(မကြာမှီ ရက်ပိုင်းအတွင်း သင်္ကြန်ပွဲတော် နွှဲပျော်ကြတော့မယ်။ပိတောက်တွေလည်း ဖူးပွင့်ဘို့ အားယူနေရှာကြရော့မယ်။
တိုက်ဆိုင်စွာပဲ တို့ တိုင်းတို့ ပြည်မှာ ပိတောက်ရာသီဟာ ဂျပန်မှာ ချယ်ရီရာသီနဲ့ ထပ်တူ။ ချယ်ရီပင်တွေ ချယ်ရီပန်းတွေ
အပြိုင်းအရိုင်း သူတို့ နိုင်ငံသားတွေကလည်း အုံနဲ့ ကျင်းနဲ့  ချယ်ရီပင်တွေအောက်မှာ ၀ိုင်းဖွဲ့ စုဝေး စားသောက် ပျော်ပါး
လေတချက်အဝှေ့ မှာ... ချယ်ရီပွင့်ဖတ်လေးတွေက တသဲသဲ လွင့်ပျံ့၊အမြတ်တနိုးကောက်ယူ ရှိုက်မွှေး၊ အဲဒီမြင်ကွင်းဟာ
ပိတောက်ပန်းကို ကမ္ဘာပျက်လောက်အောင် လွမ်းစေခဲ့ပြီ။
အော် .... သူတို့ ချယ်ရီကို မြတ်နိုးပွေ့ ပိုက်ကြသလိုမျိုး ငါတို့ လည်း ပိတောက်ကို ပွေ့ ဖက် မြတ်နိုး တရှိုက်မက်မက် နမ်းရှိုက်
ခွင့်မျိုး ဘယ်တော့များမှ ရနိုင်ပါ့မလဲ.... ကမ္ဘာပျက် အလွမ်းပါပဲ .....။ ဒီနှစ်တော့ ငလျင် ဆူနာမီ ချယ်ရီ ဘယ်လိုများ စခန်းသွား
ကြမှာပါလိမ့်။ချယ်ရီပင်အောက်က ပိတောက်ချစ်သူတယောက်ရဲ့ အတွေး အလွမ်းတွေနဲ့ ကမ္ဘာပျက်လို့ ....။)
“ကမ္ဘာပျက် အလွမ်း”
**လောကပါလ တရားကလေး
မစို့မပို့နဲ့
လှနေတဲ့ ညနေခင်းလေးတခု
ချယ်ရီပွင့်တွေက
အဆုပ်လိုက် အခိုင်လိုက်
အပြိုင်းအရိုင်း ဝေဝေဆာဆာ
ချယ်ရီပင်တွေအောက်မှာ
သောကဒုက္ခများ
အခိုက်အတန့် မေ့လျော့ထားရာ
လူအများ
ချယ်ရီပွင့်ဝေရှု့ ခင်းထဲ
သူတို့ဘဝတွေကို ပစ်တင်ရွက်လွှင့်လို့ ။
**ဒီအချိန်ဆို
တို့တိုင်း တို့ပြေ
တို့ရေ တို့မြေပေါ်မှာ
ပိတောက်တွေ
အဆုပ်လိုက် အခိုင်လိုက်
အပြိုင်းအရိုင်း ဝေဝေဆာဆာ
ဖူးပွင့်လာဘို့ အတွက်
မဝံ့မရဲနဲ့ အားယူနေရှာရော့မယ် ။
**‘စစ်အာဏာရှင်စနစ်အောက်မှာ
အေးမြတဲ့ သင်္ကြန်ရေလည်း
ပြည်သူလူထြုကီးရဲ့  ရင်ထဲကအပူမီးကို
မအေးမြစေနိုင်တော့ဘူး
မှားယွင်းတဲ့စနစ်တခုအပေါ်က
အာဏာကိုရူးသွပ်ဖက်တွယ်ထားသူလူတစုရဲ့
ရိုက်ချက်ကြမ်းကြမ်းအောက်မှာ
ပိတောက်တွေတောင် တထိတ်တလန့့််နဲ့ဖူးပွင့်ရ
ခလေးသူငယ်များတောင်မှ
အကြောက်တရားနဲ့ကြီးပြင်းရ
ကျောင်းသားလူငယ်များတောင်မှ
မျိုးဆက်လိုက် စနစ်တကျဖျက်ဆီးခံနေရ
တို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား ’
**ချယ်ရီပင်အောက်က
ပိတောက်ချစ်သူတယောက်ရဲ့အတွေး
အလွမ်းတွေနဲ့ ကမ္ဘာပျက်လို့ ။
**ရဲရင့်သက်ဇွဲ**

No comments:
Post a Comment