လူတချို့က ပြဿနာ တစ်ခု ကိစ္စရပ် တစ်ခုကို လက်တွေ့ ရင်ဆိုင်ရမှာကို ရှောင်လွဲချင်ကြတယ်။ မျက်နှာချင်းဆိုင် ဖြေရှင်းဖို့ မရဲကြဘူး။ ဟိုလူ့ကို လက်ညိုးထိုး၊ ဒီလူကို လွှဲချနဲ့ ပြဿနာကို ဘော်လီဘော ပုတ်သလို လုပ်တတ်ကြပါတယ်။ တကယ်က တာဝန်ယူလိုစိတ် နည်းတာပါ။
အခွင့်အရေး ရဖို့ပဲ မျှော်လင့်တတ်တဲ့ သူတွေပေါ့။ ရင်ဆိုင် ဖြေရှင်းနိုင်စွမ်း မရှိကြဘူး၊ သုံးသပ်တတ်တဲ့ ဥာဏ်ရည် နိမ့်သူတွေပေါ့။ အဲဒီလိုလူတွေဟာ လုပ်ငန်းခွင်ထဲမှာ ဘယ်တော့မှ စွမ်းဆောင်ရည်ပြည့်သူ ဖြစ်မလာတတ်ဘူး၊ သူတို့ရဲ့ တကယ်တော်တဲ့ တကယ်ကောင်းတဲ့ အရည်အချင်းတွေကလည်း ထင်သလောက် မပေါ်လွင်တော့ဘူး။ အဲဒီလို လူတွေနဲ့ လုပ်ငန်းခွင်ထဲမှာ သင်ကြုံတွေ့ ဆက်ဆံနေရမှာပဲ။
တကယ်တမ်း ပြောရရင် လုပ်ငန်းခွင်ထဲမှာ အလုပ်ကိစ္စ၊ အလုပ်နဲ့ ပတ်သက်တဲ့ ပြဿနာ ဆိုတာတွေက အမြဲရင်ဆိုင် နေရမှာပါပဲ။ အချိန်နှင့်အမျှ အလုပ်တွေ လုပ်နေရတာ။ လုပ်ငန်းကိစ္စ တာဝန်တွေ ထမ်းနေရတာကိုး၊ ဖြေရှင်း ဆောင်ရွက်စရာတွေလည်း များတယ်။ နေ့စဉ် ကြုံတွေ့ရတာပဲ။ ဒါကိုမှ ရှောင်ချင်၊ လွှဲချင်ရင်တော့ အလုပ်မလုပ်ဘဲ နေမှရတော့မယ်။ ထူးခြားတဲ့ ဖြစ်စဉ် တစ်ခုမဟုတ်ဘူး။ ကိုယ့်တစ်ယောက်တည်း ဒီလို ကြုံတာလည်း မဟုတ်ဘူး။ ကိုယ်နေ့စဉ် လုပ်ကိုင်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ထဲမှာကို အဲဒီပြဿနာ ပါဝင်နေတာပါ။ အလုပ်ကိစ္စတွေနဲ့ တွဲလျက် ရှိနေတတ်တာမျိုးပါ။ ဒါကို ထူးဆန်းအံသြစရာ၊ စိုးရိမ်စရာရယ်လို့ စိတ်ထဲမှာ သတ်မှတ်မထားပါနဲ့။
အလုပ်လုပ်ရင် အမှားဆိုတာ ရှိမှာပဲ။ အတိမ်းအစောင်း ချွတ်ချော်မှုတွေလည်း ရှိမှာပါပဲ။ လုပ်ငန်းနဲ့ ဆက်နွယ်နေတဲ့ ပြဿနာတွေလည်း ကြုံရမှာ အသေချာပဲပေါ့။ ဒီလိုမျိုး ကြုံတွေ့လာရင် စိုးရိမ်တကြီး ပြူးတူးပြာတာ ဖြစ်သွားတတ်ကြတယ်။ ခြေမကိုင်မိ လက်မကိုင်မိ ဆိုသလို ထိတ်ထိတ်လန့်လန့် ဖြစ်တတ်ကြတယ်။
အဲဒီ စိုးရိမ်ကြောက်ရွံ့စိတ်က အဖြေမှန်ကို ရှာမပေးနိုင်ပါဘူး။ ထူပူနေတဲ့ စိတ်က ပြဿနာ ထွက်ပေါက်ကို ညွှန်ပြ မပေးနိုင်ဘူး။ ပိုပိုပြီး မှားသွားဖို့၊ ပြဿနာ ပိုကြီးသွားဖို့ပဲ ရှိတယ်။ အမှားအပေါ်မှာ နောက်ထပ် အမှားတစ်ခု၊ ပြဿနာ အသစ်တစ်ခု ထပ်ဆင့် ရသွားစေရုံက လွဲလို့ အကျိုးမရှိနိုင်ပါဘူး။
