အခန်း(၁)
နှစ်ပေါင်း၃၀ ၀န်းကျင်အတွင်း မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေထိုင် သူ ပေါင်းသန်းချီပြီးရောက်ရှိနေကြသည်ကိုမည်သူမှငြင်းချက်မထုတ်နိုင်။ဒီကာလတွေမှာလုပ်ငန်းခွင်အသီးသီး၊နေရာ
အသီးသီးမှာသေသင့်လို့ သေသွားသူများရှိမှာဖြစ်သလို အကြောင်းမဲ့သတ်ဖြတ်ခံရဒါတွေကဘယ် လောက် အထိရှိခဲ့ပြီးဆိုတာလည်းမည်သူမှမသိနိုင်။မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ကာယဉာဏ ကို တန်ဘိုးထားရကောင်းမသိတဲ့ထိုင်းနဲ့ မြန်မာစစ်အစိုးရတို့ ရဲ့တာဝန်မဲ့ခဲ့မှု လျစ်လျှူရှုမှုတွေကြောင့် ယနေ့တိုင် ထိုင်းနိုင်ငံအတွင်းမှာမြန်မာရွှေ့ပြောင်းအလုပ်သမားအရေအတွက်ဘယ်လောက်ရှိတယ်ဆိုတဲ့တိကျ၊နီစပ်တဲ့
အရေအတွက်ကိုမသိရှိနိုင်ဖြစ်တာကိုလည်းအများသိပြီးဖြစ်တယ်။
မကြာသေးခင်က နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ IOM နဲ့ ထိုင်းအစိုးရ တို့ တရားဝင်ထုတ်ပြန်ကြေ
ညာချက်ထဲမှာ ၂၀၁၀ ခုနှစ်က ထိုင်းနိုင်ငံအတွင်းမှာမြန်မာ၊ကမ္ဘောဒီယားနဲ့ လာအို နိုင်ငံတို့က တရားဝင်မှတ်ပုံ
တင်ခဲ့အလုပ်သမားပေါင်း (၉၃၂,၂၅၅ ) ဦးရှိခဲ့တယ်။ဒါပေမယ့် ၂၀၁၁ ခုနှစ်ဖေဖေါ်ဝါရီလအထိ နောက်ဆုံး စါရင်းအရ (၅၅၀,၀၀၃)ဦးမှတ်ပုံတင်လုပ်ထားပြီးဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ဒီအထဲမြန်မာ(၃၅၂,၇၄၈) ဦးဖြစ်ပါတယ်။ကျွမ်းကျင်သူတွေရဲ့ ခန့် မှန်းထားချက်တွေအရ ထိုင်းနိုင်ငံအတွင်းမှာ တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရှိသူရော မရှိသူပါသုံးသန်းထက်မနည်းရှိနိုင်တယ်လို့ခန့် မှန်းထားကြပါတယ်။ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအထဲ မြန်မာအလုပ်သမားက၉၀ရာခိုင်နုန်းရှိတယ်လို့ လည်းပြောကြပါတယ်။
အခန်း(၂)
ထိုင်းနိုင်ငံရဲ့အခင်းအကျင်းကို ခြုံငုံပြောရမယ်ဆိုရင် ဘုရင်ကို ပြောဆိုတိုက်ခိုက်တာတစ်ခုကလွဲရင် အကုန်လုံးဖွင့်ထားတဲ့တိုင်းပြည်ဖြစ်ပါတယ်။နိုင်ငံတကာရင်းနှီးမြှပ်နှံမှုကို အထူးကြိုဆိုအားပေးတဲ့တိုင်းပြည်ဖြစ်ပါတယ်။ဝန်ဆောင်မှုတိုင်းမှာ ဆက်နွယ်သူဟူသမျှကိုစိတ်ကျေနပ်စေပါတယ်။တောနေလူတန်းစားတွေဖြစ်တဲ့တောင်သူ
လယ်သမားတွေသက်သာချောင်ချိရေးနဲ့ မသင်မနေရအခမဲ့မူလတန်းပညာတန်းသင်ကြားရေးစံနစ်သတ်မှတ်
ထားတယ်။
အခြားသောလူသားတန်ဘိုးထားမှုတွေကိုနိုင်ငံတကာစံချိန်စံညွှန်းတွေအတိုင်းစီမံခန့် ခွဲထားတာကို တွှေ့ရှိရမှာဖြစ်ပါတယ်။ထိုင်းလူမျိုးတွေဟာအခမဲ့ကျမ္မာရေးစောင့်ရှောက်မှုကိုခံစားခွင့်ရရှိကြပါတယ်။
