**တရားမ၀င် ရှုပ်ထွေးတဲ့ အဖြစ်အပျက်များက
ဘုရားသခင်ကိုတောင် တုပ်ကွေးဖြစ်ပြီး ဖျားစေနိုင်တယ်..။
**အခုတကယ် ငြီးတွားရတဲ့ အကောက်ကြံ အဆိုးမြင်အပျက်များက
ထုထည် ကြီးမားခဲ့ ဖောက်ပြန်မှုထဲ တိုးဝင်စဲ ခက်သားလားကွယ်..။
**ကားပျက်များက တံတားပျက်တွေကို
အဝေးကနေ စိမ့်စိမ့်ကြီး စိုက်ကြည့်နေချိန်
ဗိုင်းလ်ရပ်စ်ပိုးတွေက ဗွီအိုင်ပီ ( VIP ) များလို
ရှေ့ဆုံးတန်းမှာ ကိုယ်ကိုကိုယ် အမိန့်ပေးပြီး မိန့်မိန့်ကြီးထိုင်နေတယ်...။
**စာရင်းဇယားအတု တွေကို
သတင်းအမှားများနဲ့ ရောမွှေ ဖောက်လုပ်ထားတဲ့ ပန်းတိုင်
ဖမ်းဆုပ်ကိုင်လို့မရတဲ့ ရည်ရွယ်ချက်များ ယိမ်းယိုင်
အမျိုးဂုဏ်တွေ ကိုယ်ကျိုးနဲ လမ်းလွဲနေတယ် ၊
အဆိုးအပုပ်တွေ ကျဆင်းဖို့
ကံကြမ္မာကို ၀မ်းနုပ်ရဦးမယ်......။
**နောက်ကျိနေတဲ့ ရေပြင်မှာ
အရိပ်မထင်သလိုမျိုး
အနာဂတ်ပျောက်ကို ရှာရင်း
မျိုးဆက်တွေ ဖိနပ်ပေါက်ကုန်ပြီ ။

**မိဘနဲ့သားသမီးတွေ ပြန်လည်တွေ့ဆုံခွင့်မပေးပဲ
သေကွဲ ရှင်ကွဲဖြစ်အောင်လုပ်တာ
ဘုရားသခင်လား....?
စစ်အာဏာရှင်လား....?
မရေရာခြင်းကို အသေအချာစဉ်းစား နေတယ်...။
**ဖြီးဖျန်းထားတဲ့ တမာလိုခါးခါး စကားလုံးတွေက
ခေါင်းဖီးမထားတဲ့ အမှန်တရားလို သေသေသပ်သပ် မရှိ
ဖြူစဉ်တဲ့ ငယ်ဘ၀ကို ပြန်မရနိုင်ပေမဲ့
ငယ်စဉ်က ရိုးသားခြင်းတွေ ပြန်လည်တူးဖော်တွေ့ရှိနိုင်ကြောင်း
သေခါနီး ဖောက်ပြန်သူများအား သတင်းကောင်းပါးလိုက်ပါတယ်...။
**အောင်ခိုင်မြင့်**
/span>

No comments:
Post a Comment