(လန်ဒန်၊ မေ ၂၆)
ဥရောပဘောလုံးရာသီကုန် နှုတ်ဆက်ပွဲလို့ဆိုရမည့် ပရိသတ်များ မျှော်လင့်စောင့်စားနေသော ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီးကို မေ ၂၈ ရက်ညပိုင်းမှာ အင်္ဂလန် ၀င်ဘလေအားကစားကွင်းကြီး၌ ပရီမီယာလိဂ်ချန်ပီယံ မန်ယူနှင့် စပိန်လာလီဂါချန်ပီယံ ဘာစီလိုနာတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ မန်ယူနှင့် ဘာစီလိုနာတို့သည် ၂၀၀၉ ခုနှစ်က အီတလီနိုင်ငံ ရောမမြို့၌ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဆုံတွေ့ကြပြီးနောက် ဗိုလ်လုပွဲ၌ ပထမဆုံးအကြိမ် ပြန်လည်ဆုံစည်းကြခြင်းလည်း ဖြစ်သည်။ ထို ၂၀၀၉ ခုနစ်၌ဘာစီလိုနာက မန်ယူကို နှစ်ဂိုး- ဂိုးမရှိဖြင့်နိုင်ပြီး ချန်ပီယံဖြစ်ခဲ့သည်။ ယခုတစ်ဖန် ပြန်လည်ဆုံစည်းခြင်းက မန်ယူအတွက်ရှုံးကြွေးပြန်ဆပ်ခွင့်ရခြင်းဟု ဆိုရပေမည်။ ထိုရှုံးကြွေးကို ပြန်ဆပ်ရန် နည်းပြဖာဂူဆန်နှင့် မန်ယူကစားသမားများက ပြင်ဆင်နေကြပြီးဖြစ်သည်။
ဂိုးသမားကြီး ဗန်ဒါဆားသည် ရာသီကုန်လျှင် အနားယူတော့မည်ဖြစ်၌ မန်ယူပရိသတ်ကို နှုတ်ဆက်ပွဲအဖြစ် ပါဝင်ကစားလိမ့်မည် ဖြစ်သည်။ မန်ယူနောက်တန်းတွင်း ဗီဒစ်၊ အီဗရာ၊ ဖာဒီနန် ၊ ရာဖေးလ်တို့ ဦးဆောင်ပြီး ခံစစ်ကြောင်းကို လုံအောင်ပိတ်လိမ့်မည် ဖြစ်သည်။

ဘာစီလိုနာနောက်တန်းတွင် ဂျရတ်ပီကေး၊ အဘီဒယ်၊ အက်ဒရီယာနိုနှင့် ဒန်နီရယ်အယ်လ်ဘက်တို့က မန်ယူတိုက်စစ်မှူးများ၏ လမ်းကြောင်းကို ဖြတ်တောက်ပိတ်ဆို့ကစားကြလိမ့်မည် ဖြစ်သည်။ ဘာစီလိုနာအသင်း၏ အမာခံနောက်ခံကစားသမား ပူယိုးလ်တစ်ယောက်ဒဏ်ရာရထားသဖြင့်ပါဝင်နိုင်ဖွယ်မရှိဟု သိရသည်။

ဘာစီလိုနာ၏ ကွင်းလယ်တွင် အင်နီယေစတာ၊ ဇာဗီ၊မာရှေယာနိုနှင့် တီယာဂိုတို့အတွဲက
တိုက်စစ်မှူး မက်ဆီနှင့် ဒေးဗစ်ဗီလာတို့အတွဲကို အကောင်းဆုံး ဂိုးပေါက်ဖန်တီးပေးလိမ့်မည် ဖြစ်သည်။
အသင်းနှစ်သင်း၏ တိုက်စစ်ချင်းနှိုင်းယှဉ်ကြည့်လျှင် ဘာစီလိုနာက မန်ယူထက်တိုက်စစ်အားပိုကောင်းသည်။
မန်ယူခံစစ်မှူးများအနေဖြင့် ဘာစီလိုနာကွင်းလယ်က ဖြန့်ပို့သည့်လမ်းကြောင်းကို ဖြတ်တောက်နိုင်မှ တော်ကာကျမည်။ မက်ဆီနှင့် ဒေးဗစ်ဗီလာတို့အတွဲသည် ကြုံသလိုဂိုးရအောင်ကန်သွင်းနိုင်ကြသူများဖြစ်သည်။ တဖန် မန်ယူအသင်းဘက်ကို
ကြည့်လျှင် မန်ယူကွင်းလယ်ပံ့ပိုးမှုအားကောင်းမှ ရွန်နေနှင့်ဟာနန်ဒက်ဇ်တို့ ဂိုးပေါက်ရှာတွေ့ပေလိမ့်မည်။ နာနီ၊ ပတ်ဂျီဆန်တို့၏ ကွင်းလယ်မှ ဘောလုံးဖြန့်ဝေပေးမှုနှင့် ဂိုးပေါက်ဖန်တီးမှုအားကောင်းဖို့ လိုသည်။ ဘာစီလိုနာအသင်း၏ အားနည်းချက်တစ်ခုမှာ ပွဲတိုင်း ခြေစွမ်းမကောင်းတတ်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံ ကစားကွက်ပျက်နေတတ်သည်။ ထိုသို့ကစားကွက်ပျက်လျှင်တော့မန်ယူတို့ အနိုင်ရဖွယ်ရှိသည်။ သို့မဟုတ်ပါမှုဘာစီလိုနာ၏ တိုက်စစ်ကို မန်ယူခံစစ်မှူးများ အကြိတ်အနယ်ကာကွယ်ရလိမ့်မည်ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ယခုပွဲသည် အသင်းနှစ်သင်း၏ ခြေစွမ်းကို မှတ်ကျောက်တင်နိုင်မည့် ပြိုင်ပွဲကြီး တစ်ရပ်ဖြစ်လာနိုင်သည့်အပြင် အသင်းနှစ်သင်းအတွက် ချန်ပီယံ လိဂ်သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်မည့် ပြိုင်ပွဲကြီးလည်း ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ (အင်တာနက်)
**မြင့်မောင်စိုး**

No comments:
Post a Comment