ထိုင်းနိုင်ငံဟာ စိုက်ပျိုးရေးကိုအထူးဦးစားပေးပြီးစနစ်တကျရင်းနှီးမြှပ်နှံခဲ့တဲ့နိုင်ငံဖြစ်တာကြောင့် အာရှနဲ့
ကမ္ဘာမှာ ဆန်အတင်ပို့ ဆုံးနိုင်ငံအဆင့်ကိုရောက်ရှိနေပြီးဖြစ်ပါတယ်။
နောက် နိုင်ငံခြားငွေရရှိတဲ့လုပ်ငန်းကတော့ ပင်လယ်အစားအစာထုတ်လုပ်ရေးလုပ်ငန်းကြီးဖြစ်ပါတယ်။တရား
ဝင်ရော တရားမ၀င်ပါထိုင်းငါးဖမ်းလှေတွေဟာ အင်ဒိုရေပိုင်နက်နဲ့ မြန်မာရေပိုင်နက်တို့ တွေအထိသွား ရောက် ငါးဖမ်းကြရပါတယ်။ပင်လယ်ငါးဖမ်းလုပ်ငန်းတွေမှာ အခကြေးငွေတစ်ပြားတစ်ချပ်မှမရပဲ သောင်းချီတဲ့မြန်မာရေလုပ်သားတွေမသေမချင်းရောင်းစားခံထားရတာတွေရှိနေပါတယ်။အိမ်တိုင်းအိမ်တိုင်း
မှာ မြန်မာအိမ်ဖေါ်အလုပ်သမားတွေအလုပ်လုပ်ကိုင်နေကြရပြီးဖြစ်ပါတယ်။ထိုအထဲအချို့မှာ လုပ်အားခမရတဲ့အပြင်အိမ်ရှင်ရဲ့သားမယားအဖြစ်ပြုကျင့်ခြင်းကိုလည်းခံစားနေရဆဲဖြစ်ကြပါတယ်။
ထိုင်အိမ်ရှင်၊ထိုင်းလုပ်ငန်းရှင်တွေက လုပ်အားခမပေးချင်လို့၊ရှိလာတဲ့ကိုယ်ဝန်ကိုတာဝန်မယူချင်လို့ ပစ္စည်းခိုး
တယ်ဆိုပြီးထိုင်းရဲကိုဖမ်းခိုင်းတယ်။တရားစွဲတယ်။ထောင်ချလိုက်တယ်။ဒီလိုပြစ်မှုတွေထိုင်းထောင်ထဲမှာ
အများကြီးရှိပါတယ်။
ထိုင်းမြန်မာနယ်စပ်မြို့တွေဖြစ်တဲ့ မယ်ဆိုင်-တာချီလိတ်၊မြ၀တီ-မဲဆောက်၊ကော့သောင်း-ရနောင်မြို့တွေမှာ ရှိ
ကြတဲ့ ကာရာအိုကေဆိုင်တွေနဲ့ ပြည့်တန်ဆာရုံတွေမှာ မြန်မာလိင်အလုပ်သမတွေအမြောက်အများရှိကြပါ တယ်။
ဒီလိင်အလုပ်သမတွေကို မြန်မာလှေသမားတွေနဲ့ မြန်မာအလုပ်သမားအချို့တို့ ပျော်ပါးတော့ ငွေကြေးကို ထိုင်းလူမျိုးကရရှိပါတယ်။အတော်များများမြန်မာလိင်အလုပ်သမနဲ့ မြန်မာအလုပ်သမားအချို့တို့ ကတော့ AIDS ရောဂါတွေဖြစ်ပြီးသေဆုံးကြရတာလည်းဒုနဲ့ဒေးဖြစ်ပါတယ်။
အခန်း(၃)
ထိုင်းနိုင်ငံမှာလူနေမှုစရိတ်ကြီးမြင့်နေတာကြောင့် ထိုင်းမှာ တစ်နေတာလုပ်အားခငွေဟာနည်းပါးတယ်ဆို
ပေမယ့်မြန်မာနိုင်ငံမှာထက်တော့သာနေပါတယ်။ဒါကြောင့်ပဲအလုပ်အကိုင်ရှားပြီးအခွင့်အလမ်းအထူးနည်းပါး
နေတဲ့မြန်မာနိုင်ငံက အရွယ်ရောက်ပြီးသူတိုင်း၊အလုပ်လုပ်နိုင်သူတိုင်း ထိုင်းနိုင်ငံကိုအတိုင်းအဆမရှိ ထွက်ခွာလာနေကြဆဲဖြစ်ပါတယ်။ဘယ်လောက်ဖမ်းဖမ်း ဘယ်လောက်ဖိနှိပ်ဖိနှိပ်မြန်မာမရှိတဲ့အလုပ်ရုံ မြန်မာမရှိတဲ့ရပ်ကွက်မြို့ရွာမရှိတော့သလောက်ကိုရှားပါးခဲ့ပြီးလို ဆိုနိုင်ပါတယ်။ဒါကြောင့်လည်းထိုင်းလူမျိုးတွေဟာမြန်မာတွေကိုအ
ထင်အမြင်သေးစွာနဲ့ ဆက်ဆံခံရခြင်းဖြစ်ပါတယ်။နောက်အဓိကကျတဲ့အချက်တစ်ချက်က ပြီးခဲ့တဲ့နှစ်၂၂နှစ်ကအုပ်ချုပ်ခဲ့တဲ့ န၀တ၊နအဖ စစ်အစိုးရအဆက်ဆက်တို့ ဟာ ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေရဲ့အရေးကိစ္စတွေကို ဘာဆို ဘာမှ ၀င်ရောက်ပြောဆိုတာ၊ကူညီပေးတာမရှိခဲ့ပါ။ဒါကြောင့် ထိုင်းလူမျိုးတွေက
