မေလထုတ် မြန်မာ့ဓန မဂ္ဂဇင်းထဲမှာ ဆူးငှက်က မန္တလေးက ရွာဟိုင်းသင်္ချိုင်း နေရာဟောင်းမှာ ရဲဘော်ဗဟိန်းရဲ့ အုတ်ဂူလေးရှိသေးတယ်လို့ ဖတ်ရတော့ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) တုန်းက အမေ ကိုဗဟိန်းအပေါ် မရိုးမသား ရှိခဲ့တာကလေး ပြန်ပေါ်လာရတယ်။
ပြန်ပေါ်လာရုံ၊ အမှတ်ရရုံမက စိတ်မကောင်းလည်း ဖြစ်မိတယ်။ ဘာလို့လဲဆိုတော့ သူ့ကို ကိုယ်က ဘာမှ ပြောလို့ရတဲ့ ဘ၀မျိုးမှ မဟုတ်တော့ဘဲကိုး။
ကိုဗဟိန်းနဲ့ အမေတို့က မန္တလေးမှာ နေကြတာက ဂုန္တန်ဝင်းနဲ့ ယွန်းတန်းဆိုတော့ မန္တလေးလို တပြပဲ အိမ်ချင်းက ဝေးကြတာမို့ အိမ်နီးချင်းတွေပေါ့။ ပြီးတော့ နှစ်ယောက်စလုံးက ဆရာကြီးဦးရာဇတ်တပည့် နေရှင်နယ်ကျောင်းသားတွေ။ အတန်းချင်းတော့ မတူပါဘူး။ သူက ငယ်တာကိုး။ နောက်ဦးလှနဲ့ အမေနဲ့ အကြောင်းပါလာတော့ ဦးလှနဲ့ ကိုဗဟိန်းက အရင်ကတည်းက သိကျွမ်းပြီးသားတွေ ဖြစ်တဲ့အပြင် ဦးလှ မန္တလေးသားဖြစ်လာတော့ ကိုဗဟိန်းအဖေ ဦးလေးမှင်က ဦးလှကို ပိုပြီး ခင်တယ်၊ ချစ်တယ်လေ။ ဦးလှက မန္တလေးမှာ သူ့အမျိုးရှိတယ်ဆိုရင် အဲဒါ ဦးလေးမှင်ပဲလို့ အောက်မေ့တယ်။ ဒါကြောင့် သူ့သား သားဦး ကိုစိုးဝင်း မွေးတော့ လသားကလေး ရှိသေးတယ်။ မချီတတ် ချီတတ်နဲ့ အနှီးထုပ်ချိုင်းညှပ်ပြီး ထီးကြီးတချောင်းဆောင်းလို့ သူ့ ဦးလေးမှင်ကို သူ့သား သွားပြသတဲ့။
အမေ ဒီအကြောင်းတွေ ပြန်ရေးနေတာက အမေနဲ့ ကိုဗဟိန်းနဲ့ ရင်းနှီးပုံကို သိစေချင်လို့ပါ။ အမေက ၁၉၃၅ ခုနှစ်လောက်ကစပြီး ၀တ္ထုတိုကလေးတွေ ကြီးပွါးရေးထဲမှာ ရေးနေတယ်။ အဲဒီလိုရေးရင်း တနေ့တော့ ကြီးပွါးရေးထဲမှာ မြမဉ္ဇူ ကလောင်အမည်နဲ့ အမေရေးတဲ့ "ဒေါသ" ဆိုတဲ့ ၀တ္ထုတိုကလေး ပါလာတယ်။ ဒီဝတ္ထုတိုကလေးကို ကိုဗဟိန်းက ကြိုက်လွန်းလို့တဲ့၊ အိမ်ကိုလာပြီး သူက သူ ဒီဝတ္ထုတိုကို ကြိုက်တဲ့အကြောင်း ချီးကျူးဝမ်းသာစကား လာပြောတယ်။
ဒီဝတ္ထုတိုကလေးဟာ ၁၉၃၇ ခုနှစ်က ကြီးပွါးရေး အောက်တိုဘာလထုတ်မှာ ပါတာပါ။ အဲဒီတော့ အမေ့အသက်က (၂၂) နှစ်၊ စာရေးသက်က (၂) နှစ်ပေါ့။ ကိုဗဟိန်း ချီးမွမ်းတာကို အမေက သဘောကျပြီး အဲဒါ ကိုယ်ပိုင်အတွေးနဲ့ ရေးတာ မဟုတ်ဘူး။ The Wrath ဆိုတဲ့ ၀တ္ထုတိုတပုဒ်ကို မှီးတာလို့ ဖွင့်မပြောဘူး။ တိတ်တိတ်ကလေး မြုံပြီး သူ့အချီးအမွမ်းကို ခံနေလိုက်တယ်။ ဒါပေမယ့် ကိုဗဟိန်း ချီးမွမ်းတုန်းက ကိုယ်ပီတိ ဖြစ်လိုက်ရတာက ဘယ်နှမိနစ် ကြာလေမယ်တော့ မသိဘူး။ ငါ့နှယ်နော်၊ ကိုဗဟိန်းအပေါ် မရိုးသားလိုက်တာ တကယ်ဆိုတော့ ငါ ဖွင့်ပြောလိုက်ဖို့ ကောင်းတာဆိုပြီး စိတ်မကောင်း ဖြစ်လိုက်ရတာဟာ အဲဒီအချိန်ကစပြီး ယနေ့ထက်ထိ သတိရတိုင်း ဆိုပါတော့။
