တစ်ခါက သူတောင်းစား နှစ်ယောက်သည် သူဌေးတစ်ဦး၏ အိမ်တစ်အိမ်တွင် အမြဲတမ်း သွားရောက် တောင်းရမ်းသည်။ သူဌေးကလည်း အမြဲတမ်း ငွေအကြွေ တစ်ချို့ကို စွန့်ကျဲတတ်သည်။ ငွေအကြွေကို လက်ခံရရှိပြီးနောက် အရပ်ရှည်သော သူတောင်းစားက “ကျွန်တော်တို့ကို ပေးကမ်းတဲ့ အတွက်ကြောင့် သူဌေးမင်း ကျန်းမာပါစေ၊ အသက်ရာကျော် ရှည်ပါစေ၊ ကျေးဇူးတင်ပါတယ် သူဌေးမင်း” ဟု အမြဲပြောသည်။ အခြားပုသော သူတောင်းစားကမှု “ကျေးဇူးတင်ပါတယ် ဘုရားသခင်” ဟုအမြဲပြောသည်။
နေ့တိုင်း သူဌေးက ပေးကမ်း စွန့်ကျဲတိုင်း သူတောင်းစား နှစ်ယောက်မှာ ထိုကဲ့သို့ ပြောပြီးထွက်ခွာ သွားမြဲဖြစ်သည်။ ကြာသော် မတူညီသော သူတို့၏ ကျေးဇူးတင် စကားကို သူဌေးက သတိပြုမိသည်။
“ပေးကမ်း စွန့်ကျဲတဲ့လူဟာ ငါပဲ၊ ဘာကြောင့် ဟိုသူတောင်းစားက ငါ့ကို ကျေးဇူးမတင်ဘဲ ဘုရားသခင်ကို ကျေးဇူးတင် နေရတာလဲ။ သူ ကျေးဇူး တင်သင့်တဲ့ လူဟာငါ ဖြစ်ကြောင့် သူ့ကို သင်္ခန်းစာ ပြရမယ်” ဟု ကြားဖန်များသော်သူဌေးက ထိုသို့ တွေးမိသည်။
ထိုနောက် သူဌေးသည် ပေါင်မုန့်ဆိုင်တွင် အရွယ်တူ ပေါင်မုန့်နှစ်လုံးကို ၀ယ်ယူခဲ့သည်။ ပေါင်မုန့်တစ်လုံးကို အတွင်းသားများ ဖောက်ပြီး အဖိုးတန် ရတနာအချို့ကို ထည့်လိုက်သည်။ သူတောင်းစားနှစ်ဦး လာရောက် တောင်းရမ်းသောအခါတွင် ရတနာ ထည့်ထားသော ပေါင်မုန့်ကို အရပ်ရှည်သော သူတောင်းစားအား ပေးပြီး ရိုး
ရိုးတစ်လုံးကို ပုသောတစ်ယောက်အား ပေးလိုက်သည်။

စိတ်ထဲမှာလည်း....
“ငါ့ကို ကျေးဇူးတင်တာနဲ့ ဘုရားသခင်ကို ကျေးဇူးတင်တာ ဘယ်လိုကွာတယ်ဆိုတာ သိပြီမဟုတ်လား” ဟု ရေရွတ်လိုက်သည်။
အရပ်ရှည်သော သူတောင်းစားမှာ ပေါင်မုန့်ကို ရပြီးနောက် “ ဒီပေါင်မုန့်ဟာ လေးနေတယ်။ ဂျုံ ဖောက်ထားတာ မကောင်းလို့ဖြစ်မယ် စားလို့ကောင်းမယ် မထင်ဘူး၊ သူ့ဟာနဲ့ လဲလိုက်မယ်” ဟု တွေးမိသည်။ ထိုနောက် သူ၏ ပေါင်မုန့်အား အရပ်ပုသော တစ်ယောက်နှင့် လဲလိုက်သည်။ ပုသောသူတောင်းစားလည်း “ဒါဟာ ဘုရားသခင်ရဲ့ စီမံချက်ပဲ ဖြစ်ရမယ်” ဟုတွေးမိပြီး လဲပေးလိုက်သည်။
နောက်တစ်နေ့တွင် အရပ်ပုသော သူတောင်းစားမှာ အတောင်းအရမ်း မထွက်တော့ဘဲ ဘုရားသခင်၏ ကျေးဇူးကြောင့် ရတနာများကို ပိုင်ဆိုင်သွားရသည်။ သူဌေးမင်းမှာ ရှည်သော သူတောင်းစားကို မြင်သော် တအံတသြဖြင့် မေးလေသည်။
“ ပေါင်မုန့်ကို စားပစ်လိုက်ပြီလား”
“စားပစ်လိုက်ပါပြီ”
“ပေါင်မုန့်ထဲက ရတနာတွေရော”
“ရတနာတွေ....ဂျုံဖောက်ထားတာ မကောင်းဘူးထင်လို့ ဟိုတစ်ယောက်နဲ့ လဲစားလိုက်တယ်” ထိုအခါမှ သူတောင်းစားက ပေါင်မုန့်လေးရခြင်း၏ အကြောင်းရင်းကိုသိလေသည်။
သူဌေးမင်းကလည်း ကိုယ့်ကိုကျေးဇူးတင်ခြင်းနှင့် ဘုရားသခင်ကို ကျေးဇူးတင်ခြင်း၏ ခြားနားပုံကို သိလိုက်ရသည်။ သူ့ကိုကျေးဇူးတင်ခြင်းမှာ ဥစ္စာပစ္စည်းကို ပိုလိုချင်၍ ဖြစ်ပြီး ဘုရားသခင်ကို ကျေးဇူးတင်ခြင်းမှာ ရသင့်ရထိုက်သော အရာကို ရလိုက်သောကြောင့် ဖြစ်သည်။
ရေးသားသူ... နိုင်းနိုင်းစနေ

No comments:
Post a Comment