အနိုင်ကျင့်ချင်တိုင်းကျင့်နေခဲ့ပါတယ်။မြန်မာအလုပ်သမားတစ်ယောက်ကိုသတ်ပစ်တာဟာကြက်ကလေး
တစ်ကောင်ကိုသတ်ပစ်လိုက်သလိုလွယ်ကူပါတယ်။အလားတူမြန်မာအလုပ်သမငယ်တစ်ဦးဖျက်ဆီးစော်ကား
တာဟာလည်းလွယ်လိုက်သမှအိမ်တွင်းကဖြစ်နေပါတယ်။ဒါ့အပြင်ထိုင်းနိုင်ငံအနှံ့မှာဆောက်ထားလိုက်တဲ့
တိုက်တာအဆောက်အဦးတွေရဲ့ ထက်ဝက်လောက်ကို မြန်မာအလုပ်သမားတွေအခမဲ့ဆောက်ပေးခဲ့ရတယ်ဆိုရင်တောင်
ဖြစ်နိုင်မယ်ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့ ထိုင်းကန်ထရိုက်တွေအတော်များများတို့ ဟာ လုပ်အားခပေးခါနီး ရင် ပန်းရံအလုပ်သမားတွေကို ပုလိပ်ခေါ်ပြီးဖမ်းခိုင်းလိုက်တာကြောင့်ဖြစ်ပါတယ်။အချို့အလုပ်ရုံတွေမှာ
လည်းဒီအပြုအမူတွေလုပ်လေ့လုပ်ထရှိပါတယ်။အလုံးစုံခြုံပြောရရင်၊မြန်မာပိုင်ရေမြေတောတောင်ကထွက်ရှိ
တဲ့သဘောဝအရင်းအမြစ်တွေကိုမြန်မာလူသားအရင်းအမြစ်တွေက ထိုင်းနိုင်ငံအတွက် အခမဲ့နီးပါးလုပ်ကိုင်ပေးနေကြရတာဖြစ်ပါတယ်။
မြန်မာ့ပင်လယ်ပြင်ကငါးပုဇွန်တွေကိုမြန်မာရေလုပ်သားတွေနဲ့ သွားဖမ်း၊ပင်လယ်အစားအစာထုတ်လုပ်တဲ့အ
လုပ်ရုံထဲက မြန်မာအလုပ်သမားတွေကလုပ်အားခနည်းနည်းနဲ့ လုပ်ပေးနေကြရတာဖြစ်ပါတယ်။ နိုင်ငံခြားထုတ်ကုန်တွေတိုးတက်ပြီးထိုင်းနိုင်ငံစီးပွားရေးကတဟုန်ထိုးတိုးတက်နေတယ်။ တစ်နေ့တခြား
တိုးတက်ဖွံ့ဖြိုးတိုးတက်လာနေတဲ့ထိုင်းနိုင်ငံမှာ နောက်ထပ်နိုင်ငံခြားအလုပ်သမားသိန်းချီလိုအပ်နေပါတယ်။
အခန်း(၄)
ထိုင်းနိုင်ငံအတွင်းကလုပ်ငန်းခွင်ပေါင်းစုံမှာ ထိုင်းလူမျိုးတွေမလုပ်တော့တဲ့ဓါတုဆေးဝါးလုပ်ငန်း၊တောင်ယာစိုက်
ပျိုးရေးလုပ်ငန်းတွေ၊ပြီးတော့ပင်လယ်ငါးဖမ်းလုပ်ငန်းတွေ၊အိမ်ဖေါ်အလုပ်သမတွေနဲ့ စက်ရုံအလုပ်ရုံတွေမှာ လုပ်အားခခေါင်းပုံဖြတ်မှုတွေ၊ဖိနှိပ်မှုတွေကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားတွေ ပြဿနာပေါ်ပေါက်
တတ်ပါတယ်။အချို့မတရားသဖြင့်သတ်ဖြတ်တာခံရတာတွေရှိပါတယ်။ငါးဖမ်းလှေတွေကထွက်ပြေးတဲ့လူ
တွေကိုပြန်မိလို့ ဖြစ်စေ၊မလုပ်နိုင်လို့ ဖြစ်စေ သတ်ဖြတ်ပြီးရေထဲပစ်ချတတ်ကြပါတယ်။ဒီလိုမြန်မာအလုပ်သမား
တွေကို ထိုင်းလူမျိုးတွေမတရားလုပ်နေတာကို မြန်မာစစ်အစိုးရအဆက်ဆက် လုံးဝဥပက္ခာပြုခဲ့ပါတယ်။ ဒါကြောင့် မြန်မာတွေကိုထိုင်းလူမျိုးတွေလုပ်ချင်တိုင်းလုပ် သတ်ချင်တိုင်းသတ်ခဲ့တာဖြစ်ပါတယ်။ဒီလိုရာဇ၀တ်မှု
ကျူးလွန်တဲ့ အလုပ်ရှင်ဖြစ်စေ၊ထိုင်းလူမျိုးဖြစ်စေ ထိုက်သင့်တဲ့ပြစ်ဒဏ်ကိုချမှတ်ခံရရင် ထိုင်းလူမျိုးတွေ ဒီလောက်ထိ လက်ရဲဇက်ရဲလုပ်မှာမဟုတ်ဘူး။ဗမာကိုသတ်လို့  ဘာမှမပြစ်မကျတော့ လက်တည့်စမ်းပြီး
