တစ်နေ့တွင် လယ်သမားတစ်ဦး၏ နွားတစ်ကောင်သည် ရေတွင်းပျက်တစ်ခုထဲသို့ မတော်တဆ ပြုတ်ကျသွားလေသည်။ လယ်သမားမှာ အကြံအမျိုးမျိုးထုတ်၍ နွားအားနည်းမျိုးစုံဖြင့် တွင်းထဲက ရအောင်ထုတ်သည်။ သို့သော် အချိန်တွေသာကုန် ကုန်သွားပြီး အရာမမြောက်ခဲ့ပေ။ နွားမှာတွင်းထဲတွင် နာကျင်လွန်း၍ အော်မြည် နေတော့သည်။ နောက်ဆုံးတွင် လယ်သမားသည် နွားမှာ အိုနေပြီဖြစ်သောကြောင့် ကယ်တင်ဖို့ လက်လွှတ်ရန် ဆုံးဖြတ်လိုက်သည်။
လယ်သမားမှာ နာကျင်၍အော်နေသော နွားကို မကြည့်ရက်သောကြောင့် ရေတွင်းပျက်ထဲတွင် အရှင်လတ်လတ် မြေမြုပ်ရန် ဆုံးဖြတ်လိုက်သည်။ လယ်သမားသည် ရွာထဲမှ လူများကိုခေါ်ပြီး ရေတွင်းပျက်ထဲရှိ နွားအိုအား မြေစဖို့သည်။ နွားမှာ ကြောက်ရွံ့ထိန့်လန့်စွာ အော်နေလေသည်။ သို့သော် တစ်အောင့်အကြာတွင် တွင်းထဲမှ နွားအို၏အော်သံမှာ တိတ်ဆိတ်သွားလေသည်။ ရွာသားများက အသံတိတ်သွားခြင်းကြောင့် တွင်းထဲသို့ စိတ်ဝင်စားစွာ ငုံ့ကြည့်ကြသည်။ နွားအို၏ ထူးဆန်းသော လုပ်ရပ်သည် လူများကို အံ့သြစေခဲ့သည်။ နွားအိုမှာ မိမိကိုယ်ပေါ်ရှိ လူများဖို့ချလိုက်သော မြေကြီးကို ခါချလိုက်သည်။ထို့နောက် ထိုခါချလိုက်သော မြေကြီးပေါ်သို့ ရပ်လိုက်သည်။ ထိုကဲ့သို့ လူများက ဖို့လိုက် နွားက ခါချလိုက်ပြီး ရပ်လိုက်နှင့် တစ်ဖြည်းဖြည်းတွင်းဝသို့ ရောက်လာပြီး နောက်ဆုံးတွင် ရေတွင်းပျက်ထဲမှ အပြင်သို့ လွတ်မြောက်သွားလေတော့သည်။
တကယ်တမ်းဆိုရသော် လူ့ဘ၀တွင် ကြုံဆုံနေရသော ဒုက္ခအခက်အခဲများ၊ စိတ်ညစ်ဝမ်းနည်းဖွယ်ရာများသည် နွား၏ကိုယ်ပေါ်သို့ ဖို့ချလိုက်သော မြေကြီးများ ပင်ဖြစ်သည်။ တစ်ခြားရူထောင့်က ကြည့်လျှင် ထိုဒုက္ခ အခက်အခဲများသည် အောင်မြင်သော လမ်းစအတွက် ဆူးညှောင့်ခလုတ်ပင်ဖြစ်သည်။ ကိုယ်ပေါ်သို့ ရောက်ရှိလာသော ထိုအခက်အခဲများကို မေ့ပျောက်ခါချပြီး ရပ်တည်နိုင်ပါက မည်မျှ နက်သော ရေတွင်းဖြစ်ပါစေ အပေါ်သို့ လွတ်ရုန်းနိုင်မည်ဖြစ်သည်။ အရှင်လတ်လတ် မြေမြုပ်ခံ ရတော့မည့် နွားအိုမှာ အစပထမတွင် ကြောက်ရွံ့စွာ အော်မြည်နေသော်လည်း နောက်ဆုံးတွင် စိတ်ကိုတည်ငြိမ်စွာ ထားပြီး ကျလာသော မြေကြီးများဖြင့် အဖို့မခံဘဲ ဖြတ်ထိုးဥာဏ်ကြောင့် သေဘေးမှ လွတ်မြောက်ခဲ့ရသည်။
လူ့ဘ၀တွင်လည်း အခက်အခဲများ ရင်ဆိုင်လာရပါက စိုးရိမ်ထိတ်လန့်နေမည့် အစား ထိုအခက်အခဲကို မည်သို့ ရင်ဆိုင်ကျော်လွှားနိုင်ရမည်ကို စိတ်ငြိမ်ငြိမ်ထားပြီး စဉ်းစားဆုံးဖြတ်သင့်သည်။ လက်လွတ်ဆုံးရှုံးမည်လား၊ ရှေ့သို့မလျော့သောဇွဲဖြင့် ချီတက်မလား။ ထိုသို့ဆုံးဖြတ်ရာတွင် မိမိစိတ်သည်သာ အဓိကဖြစ်သည်။ မိမိကိုယ်ကို ယုံကြည်မှု၊ မျှော်လင့်ချက်နှင့် တစ်ဦးအပေါ်တစ်ဦး ထားသင့်သော မေတ္တာများသည် ထိုအခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် အတွက် အကောင်းဆုံး ပစ္စည်းကိရိယာများပင်ဖြစ်သည်။
ရေးသားသူ... နိုင်းနိုင်းစနေ

No comments:
Post a Comment