အလုပ်နဲ့ ပတ်သက်တဲ့ ပြဿနာ တစ်ခုကို ရင်ဆိုင်ရပြီ ဆိုပါတော့။ အရင်ဦးဆုံး ခေါင်းအေးအေးထား စိတ်ကို ရှင်းရှင်းထားလိုက်ပါ။ ဘာဆို ဘာမှ ရင်ထဲမှာ မရှိအောင် တည်ငြိမ်လိုက်တာ အကောင်းဆုံးပါပဲ။ အသက်ကို ဝဝ ရှူရမယ်။ ခြေညောင်းလက်ဆန့်၊ အလုပ်စားပွဲနဲ့ ဝေးရာကို ခဏတော့ သွားလိုက်ပါဦး။ အလုပ်အကြောင်းလည်း မစဉ်းစားနဲ့။ ပြဿနာကိုလည်း ထိုင်မတွေးပါနဲ့။ ခပ်ဝေးဝေး ရှုမျှော်ခင်းကို လှမ်းမြင်ကြည့်လိုက်၊ ကော်ဖီ အအေး နှစ်သက်ရာကို တစ်ခွက်လောက် သွားသောက်နိုင်ရင် ပိုကောင်းပါတယ်။ အဲဒီအချိန် အခိုက်အတန့်ဟာ အလွန်မှ အရေးပါတဲ့ အချိန်ပါပဲ။ စိတ်ထဲမှာ သန့်သန့် ကြည်ကြည် ဖြစ်သွားလိမ့်မယ်။ ဦးနှောက်ကြည်ပြီး အတွေး အားကောင်းလာလိမ့်မယ်။ စိတ်အခံမှာ ဘာသောကမှ မရှိတော့ဘူး။ သွေးအေးအေးနဲ့ အလုပ်လုပ်ဖို့ အသင့်ဖြစ်သွားပါမယ်။ အဲဒီ အခြေအနေဟာ တကယ်ကို အဖိုးတန်ပါတယ်။ စွမ်းရည် ပိုမိုတိုးတက်စေတဲ့ အခြေအနေမျိုးပေါ့။
ခေါင်းအေးအေးနဲ့ စဉ်းစား၊ သွေးအေးအေးနဲ့ အလုပ်လုပ်ပါ။ ကြုံတွေ့လာရတဲ့ အလုပ်ပြဿနာဟာ ဘယ်က စတင်တာလဲ။ ဘာကြောင့် ဒီလို ဖြစ်သွားရတာလဲ၊ အကျိုးအပြစ်တွေက ဘယ်အတိုင်းအတာထိ ရှိနိုင်သလဲ။ အဲဒီ အချက်တွေကို အရင်ဆုံး စဉ်းစားပါ။ စာရွက် တစ်ရွက်မှာ ချရေးထားပါ။ မကြာခင် ပြဿနာရဲ့ ဇစ်မြစ် အရင်းခံကို သိလာပါလိမ့်မယ်။ ပြဿနာရဲ့ ဆိုးကျိုး အတိုင်းအတာ ရိုက်ခတ်မှုကို သိလာမယ်။ ဘာကြောင့်ဖြစ်ရတယ် ဆိုတာကိုပါ ခွဲခွဲခြားခြား မြင်လာ နိုင်ပါလိမ့်မယ်။
ပြဿနာရဲ့ အခြေခံကို သိပြီဆိုရင် ဖြေရှင်းဖို့ နည်းလမ်းကို ရှာဖို့ လွယ်သွားပါပြီ။ ကိုယ်တစ်ဦး တစ်ယောက်တည်း ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းနိုင်သလား၊ ဘယ်သူတွေနဲ့၊ ဘယ်ဌာနတွေနဲ့ လက်တွဲ ဆောင်ရွက်ရမှာလဲ။ ရာထူး အဆင့်အလိုက် အသိပေးဖို့ လိုအပ်သလား။ ကိုယ့်လက်အောက် ဝန်ထမ်းတွေနဲ့ပဲ ဖြေရှင်းနိုင်တဲ့ ကိစ္စမျိုးလား။ ကိုယ်တိုင် လုပ်ဆောင်ဖို့ကို နည်းလမ်းကောင်းတွေနဲ့ စဉ်းစားရပါမယ်။
တာဝန်ကို မရှောင်လွှဲရဘူး။ ပြဿနာ ကြုံလာတဲ့အခါ တာဝန်သိသိနဲ့ ရင်ဆိုင်ရမယ်။ ဦးဆောင်ဖြေရှင်းသင့်တယ်။ လုပ်ငန်းခွင်အတွင်းက ပြဿနာတွေဟာ အဖြေရှိကြတာချည်းပဲ။ ရင်ဆိုင်နိုင်တဲ့ သတ္တိလေး မွေးလိုက်ပါ။ ထမင်းရည်ပူလာမှ လျှာလွှဲတတ်သူ မဖြစ်ပါစေနဲ့။ အရည်အချင်းတွေဟာ ဖြေရှင်းစရာ ကိစ္စရပ်တွေ ရှိမှ ပေါ်ထွက် လာတတ်တာလေ။ ပါးစပ်အပြောနဲ့ အလုပ်တွေ လုပ်သူ။ အခွင့်ကောင်းရမယ်ဆိုမှ အလုပ်ပြသူမျိုး မဖြစ်ပါစေနဲ့။ တာဝန်ယူစိတ်နဲ့ အလုပ်ပြဿနာကို ရင်ဆိုင်ဖြေရှင်းသူ ဖြစ်ပါစေ။ အဲဒီလိုဆိုရင် သင်ဟာ လုပ်ငန်းခွင်မှာ အလွန်လေးစားဖွယ်ကောင်းသူ ဖြစ်နေမှာ သေချာပါတယ်။
**မေမွန်ကျော်**
...

No comments:
Post a Comment