သတ်ကြည့်တာတောင်ရှိကြပါတယ်။အမှားအမှန်မစဉ်းစား၊မမေးမြန်းပဲဗမာဆိုရင် ၀ိုင်းရိုက်သတ်လိုက်ကြတယ်။
ကြုံဖူးကြားဖူးကြမယ်ထင်ပါတယ်။
ထိုင်းအစိုးရမှာသတ်မှတ်ပြဌာန်းထားတဲ့အလုပ်သမားဥပဒေဆိုတာလည်းစာအုပ်ထဲမှာသာရှိပြီးလက်တွေ့ အကောင်းအထည်ဖေါ်လိုက်နာမှုကအထူးနည်းပါတယ်။အလုပ်သမားကာကွယ်ရေးဌာနတွေဆိုတာ လည်း ထိုင်းလုပ်ငန်းရှင်တွေဘက်ကသာအဓိကကာကွယ်ပေးကြတာများပါတယ်။မြန်မာအလုပ်သမားတွေဘတ်နှစ် သောင်းဝန်းကျင်လောက်ကုန်ကျခံပြီးလုပ်ကိုင်ထားကြတဲ့ယာယီနိုင်ငံကူးလက်မှတ်တွေကိုင်ဆောင်ထားပေ မယ့် ထိုင်းလုပ်ငန်းရှင်တွေနဲ့ ထိုင်းရဲတွေရဲ့အနိုင်ကျင့်နှိပ်ကွပ်မှုတွေက လျှော့ကျသွားခြင်းမရှိခဲ့ပါဘူး။ ရှုပ်ထွေးပွေလီလှတဲ့ အဲဒီယာယီပတ်စပို့ လုပ်ငန်းစဉ်ထဲမှာအစကနေအဆုံးထိ ပွဲစားတွေရဲ့လက်ထဲကို
မြန်မာ အလုပ်သမားတွေလုံးဝကျဆင်းခဲ့ရပါတော့တယ်။
ကမ္ဘောဒီယားနဲ့ လာအိုနိုင်ငံကလာတဲ့အလုပ်သမားတွေမှာ စုစုပေါင်းဘတ်ငွေ၅၀၀ခန့် သာကုန်ကျပါတယ်။
ကျနော်တို့ မြန်မာအလုပ်သမားတွေ အကုန်အကျများနေတဲ့ကိစ္စနဲ့ ရှုပ်ထွေးကြန့် ကြာနေတဲ့လုပ်ငန်းစဉ်တွေ
ကိုမြန်မာအစိုးရအနေနဲအထူးလေ့လာဆန်းစစ်သင့်ပါတယ်။အရေးတယူဆောင်ရွက်သင့်တဲ့ကိစ္စရပ်ဖြစ်
ကြောင်းတိုက်တွန်းနှိုးဆော်လိုပါတယ်။ဒီယာယီပတ်စပို့ ဟာအခြားနိုင်ငံကိုသွားလို့ ရတာမဟုတ်ဘူး၊ ထိုင်းနိုင်ငံအတွက်သီးသန့်ဖြစ်တယ်ဆိုတာကိုထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ပြီးတောနည်းပါးတဲ့လုပ်အားခ
နဲလုပ်နေကြရတဲ့အလုပ်သမားလူတန်းစားဆိုတာကိုသိဖို့လိုပါမယ်။ကုမ္ပဏီလာဖွင့်တဲ့ဗမာတွေမဟုတ်ဘူး။
ဒါကြောင့်အကုန်အကျအနည်းဆုံး၊အမြန်ဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းတွေနဲ့ လုပ်ပေးသင့်ပါတယ်။မြန်မာတွေ ထိုင်းလူမျိုးတွေနဲ့
ထိုင်းရဲတွေဆီမှာမလိုလားအပ်ပဲနဲ့ ခေါင်းပုံဖြတ်ခံနေရတာဟာ မြန်မာအစိုးရကြောင့်ဖြစ်တယ်။
လွယ်တာကိုခက်အောင်လုပ်နေလို့ဖြစ်တယ်။တသောသောလာနေတဲ့လူတွေကိုနယ်စပ်ဂိတ်တွေက လွယ်လင့် တကူယာယီနိုင်ငံကူးလက်မှတ်တွေလုပ်ပေးဖို့ သင့်တယ်။ကိုယ်တို့လုပ်ရတဲ့အလုပ်တွေက အလုပ်ကြမ်း၊
ထိုင်းဟူသမျှကိုကြောက်နေရတယ်၊အထူးသဖြင့်ထိုင်းရဲဖမ်းပြီးပြန်ပို့ ခံရမှာကိုအထူးကြောက်ရွံ့စိုးရိမ်ကြပါတယ်။
မြန်မာပြည်ကပြန်လာတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကားကုမ္ပဏီနဲ့ မဲဆောက်တံတားအောက်က
ထိုင်းလ၀က တို့မတရားငွေညှစ်နေတာတွေကို ကျနော်သတင်းရေးပြီးတင်ပြခဲ့ပါတယ်။ထိုင်းအစိုးရအနေနဲ့ 
