**စိတ်အစဉ်ဟာ အိမ်ယာက လွင့်သွားတဲ့ အဝေးလူထံကိုမှ
အတိတ်လွင်ပြင်မှာ ကျိန်စာသင့်ထားခဲ့ အတွေးပူတွေ ရောက်လာတယ်....။
**သမ္မာ အာဇီဝနဲ့ ရုန်းကန်တဲ့ဘ၀ဆိုတာ
မကြာမကြာ အားအင်တွေ ကုန်ဆုံးသွားခဲ့ တစ်ခါသုံး ဓာတ်ခဲ မဟုတ်ပေမဲ့
တခါတခါ မကြာခဏ တညလုံး ငိုချည်းရှည်ချရစဲ ဇာတ်ပွဲဖြစ်တယ်..။
**တိုတောင်းတဲ့ ဘ၀ရဲ့ ရှည်ရှည်လျားလျား အဝေးပြေးလမ်းပေါ်မှာ
မနီးမဝေး ငြိမ်းချမ်းရေးနဲ့ ယုံကြည်ချက်တွေ လိုက်တမ်းပြေးတမ်း ကစားရင်း
မျက်နှာချင်းဆိုင်လာနေတဲ့ စစ် မုန်တိုင်းနဲ့ မလွှဲမရှောင်သာ တဲ့တဲ့တိုးတယ်..။
**မုန်တိုင်းက ကောင်းကင်မှာ လမ်းလျှောက် ၊
ဆူနာမီ ရေပြင်အောက် ရေကူးလေ့ကျင့်
ငလျင်တွေ မြေပြင်ထက် မာရသွန် စံချိန်သစ်တင်
လူရမ်းကားတွေ ယမ်းငွေ့နဲ့ ပျော်ပါး
ဆူနာမီ ၊ ကဒါဖီ ၊ ဟေတီ ငလျင် ၊ စစ်အာဏာရှင်
မကောင်းဆိုးဝါးတွေက ဟာမိုနီကျကျ ဟန်ချက်ညီညီ
အသက်နဲ့ မျက်ရည်ကို တစစီ ခြွေယူတယ်......။
**ငါးမျှားချိတ်ကို မြင်လျက် အစာဟပ်လိုက်တဲ့ ငါးတစ်ကောင်လို
စီးပွားပျက် မြို့ပြ မှာ ချို့တဲ့လူသားတချို့ ပြည့်တန်ဆာလို ၀မ်းစာအတွက် စာရိတ္တမဲ့ပွေ့ဖက်
ကျားနာတစ်ကောင်က သူ့ဒဏ်ရာကို သူ့လျှာနဲ့လျက် နိုင်ပေမဲ့
ဖြတ်လေးဖြတ်နဲ့နာတာရှည် ဆင်းရဲကျေးလက် လျှာဖြတ်ခံထားရတဲ့ဒုက္ခိတလို ....။

**ကမ္ဘာရဲ့ အမွေရ ၊ အမှောင်ညချင်း အတူတူ
လူပျင်းများက ခိုးရာပါ ပစ္စည်းတွေနဲ့ အရောင်တောက်ပနေကြတယ်..။
**ခေတ်ပျက်ကို မျက်ကွယ်ပြု ပြီး ၊ခုမြင် ခုကြိုက် ခေတ်သစ်လူပျိုအပျိုတွေလို
အခုမှတက်လာတဲ့ ၀န်ကြီးများက ရှိနှင့်ပြီးသား လာဘ်လာဘတွေကို ကြိုက်ကျပြန်တယ်...။
**လူစားထိုးပြီးရောက်လာတဲ့ ဒုက္ခသည်လို
ကုလသမ္မဂ္ဂ ကိုယ်တိုင်က ဘ၀စစ် ဘ၀မှန်ကို နားမလည်ဘူး ။
**ငါတို့တွေဟာ မွေးရာပါတောင်ပံမဲ့ ငှက်တွေ မဟုတ်လေတော့
ရောက်တဲ့အရပ်မှာ ယုံကြည်ချက်ကို မြင့်မြင့်ပျံဖို့ အားထုတ်ရမယ်...။
**အောင်ခိုင်မြင့် **

No comments:
Post a Comment