(Italian Bus Driver Caught Using Two Cell Phones Behind The Wheel )
**ဖုန်းနှစ်လုံးပြောပြီး ကားမောင်းသူအား ပြစ်တင်ရှုတ်ချ**
(ရောမ၊ မေ ၁၅ )
အီတလီနိုင်ငံတွင် ဘတ်စ်ကားဒရိုင်ဘာတစ်ဦးက စတီယာရင်ကိုတံတောင်ဆစ်နှစ်ဖက်ဖြင့်ထိန်းပြီး ကားမောင်းရင်း ဖုန်းနှစ်လုံးတစ်ပြိုင်တည်းပြောကြားနေသည်ကို ၀က်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြခဲ့သည်။ ယင်းကြောင့် ထိုကားဒရိုင်ဘာ၏ အပြုအမူကို လာဇီယိုဒေသ အုပ်ချုပ်ရေးမှူးက ပြစ်တင်ရှုတ်ချလိုက်သည်။
ကားဒရိုင်ဘာသည် လေဆိပ်သို့ ပို့ဆောင်ရန် ခရီးသည်များကိုတင်ဆောင်မောင်းနှင်းလာစဉ် ယခုလိုပြုမူခဲ့ခြင်းဖြစ်ပြီး ထိုဗီဒီယိုကို လာရီပတ်ဘလစ်ကာသတင်းစာ၏ ၀က်ဘ်ဆိုင်က ဖော်ပြလိုက်ခြင်းဖြစ်သည်။ အီတလီနိုင်ငံတွင် ကားမောင်းနေစဉ် မိုဘိုင်းလ်ဖုန်းတစ်လုံးသုံးစွဲမှုကပင်ဥပဒေချိုးဖောက်ခြင်းဖြစ်သည်။ ယခု ကားဒရိုင်ဘာ၏လုပ်ရပ်ကို လာဇီယိုဒေသအုပ်ချုပ်ရေးမှူးက အဆင်ခြင်ကင်းမဲ့သော လုပ်ရ ပ် အဖြစ် ရှုတ်ချခဲ့ကြောင်း၊ ဘတ်စ်ကားကုမ္မဏီထံသို့ ယခုကိစ္စနှင့်ပတ်သက်ပြီး ထိုသူအားအလုပ် ဆက်လက်ခန့်မထားရန် ပြောဆိုခဲ့ကြောင်းသတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ (အင်တာနက်)
(Malaysia arrests 2 Iranians in $12.6 mln drug bust)
**မူးယစ်ဆေးမှောင်ခိုသူ အီရန် နှစ်ဦး မလေးရှား၌ ဖမ်းဆီးမိ**
(ကွာလာလမ်ပူ၊ မေ ၁၅)
အမေရီကန်ဒေါ်လာ ၁၂ ဒသမ ၆ သန်းတန်ဖိုးရှိသော မူးယစ်ဆေးဝါးများနှင့် အတူ အီရန်နိုင်ငံသား နှစ်ဦးအား ဖမ်းဆီးမိရာ မလေးရှားနိုင်ငံ၌ ယခုနှစ်အတွင်း ပမာဏအများဆုံး မူးယစ်ဆေးသိမ်းဆည်းရရှိမှုပင်ဖြစ်ကြောင်း မလေးရှားအကောက်ခွန်အရာရှိများက မေ ၁၅ ရက်၌ ပြောကြားသည်။
မလေးရှားနိုင်ငံ ပို့ကလန်မြို့ဆိပ်ကမ်း၌ကွန်တိန်နာ ငါးလုံးအတွင်းဘိလပ်မြေအိတ်များနှင့် ရောပြွမ်းသယ်ဆောင်လာသော မူးယစ်ဆေးဝါး ၁၇၈ အိတ်ကို အကောက်ခွန်အရာရှိများက ရှာဖွေသိမ်းဆည်းရမိခဲ့ပြီးနောက် ၄င်းအီရန်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါကွန်တိန်နာများမှာ ပါကစ္စတန်နိုင်ငံ ကရာခ်ျမြို့ ဆိပ်ကမ်းမှ သင်္ဘောဖြင့် သယ်ဆောင်လာခြင်းဖြစ်ပြီး ဘိလပ်မြေအိတ် ၅၆၀ နှင့်အတူ ပလတ်စတစ်နှင့် ထုပ်ပိုးထားသော မူးယစ်ဆေးဝါးအိတ်များကို ရောပြွမ်းသိုဝှက် သယ်ဆောင်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
**ယန်စီမြစ်အတွင်း မြစ်ရေအဆိုးရွာဆုံး ကျဆင်း၊သင်္ဘောများ ဖြတ်သန်းမှုပိတ်လိုက်ရ**
(ရှန်ဟိုင်း၊ မေ ၁၅)