ထိုင်းလူမျိုးတွေနစ်နာတာမဟုတ်တာကြောင့် မသိချင်ယောင်ဆောင်နေတာတော့သေချာပါတယ်။ဒီလောက်
အရေးအတွက်များပြားတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့နိုင်ငံကူးလက်မှတ်ကိစ္စမှာ ပါဝင်နေတဲ့လုပ်ငန်း
စဉ်တွေ အဆင့်တွေကို လုံးဝချုံ့ပစ်ရမှာဖြစ်ပါတယ်။မြန်မာအလုပ်သမားတွေအနေနဲ့ အကြိမ်ကြိမ်အခါအခါ
ထိုင်းလ၀ကရုံးကိုသွားနေရာတဲ့ကိစ္စရပ်တွေဟာ မြန်မာအလုပ်သမားတွေအတွက်ခက်ခဲကြန့်ကြာတဲ့အလုပ်
ဖြစ်တာမို့ပွဲစားတွေအတွက်အလုပ်ရှာပေးသလိုဖြစ်နေပါတယ်။အယင်တုန်းကထိုင်းမှာ လူကယ်ရီပို့ ဆောင်သူနဲ့အလုပ်အ ကိုင်ရှာဖွေပေးတဲ့ပွဲစားသာရှိပါတယ်။ခုတော့ ပတ်စပို့ အတွက် လ၀ကကိုသွားဖို့ ပွဲစားလုပ်ငန်းကတိုးလာပြန် တယ်။(ထုပွဲစားတိုးလာတယ်)
ဘန်ကောက်မြို့IDC ဂိတ်ပေါက်မှာ ရက်ပေါင်း၉၀ တံဆိပ်တုံးထုဖို့ သွားတဲ့မြန်မာအလုပ်သမားတွေကို ဖေါင်
ဖြည့်ခတစ်ဦးဘတ်၂၀ပေးရတဲ့လုပ်ငန်းတစ်ကလည်းဆီးကြိုနေပြန်တယ်။မဟာချိုင်လ၀ကမှာဆိုရင်ဖေါင်ဖြည့်
ခ၅၀ဘတ်ပေးရတယ်။တန်းမစီချင်ရင်ဘတ်၁၀၀ပေးလိုက်ရင်ခဏလေးအတွင်းတုံးထုပေးတယ်။ဒီစခန်း၂
နေရာမှာနေ့ စဉ် လူ၅၀၀ကနေ၁၀၀၀ အတွင်းလာရောက်တုံးထုနေကြရတယ်လို့သိရတယ်။ပြန်လည်ပြည်ဝင်ခွင့်ဗီဇာအ
တွက်မဟာချိုင်မှာ ၁၃၀၀၀ ဘတ်ပေးရင်ချက်ခြင်းတုံးထုပေးပါတယ်။ သိန်းချီပြီးတော့ယာယီပတ်စပို့ လုပ်ထားတဲ့မြန်မာအလုပ်သမားတွေအတွက် ထိုင်းလူဝင်မှုကြီးကြပ်ရေးစခန်းနဲ့ ဝန်ထမ်းတွေလုံလောက်မှု မရှိပါဘူး။ဒါကြောင့်ပွဲစားလုပ်ငန်းပေါ်ပေါက်လာတာဖြစ်တယ်။မြန်မာအလုပ်သမားအရေတွက်နဲ့ ကိုက်ညီ တဲ့ရုံးခွဲတွေထပ်မံလိုအပ်မှာဖြစ်ပါတယ်။
အဲဒီရုံးတွေမှာ ထိုင်းနဲ့မြန်မာပွဲစားတွေနဲ့မတရားခေါင်းပုံဖြတ်နေတာတွေအများကြီးရှိနေပါတယ်။
လွယ်ကူပြီးအကျိုးအမြတ်များတဲ့ယာယီပတ်စပို့ လုပ်ငန်းစဉ်အတွင်းကပွဲစားလုပ်ငန်းရဲ့အရသာကို ထိုင်းနဲ့ မြန်
မာပွဲစားတွေနဲ့ ထိုင်းအာဏာပိုင်တွေကကောင်းကောင်းသိရှိထားပြီးဖြစ်တယ်။ထိုင်းနဲ့ မြန်မာအစိုးရတို့ကလည်းကိုယ်နဲ့မဆိုင်သလိုမသိချင်ယောင်ဆောင်နေကြပါတယ်။ပြဿနာတွေကိုမရှင်းပေး
ကြဘူး။
ဒီအမြတ်ကြီးစားအုပ်စုက မကြာခင်ထိုင်းအစိုးရကခွင့်ပြုထားတဲ့ အလုပ်လုပ်ကိုင်နေထိုင်ခွင့်(ဘတ်)လုပ်ငန်းကို
တောင်မှ ၀င်ရောက်ကိုင်တွယ်ရှယ်လှယ်ဖို့ မျှော်လင့်နေကြတာကို စိုးရိမ်ထိတ်လန့် ဖွယ်ရာသိရှိရပြန်တယ်။
ကျွန်ုပ် အကြံပြုမေတ္တာရပ်ခံလိုတာက ယာယီပတ်စပို့ ဖြစ်ဖြစ်၊(ဘတ်)ဖြစ်ဖြစ် မြန်မာအလုပ်သမားတွေကို
အသက်သာဆုံးနဲ့ တကြိမ်းတည်းနဲ့ ၂နှစ် ၃နှစ် အေးအေးချမ်းချမ်း တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရရှိစေ
