တစ်ခါက လူတစ်ဦးသည် မမျှော်လင့်ဘဲ ပိုးအိမ်တစ်အိမ်ကို တွေ့လေသည်။ ရက်များမကြာမီ ထိုပိုးအိမ်ထိပ်တွင် အပေါက်ငယ်တစ်ပေါက်ကို သူ သတိပြုမိသည်။ ပိုးအိမ်ထဲမှ လိပ်ပြာလေးတစ်ကောင်သည် သူ၏သေးငယ်သော ခန္ဓာကိုယ်ကို အားပြု၍ ထိုအပေါက်မှ အပြင်သို့ရောက်ရှိနိုင်ရန် ကြိုးစားရုန်းကန် နေသည်ကို စိတ်ဝင်စားစွာ သူရပ်ကြည့်နေမိသည်။
သို့သော် အချိန်သာကုန်သွားသည်။ လိပ်ပြာလေးမှာ ကြိုးစား ရုန်းထွက်နေသော်လည်း အရာမရောက်ခဲ့ပေ။ ထိုအခါ ထိုသူမှာ လိပ်ပြာလွယ်ကူစွာ ထွက်လာနိုင်ရန် အပေါက်အား ကပ်ကြေးဖြင့် ညုပ်ပေးလိုက်သည်။ လိပ်ပြာမှာအပြင်သို့ လွယ်ကူစွာ ထွက်လာနိုင်သော်လည်း သူ၏ပုံသဏ္ဍာန်မှာ အခြားလိပ်ပြာ များနှင့် ကွဲပြားနေသည်။ ခန္ဓာကိုယ်မှာ ကြီးထွားနေပြီး တောင်ပံမှာ သေးငယ်နေသည်။ ထိုသူသည် အခြားလိပ်ပြာများနှင့် အသွင်ကွဲနေသော ထိုလိပ်ပြာကို ရပ်ကြည့်နေမိသည်။ လိပ်ပြာ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း သေးသွားပြီး တောင်ပံမှာ တဖြည်းဖြည်း သန်မာလာကာ ပျံသန်းနိုင်မည်ဟု သူထင်ထားသောကြောင့်ဖြစ် သည်။ သို့သော် လိပ်ပြာငယ်မှာ ကြီးမားသော ခန္ဓာကိုယ်နှင့် သေးငယ်သော အတောင်ပံဖြင့် မြေကြီးပေါ်တွင်သာ တွားသွားနေရသည်။ လုံးဝ ပျံသန်းနိုင်ခြင်း မရှိတော့ပေ။

လိပ်ပြာသည် အပြင်သို့ရောက်ရန် ထိုအပေါက်မှ ဖြည်းဖြည်းချင်း အားပြုထွက်ရမည်ကို စိတ်ထားကောင်းသော ထိုသူ မသိခဲ့ပေ။ ထိုသို့ အချိန်ယူရုန်းထွက်မှ လိပ်ပြာ၏ ခန္ဓာကိုယ်ထဲရှိ အရည်များသည် ဖိအားကြောင့် အတောင်ပံသို့ ပျံ့နှံ့သွားမည်ဖြစ်သည်။
ထိုမှ အပြင်သို့ရောက်လျှင် သန်မာသော တောင်ပံတစ်စုံအဖြစ် ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ဤသည်က သဘာဝတရား၏ ထူးဆန်းသော ဖွဲ့စည်းမှုဖြစ်သည်။ လိပ်ပြာလေး ပိုးအိမ်အတွင်းမှ ဖြည်းဖြည်းချင်းအားနှင့် ရုန်းထွက်ခြင်းသည် အပြင်လောကတွင် အားမာန်နှင့် ပျံသန်းနိုင်ရန် ကြိုတင်ပြင်ဆင်မှုဖြစ်သည်။
ဘ၀တွင် ကြိုးစားရုန်းကန်ခြင်းသည် ကျွန်တော်တို့အတွက် ရှိသင့်သည်။ အကယ်၍ လောကကြီးတွင် လုပ်လိုက် သမျှအရာတိုင်း အဆင်ပြေ ချောမွေ့နေလျှင်၊ လိုချင်သမျှ အလွယ်တကူဖြစ်အောင် ဖန်တီးပေးထားလျှင် ကျွန်တော်တို့သည် ကြိုးစားချင်မည် မဟုတ်။ ဘ၀သည် ကြီးပြင်း ရင့်ကျက်လာမည် မဟုတ်ပေ။ အခက်အခဲ၊ ဆုံးရှုံးမှုများကြား ကြိုးစား ရုန်းထွက်ခြင်းသည် ဘ၀၏ အောင်မြင်မှုအတွက် အကောင်းဆုံး အတွေ့အကြုံဖြစ်သည်။
သားသမီးများကို ဆုံးမလမ်းညွှန်ရာတွင် ကျွန်တော်တို့သည် ပိုးအိမ်ကို ညုပ်သောသူအဖြစ် အလွယ်တကူ ရောက်ရှိ သွားနိုင်သည်။
ရေးသားသူ... နိုင်းနိုင်းစနေ

No comments:
Post a Comment