်ခွင့် လုပ်ပေးသင့်ပါတယ်။
ဥပမာ။ ။ထိုင်းလူမျိုးတွေဟာ ပြည်ပနိုင်ငံကို အစိုးရဆီမှာအကြောင်းကြားစရာမလိုပဲ လေယာဉ်လက်မှတ် ၀ယ်
ပြီး ထွက်သွားရုံးပဲဖြစ်ပါတယ်။ ပြည်ပကိုထွက်ခွာအလုပ်လုပ်လိုတဲ့ ထိုင်းနိုင်ငံသားတစ်ယောက်ဟာ ဘတ် ၂၀၀၀၀ အောက်(ကျပ်ငွေခြောက်သိန်းဝန်းကျင်)ဆိုရင် တကမ္ဘာလုံးကိုထွက်ခွာခွင့်ရရှိသွားပြီးဖြစ်ပါတယ်။
အကျဉ်းအကြပ်ထဲက ရုန်းထွက်လိုကြတဲ့ မြန်မာနိုင်ငံသားတွေဟာ မြန်မာအစိုးရထံမှာ မြန်ကောင်းသက်သာ
ပြည်ပထွက်ခွာခွင့်ကို မရနိုင်တာကိုသိကြတာကြောင့် ပွဲစား(လူကုန်ကူးသူတွေ)နဲ့ထိုင်းနိုင်ငံအတွင်းကို ၀င်
ရောက်လာခဲ့ကြပါတယ်။တစ်ခွန်းတည်းသောစကားကိုပြောရရင် လွယ်အောင်လုပ်မပေးပဲခက်ခဲကြန့်ကြာ
ကုန်ကျမှု များအောင်လုပ်နေတဲ့ မြန်မာအစိုးရရဲ့မူဝဒ လက်ဟောင်းတွေကြောင့်ဖြစ်ပါတယ်။
ထိုင်းအာဏာပိုင်တွေ၊လူကုန်ကူးဂိုဏ်တွေ နဲ့ ထိုင်း/မြန်မာပွဲစားတွေက မြန်မာတွေကို ဘာပဲလုပ်လုပ် မြန်မာ
အစိုးရက တစ်ခါတစ်ရံတောင် ဂရုတစိုက် စုံစမ်းစစ်ဆေးအပြစ်ပေးအရေးယူ၊ကုညီဆောင်ရွက်ခြင်းမရှိ ဆိုတာ
သိကြတာကြောင့် မြန်မာတွေကို ရောင်းချင်တိုင်းရောင်းပြီးကျွန်ပြုချင်းတိုင်းပြုနေကြတာဖြစ်ပါတယ်။
အထူးပြုပြောကြားချင်တာက ခုထိုင်းနိုင်ငံမှာ မြန်မာအစိုးရ ထုတ်ပေးတဲ့ယာယီပတ်စပို့ အတုပေါ်နေပြီးဖြစ် ပါတယ်။ယာယီပတ်စပို့ကုမ္ပဏီတွေကြောင့် မြန်မာအလုပ်သမားတွေ ငွေကြေးဆုံးရှုံးတာတွေနဲ့ နေထိုင်ခွင့် သက်တမ်းကုန်ဆုံးသွားသူတွေရှိပါတယ်။ဒီအရေးကိစ္စတွေကို ထိုင်းအစိုးရရော မြန်မာအစိုးရပါ ယနေ့ အထိ အရေးယူဆောင်ရွက်ခြင်းလုံးဝမရှိသေးပါ။
**ကျော်သောင်း**

No comments:
Post a Comment