တဲ့နည်းလမ်းနဲ့ လုပ်ပေးစေလိုပါတယ်။တပြိုင်တည်းမှာပဲ ဘယ်အလုပ်ရှင်ရဲ့ချုပ်ချယ်ထိန်းချုပ်လို့မရနိုင်တဲ့
စနစ်များဖြစ်ဖို့ လိုပါတယ်။မြန်မာအလုပ်သမားဟာ ထိုင်းအစိုးရဆီမှာအခွန်အခပေးပြီး ထိုင်းနိုင်ငံမှာလာလုပ်
တဲ့အလုပ်သမားသာဖြစ်ရပါမယ်။မိမိသဘောနဲ့ လွတ်လွတ်လပ်လပ်ကြိုက်နှစ်သက်ရာအလုပ်မှာ ၀င်ရောက်လုပ်ကိုင်နိုင်ခွင့်ရှိသင့်ပါတယ်။အလုပ်သမားတွေဟာအစိုးရထိန်းချုပ်မှုအောက်မှာသာရှိသင့်ပါတယ်။
အလုပ်ရှင်ကလုပ်ပေးမှ မှတ်ပုံတင်ခွင့်ပြုတာဟာ အလုပ်ရှင်ကို ထိန်းချုပ်ခိုင်းလိုက်တာနဲ့အတူတူဖြစ်ပါတယ်။ ဒါကြောင့်အလုပ်ရှင်နဲ့အလုပ်သမားပြဿနာရှင်းမကုန်အောင်ရှုပ်ထွေးနေတာဖြစ်ပါတယ်။အလုပ်သမားတွေကိုင် ဆောင်တဲ့စာရွက်စာတမ်းတွေကို သိမ်းဆည်းထားခြင်း၊ထိန်းချုပ်ထားခြင်းလုံးဝမရှိရအောင် နှစ်နိုင်ငံအစိုးရ တို့ ကဥပဒေပြဌာန်းထားသင့်ပါတယ်။
အထက်ကဖေါ်ပြခဲ့တဲ့ တရားဝင်မှတ်တင်စါရင်းလျှော့နည်းလာတာ ထိုင်းနိုင်ငံအတွင်းမှာ အလုပ်သမားလျှော့
နည်းလာလို့မဟုတ်ဘူး။တရားဝင်လုပ်ထားပေမယ့်ထိုင်းရဲနဲ့ ထိုင်းအလုပ်ရှင်နှိပ်ကွတ်တာခံရတာမို့ မလုပ်ကြ
တာဖြစ်ပါတယ်။နောက်တစ်ခုက တရားမ၀င်အလုပ်သမားကိုခိုင်းစေရတာကျွန်ပြုရတာကို ထိုင်းလုပ်ငန်းရှင်တွေ
ကပိုမိုကြိုက်နှစ်သက်ကြပါတယ်။ဒါကြောင့် တရားဝင်စာရွက်စာတမ်းတွေကိုပျက်စီအောင်၊တရားမ၀င်ဖြစ်
အောင် ညစ်ပတ်လိုက်တဲ့အတွက် တရားဝင်ခွင့်တွေဆုံးရှုံးနေတဲ့မြန်မာအလုပ်သမားတွေဒုနဲ့ ဒေးဖြစ်ပါတယ်။
ဒီလိုထိုင်းလုပ်ငန်းရှင်တွေညစ်ပတ်ပြီးတရားဝင်ခွင့်ဆုံးရှုံးသွားတဲ့အလုပ်သမားတွေအတွက် ဘယ်အစိုးရ၊ဘယ်အင်ဂျီအိုတို့ကမှအချိန်ကုန်ခံပြီးဥပဒေအတွင်းကကူညီဖြေရှင်းပေးခြင်းမျိုးမရှိဘူး။ခံစရာ
ဟူသမျှဗမာကျွန်တွေပဲခံကြရတယ်။
အခန်း(၅)
ယခုအရပ်သားအစိုးရအဖြစ်အစိုးရအသစ်တက်လာပြီးတဲ့ကာလမှာဘန်ကောက်မြို့အခြေစိုက်မြန်မာသံရုံးဟာ
တစ်ခါဖူးမှ ဂရုမစိုက်ခဲ့တဲ့အလုပ်သမားတွေရဲ့ ပြဿနာအချို့ကိုမေးမြန်းစုံစမ်းကူညီလာတာအံ့သြဖွယ် ကြားသိ
လာရပါတယ်။အင်မတန်မင်္ဂလာရှိပြီးကြိုဆိုရမယ့်လုပ်ရပ်ဖြစ်ပါတယ်။သာဓကအနေနဲ့ ပြောရရင်ဧပြီလဆန်းက
မဟာချိုင်မှာကားတိုက်သေဆုံးသွားတဲ့မြန်မာအလုပ်သမားတွေကို မြန်မာသံရုံးကလာရောက်မေးမြန်းပြီး
တတ်နိုင်သမျှကူညီပေးခဲ့တယ်လို့ကြားသိရတယ်။ဧပြီလလယ်ပိုင်းကဘန်ကောက်မြို့မှာအထူးရဲတပ်ဖွဲ့ နဲ့ 
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့တို့ပူးပေါင်းကယ်ထုတ်နိုင်ခဲ့တဲ့ပိတ်လှောင်ခိုင်းစေခံမြန်မာအလုပ်
သမား ၃၉ဦးတို့ ကိစ္စကိုလည်း မေးမြန်းမှုအချို့ရှိခဲ့ပြန်တယ်။ဒါအပြင်ဧပြီလကုန်နေ့မှာလည်းထိုင်းနိုင်ငံမြောက်