ကိုဗဟိန်း မကွယ်လွန်ခင်က မန္တလေးဆေးရုံကြီးပေါ်မှာ ဆေးရုံတက်နေရတယ်ဆိုတော့ အမေနဲ့ ဦးလှနဲ့ သွားမေးကြသေးတယ်။ မန္တလေးဆေးရုံကြီးက အဲဒီတုန်းက ဒေါက်တာမတ်ရဲ့ သံတဲကျောင်းနဲ့ စိန်ပီတာကျောင်း တွေမှာ ဆေးရုံလုပ်ထား၊ ဖွင့်ထားရတာ။ ကိုဗဟိန်းကို သံတဲကျောင်းက အဆောင်တခုမှာ တင်ထားတာ။ မှတ်မိသေးတယ်။ ကိုဗဟိန်းက နေမကောင်းတုန်းလည်း သူ့အပြုံးကလေးကတော့ ပျောက်ကွယ်မသွားဘူး။ အမေတို့ နှစ်ယောက်ကို ပြုံးပြီး ဧည့်ခံနေရှာတာ။ အဲဒီတုန်းကလည်း အမေက ကိုဗဟိန်းကို "ဒေါသ" ၀တ္ထုတိုဟာ ကျွန်မ original မဟုတ်ဘူး၊ မှီးတာလို့ ဖွင့်ပြောဖို့ သတိရတယ်။ နို့ပေမယ့် ရှက်လို့ မပြောဝံ့တာနဲ့ မပြောခဲ့ဘူး။
နောက်တော့ ကိုဗဟိန်း ဆုံးရှာပါရော။ သူဆုံးတာ ၁၉၄၆ ခု နိုဝင်ဘာ (၂၀) ရက်နေတဲ့။ သူဆုံးသွားပြီဆိုတော့ ပြီးပါရော၊ ငါ သူ့ကို ဘယ်တော့မှ ဖွင့်ပြောလို့ ရတော့မှာ မဟုတ်ဘူးဆိုပြီး ကိုယ့်မရိုးသား လိုက်မှုအတွက် ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်ကျန်ရစ်တယ်။
ခုဆိုရင် ရဲဘော်ဗဟိန်း မရှိရှာတာ (၅၂) နှစ် ရှိပြီပေါ့။ ဘယ်နှနှစ် ရှိရှိ၊ အမေ မသေသေးလို့ ရဲဘော်ဗဟိန်းအကြောင်း အမေ့အသိထဲ တနည်းနည်းနဲ့ ပေါ်လာတယ်ဆိုရင် ဒီကိစ္စ ပေါ်လာမှာပဲ။ ပေါ်လာရင်လည်း ကိုယ့်ဘာသာ ငါသိပ်ညံ့တာပဲ၊ ရှော်တာပဲလို့ အပြစ်ဆိုမိတာပဲ။ ပြီးတော့ စိတ်ထဲ ရှက်နေပါရော။
အဲဒီတော့ သားတို့ သမီးတို့ကို အမေပြောချင်တာက ကိုယ့်စိတ်ထဲ မတော်မှန်းသိတဲ့ အပြစ်တခုကို မကျူးလွန်မိပေစေနဲ့။ မကျူးလွန်ဖြစ်အောင် ချုပ်တည်းလို့ ဖြစ်စေ၊ ရှောင်ရှားလို့ဖြစ်စေ နေလိုက်ကြပါ။ မဟုတ်ရင် ကိုယ့်လိပ်ပြာက ကိုယ်ပြန်နှောက်ယှက်တာဟာ မူလ ကျူးလွန်မိရတာမျှမက အလွန်ဝန်လေးနေတတ်တယ်။
အမေကတော့ စိတ်ထဲမှာ "ကိုဗဟိန်းရေ- အဲဒီတုန်းက ကျွန်မ ရှော်ခဲ့တာ၊ ဟန်လုပ်ချင်ခဲ့တာ၊ မရိုးသားခဲ့မိတာကို အတန်တန် ၀မ်းနည်းစကားပြောမိပါတယ်။ ရှင် ကြားနိုင်တဲ့ ဘ၀ဆိုရင် ကောင်းပေစွ" လို့ ပြောစမ်းချင်လှပါတယ်။
**လူထုဒေါ်အမာ**
[မြားနတ်မောင်မဂ္ဂဇင်း၊ အမှတ် ၇၄၊ ၁၉၉၈ ဇူလိုင်]
{လူထုဒေါ်အမာရဲ့ 'လွမ်းသူ့စာ' စာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၀၃ ဖေဖော်ဝါရီမှ ကူးယူဖော်ပြပါတယ်။

No comments:
Post a Comment