*Public Health**
တစ်နေ့လျှင် ကော်ဖီလေးခွက် သောက်သုံးခြင်း အားဖြင့် နှလုံးရောဂါ ဖြစ်ပွားမှုကို အကာအကွယ် ပေးနိုင်ဖွယ်ရှိသည်ဟု သိပ္ပံပညာရှင်တို့က ထုတ်ဖော် ပြောကြားခဲ့သည်။ ယခင်က ယုံကြည်ထားချက်အရ ကော်ဖီ သောက်သုံးခြင်းကြောင့် ရင်တုန်ပန်းတုန် ဖြစ်ကာ နှလုံးရောဂါ ဝေဒနာကို ဖြစ်ပွားစေသည်ဟု ဆိုသော်လည်း သိပ္ပံပညာရှင်တို့၏ လေ့လာ ဆန်းစစ်မှုတွင် ကော်ဖီကို သင့်တင့်မျှတစွာ သောက်သုံးခြင်းက နှလုံးရောဂါ ဖြစ်ပွားမည့် ဘေးဥပဒ်ကို လျော့နည်း ကျဆင်းစေဖွယ်ရှိသည်ဟု ညွှန်ပြခဲ့ကြသည်။
သိပ္ပံပညာရှင်တို့က တစ်နေ့လျှင် ကော်ဖီလေးခွက်နှင့်အထက် သောက်သုံးသော အမျိုးသားနှင့် အမျိုးသမီး ၁၃၀၀၀၀ တို့အား လေ့လာဆန်းစစ်ကြည့်ရာတွင် နှလုံးရောဂါ ဖြစ်ပွားမှု ဘေးဥပဒ်မှ ၁၈ ရာခိုင်နှုန်း လျော့နည်းစေသည်ကို တွေ့ရှိခဲ့ကြရသည်။ ၎င်းတို့ထဲတွင် ကော်ဖီတစ်ခွက်မှ သုံးခွက်ကြား သောက်သုံးသူများမှာ နှလုံးရောဂါ ဖြစ်ပွားမည့် ဘေးဥပဒ်မှ ခုနစ်ရာခိုင်နှုန်း လျော့နည်းစေသည်ဟု ဆိုသည်။
သုတေသန အဖွဲ့ခေါင်းဆောင် ဒေါက်တာ အာသာကလတ်စကီးက ကဖင်းဓာတ်ကို သင့်တင့်စွာ သောက်သုံးခြင်းက နှလုံးသွေးကြောကျဉ်းခြင်းမှ သက်သာရာရစေရန် အထောက်အကူ ဖြစ်ဖွယ်ရှိသည်ဟု ယုံကြည်လျက်ရှိသည်ဟု ဆိုသည်။ ဒေါက်တာ ကလတ်စကီးက ဆက်လက် ပြောကြားရာတွင် လက်ရှိစမ်းသပ်မှုအရ လုံလောက်သော သက်သေ အထောက်အထား ပြသနိုင်ခြင်း မရှိသေးသော်လည်း နှလုံးရောဂါ ဖြစ်ပွားရခြင်းမှာ ကဖင်းဓာတ်ကြောင့် ဖြစ်သည်ဟု ဆိုခြင်းမှာ မဟုတ်မမှန်ကြောင်း ပြောကြားခဲ့သည်။
Ref: Internet
**မေမွန်ကျော်**

No comments:
Post a Comment