ပိုင်း ဖက်ချပွန်းမှာရှိတဲ့ ကြက်သားစက်ရုံအဓိကရုဏ်းကိစ္စကိုလည်း သွားရောက်စုံစမ်းမေးမြန်းခဲ့တယ်လို့ 
အလုပ်သမားတွေပြောပြချက်အရသိရှိပြန်ပါတယ်။ကူညီတာမကူညီတာအပထား။ဒီလိုမိခင်နိုင်ငံကိုယ်စားပြုတဲ့
သံရုံးကလူကြီးမိဘတွေကကိုယ့်နိုင်ငံသားမြန်မာရွှေ့ပြောင်းအလုပ်သမားကိစ္စရပ်တွေကိုခုလိုဝင်ရောက်ပြီးတော့ ဂရုတစိုက်မေးမြန်းစုံစမ်းမှုတွေရှိခြင်းဟာသန်းချီရှိတဲ့မြန်မာအလုပ်သမားထုအတွက်အထူးဝမ်းမြောက်စရာလုပ်
ရပ်ဖြစ်ပါတယ်။
ဘန်ကောက်မြို့က မြန်မာသံရုံဟာ ထိုင်းမှာရှိတဲ့အလုပ်သမားကိစ္စတွေကို ၀င်ရောက်ကူညီပေးလာတယ်၊
မေးမြန်းစုံစမ်းလာတယ်ဆိုတာကို ထိုင်းအစိုးရနဲ့ ထိုင်းလုပ်ငန်းရှင်တွေအကုန်လုံးသိရှိလာရင်၊ထိုင်းလုပ်ငန်း
ရှင်တွေ၊ဖိနှိပ်ဆက်ဆံနေကြတဲ့ထိုင်းလူမျိုးတွေနဲ့ ဖမ်းစားနေကျထိုင်းရဲတွေဟာ မြန်မာအလုပ်သမားတွေကို
အယင်လို ပစ္စလက်ခတ်မလုပ်ရဲတော့တာတော့သေချာပါတယ်။သတင်းမီဒီယာတွေကကြားသိရတဲ့အလုပ်
သမားကိစ္စရပ်တွေ၊မတရားမှုတွေကို သက်ဆိုင်ရာစက်ရုံကို ဖုန်းကလေးဆက်ပြီး စထန်ထုဖမာ့ (မြန်မာသံရုံး) ကဆိုပြီးဖုန်းဆက်မေးရင်တောင် ကိစ္စရပ်တွေအတော်များများပြီးစီးအေးချမ်းသွားနိုင်ပါတယ်။တရားဝင်နေထိုင်
အလုပ်လုပ်ကိုင်ခွင့်စာရွက်စာတမ်းပြည့်ပြည့်စုံစုံလုပ်ကိုင်ထားတဲ့မြန်မာအလုပ်သမားတစ်ယောက်ယောက်ကို
ထိုင်းရဲကဖမ်းဆီးပြီးငွေညှစ်နေတယ်လို့ မြန်မာသံရုံးကိုချက်ချင်းတိုင်ကြားနိုင်တဲ့ဟော့လိုင်းမျိုးရှိသင့်ပါတယ်။
မြန်မာသံရုံးကလည်း (စထန်ထုဖမာ့)ကလို့ ပြောပြီး အဲဒီထိုင်းပုလိပ်ကိုယ်ပိုင်နံပါတ်နဲ့ နာမည်ကိုများမေးလိုက်
ရင် ဖမ်းစားနေကျပုလိပ်တွေလျှော့နည်းပပျောက်လာမှာဖြစ်ပါတယ်။လက်ရှိဖြစ်နေတာကထိုင်းပုလိပ်တွေက
ပတ်စပို့ ပါလားလို့ မေးတယ်၊ပြတယ်။ဝတ်ပါမစ်ပါလားမေးတယ်ပြနိုင်တယ်။ဒါပေမယ့်ကားပေါ်ခေါ်တင်သွား
တယ် အမျိုးမျိုးခြိမ်းခြောက်ပြီးငွေတောင်းတယ်။ငွေပေးမှ စာအုပ်ပြန်ပေးတယ်။ဒီလိုအနိုင်ကျင့်ခံနေကြရတယ်။
အလုပ်ရုံတွေဆိုလည်းဒီအတိုင်းဖြစ်ပါတယ်။ဘယ်တော့မှတရားသဖြင့်ရှင်းလင်းတာမရှိဘူး။
ဘာကြောင့်လဲဆိုတော့ထိုင်းနိုင်ငံအတွင်းမှာရှိကြတဲ့၇၅ရာခိုင်နုန်းထက်မနည်းတဲ့ စက်ရုံအလုပ်ရုံတွေဟာ
ထိုင်းအစိုးရသတ်မှတ်ထားတဲ့ ဥပဒေနဲ့ ညီညွတ်အောင်လုပ်နေတာမဟုတ်လို့ ဖြစ်ပါတယ်။ တကယ်ရှင်းကြလင်း
ကြမယ်ဆိုတဲ့အခါ အလုပ်ရုံအနေနဲ့ ထိခိုက်ဆုံးရှုံးမှုတွေအထူးများပြားနိုင်လို့ ဖြစ်ပါတယ်။