တရုတ်နိုင်ငံ၏ အဓိကရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အသုံးပြုနေသော ယန်စီမြစ်တွင် ဆယ်စုနှစ်တစ်ခုအတွင်း မြစ်ရေ အဆိုးရွာဆုံးကျဆင်းမှုကြောင့်ရေလမ်းကြောင်း အချို့ကို ပိတ်လိုက်ရကြောင်း ယန်စီမြစ်ကြောင်းဆိုင်ရာဗျူရိုက မေ ၁၅ ရက်၌ သတင်းထုတ်ပြန်သည်။
မြစ်ရေ အကျဆင်းဆုံးအပိုင်းဖြစ်သည် ၀ူဟန်မြို့ဆိပ်ကမ်းမှ ယွီယန်မြို့အထိ ၁၁၅ မိုင်ရှိသော ရေလမ်းကြောင်းအတွင်း သင်္ဘောများခုတ်မောင်းသွားလာမှုကို မေ ၁၃ ရက်မှ စတင်ကာပိတ်လိုက်ခြင်းဖြစ်သည်။ (အင်တာနက်)
**တောင်အာရှဒေသရှိ ကျွန်းနှစ်ကျွန်း ပင်လယ်ရေအောက် နစ်မြုပ်**
(ကိုလံဘို၊ မေ ၁၅)
တောင်အာရှဒေသရှိ ကျွန်းနှစ်ကျွန်းသည် ကမ္ဘာကြီးပူနွေးလာမှုနှင့် သန္တာကျောက်တန်းများပေါ်တွင် မိုင်းခွဲ၍ သတ္တုများ တူးဖော်နေမှုကြောင့် ပင်လယ်ရေအောက်သို့နှစ်မြုပ်သွားပြီးဖြစ်ကြောင်း ကျွမ်းကျင်သူများက မေ ၁၃ ရက်တွင် ပြောကြားသည်။
ထိုပင်လယ်ရေအောက် နစ်မြုပ်သွားခဲ့သော ကျွန်း နှစ်ကျွန်းသည် အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံတို့အကြားရှိ မန်နာပင်လယ်ကွေ့ ကျွန်းအုပ်စုတွင်ရှိသည်။ ၄င်းကျွန်းနှစ်ကျွန်းမှာ ပိုအိုမာရီချန်နှင့် ဗီလန်ဂူချာလီတို့ဖြစ်သည်။ အဆိုပါ ကျွန်းအုပ်စုတွင် ကျွန်းကြီးကျွန်းငယ် ၂၁ ခုရှိပြီး အကျယ်အ၀န်းအားဖြင့်စတုရန်းမိုင် ၂၁၆ မိုင်ရှိသည်။ ၄င်းကျွန်းနှစ်ကျွန်း နစ်မြုပ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ ကမ္ဘာကြီးပူနွေးလာမှု၏ အကျိုးဆက်ဖြစ်သော ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့်ဖြစ်သည်။ (အင်တာနက်)
**တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော် ဆိုမာလီ ပင်လယ်ဓားပြမှုများကြောင့် ဆုံးရှုံး**
(ဆိုမာလီယာ၊ မေ ၁၅ )
ဆိုမာလီ ကမ်းခြေတစ်လျှောက် ပင်လယ်ဓားပြမှုများကြောင့် နိုင်ငံတကာ အကျိုးစီးပွား ဆုံးရှုံးမှုများ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ ဘီလီယံကျော် ရှိသည်ဟု မေ ၁၄ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်၌ ထုတ်ပြန်ထားသည်။
၂၀၁၅ ခုနှစ်တွင် ပင်လယ်ဓားပြမှုများကြောင့် ဆုံးရှုံးမည့် ငွေပမာဏမှာ အမေရိကန် ဒေါ်လာ ၁၃ ဘီလီယံကြားအထိရှိလာနိုင်မည်ဖြစ်ကြောင်း၊ ပင်လယ်ဓားပြတစ်ဦး၏ တစ်နှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၇၉၀၀၀ အထက်တွင် ရှိနေကြောင်း ၄င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ (အင်တာနက်)
စုစည်းဘာသာပြန်- ဇော်ဦးခိုင်၊ မိုးမြင့်လင်းလက်

No comments:
Post a Comment