ဘန်ကောက်မြို့ကမြန်မာသံရုံးဟာသန်းချီရှိတဲ့မြန်မာအလုပ်သမားတွေအတွက် အားကိုးအားထားပြုနိုင်တဲ့ ရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စရပ်တွေကို ဖြေရှင်းပေးတဲ့ဌာနတစ်ခုသီးသန့် ထားရှိပြီးတော့ ဆောင် ရွက် နိုင်ဖို့လိုပါမယ်။ထိုင်းနိုင်ငံအနှ့ံပြည်နယ်အလိုက် အလုပ်သမားဆက်သွယ်မှုကွန်ယက်တည်ဆောက်ရပါမယ်။
ထိုင်းနိုင်ငံအတွင်းမှာယခင်ကတည်းက လှုပ်ရှားဆောင်ရွက်နေကြတဲ့လူထုအခြေပြုအသင်းအဖွဲ့ တွေနဲ့ ပူး ပေါင်းသင့်တာတွေကိုပူးပေါင်းရပါမယ်။အပြန်အလှန်တလေးတစားနဲ့ သတင်းအချက်အလက်ဖလှယ်
တာတွေလုပ်သင့်ပါတယ်။ယာယီပတ်စပို့လုပ်ငန်းစဉ်နဲ့ (ဘတ်)လုပ်ငန်းစဉ်တွေအတွက် ထိုင်းအစိုးရ အယင်သတ်မှတ်ထားတဲ့ဥပဒေတွေကို သေချာလေ့လာပြီး မြန်မာအလုပ်သမားတွေ အတွက် ၀န်ထုတ်ဝန်ပိုး
ဖြစ်နေတာတွေကို တင်ပြတောင်းဆိုပေးနိုင်ရပါမယ်။ပွဲစားတွေနဲ့ လုပ်နေရတဲ့စာရွက်စာတမ်း ကိစ္စဟူသမျှကို
အဆိုပါစင်တာက နေ့ စဉ်ဆောင်ရွက်ပေးခြင်းအားဖြင့် အလုပ်သမားတွေဆီကသတင်း အချက်အလက်တွေ
ကိုအမြဲရရှိနေမှာဖြစ်ပါတယ်။
မြန်မာအစိုးရသစ်အနေနဲ့ကာကွယ်စောင့်ရှောက်မှုပေးနိုင်မှုအပေါ်မူတည်ပြီးလွတ်လပ်တဲ့အသင်းအပင်းတွေ
ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ စုပေါင်းလုပ်ဆောင်တတ်တဲ့ အလေ့အကျင့်ကောင်းတွေလည်းရရှိလာ
မှာဖြစ်ပါ တယ်။ ထိုမှတဆင့် အလုပ်သမားတွေရဲ့ ပညာရေး၊ကျမ္မာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ
ပေါ်ပေါက်လာမှာဖြစ်ပါတယ်။သန်းချီရှိတဲ့မြန်မာအလုပ်သမားတွေထဲက တိုင်းပြည်ပြန်လည်တည်ဆောက်ရေး
အတွက် တတ်သိ ကျွမ်းကျင်အလုပ်သမားတွေအမြောက်အများပေါ်ထွန်းလာနိုင်ပါတယ်။
ပြည်ပမှာမိဝေးဖဝေးလာရောက်အလုပ်လုပ်ကိုင်နေသူတွေအတွက်ဖိဖိစီးစီဆောင်ရွက်သင့်ပါတယ်။ကာကွယ်
စောင့်ရှောက်မှုပေးသင့်ပါတယ်။ ဒီလိုလုပ်ငန်းစဉ်တွေကို မြန်မာအစိုးရသစ်အနေနဲ့ မြန်မြန်အကောင် အထည်
ဖေါ်လာခဲ့မယ်ဆိုရင် ထိုင်းအလုပ်ရှင်နှင့်ထိုင်းရဲတို့ နှိပ်ကွပ်မှုတွေ မတရားခေါင်းပုံဖြတ်မှုတွေ တဖြည်းဖြည်း
လျော့နည်း ပပျောက်လာပါမယ်။တပြိုင်တည်းမှာ အမိတိုင်းပြည်ကို ပြန်ပို့ ငွေတွေများပြားလာမှာဖြစ်ပါတယ်။
အလုပ်သမားကိစ္စတစ်ခုနှစ်ခုကို သတင်းဝင်မေးပြီး ယခုတက်နေတဲ့မြန်မာအစိုးရသစ်ဟာ အရပ်သားအစိုးရ
စစ်စစ်ဖြစ်ကြောင်း၊ နိုင်ငံတကာမျက်နှာစာမှာ ကြေညာလိုတာမျိုးမဖြစ်ပါစေနဲ့ လို့ဆုတောင်းပါတယ်။
အစိုးရသစ်ဟာ ထိုင်းရောက်မြန်မာအလုပ်သမားတွေရဲ့အရေးကိစ္စတွေကို တကယ်ပဲထိထိရောက်ရောက်
ကာကွယ် စောင့်ရှောက်ပေးနိုင်ပါစေလို့ အလုပ်သမား တွေရဲ့ကိုယ်စားအလေးအနက်ဆန္ဒပြုလိုက်ပါတယ်။
** ကျော်သောင်း**

No comments:
Post a Comment