တစ်ခါက အိမ်လေးတစ်လုံးမှာ မိသားစုဝင်တွေ အများကြီးနေထိုင်ကြတယ်တဲ့။
> သူတို့တွေအပြင် သူတို့မွေးထားတဲ့ ခွေးရယ်၊ ကြောင်ရယ်၊ ကြက်ရယ်၊ ဘဲရယ်၊
> ၀က်ရယ်ဟာလည်း အဲဒီအိမ်ထဲမှာပဲ လူတွေနှင့်အတူတူရောပြီး နေကြပါတယ်တဲ့။ ဒီအခါမှာ
> အိမ်ထောင်ဦးစီးလုပ်တဲ့ ယောကျာ်းက “အင်း....ငါ့အိမ်လေးက သေးသေးလေးနှင့်
> နေတဲ့သူတွေက များတော့ နေရထိုင်ရတာ ကျဉ်းကျပ်နေတယ်။ ဘာလုပ်ရင် ကောင်းမလဲ”
> ဆိုပြီး တွေးသတဲ့။ နောက်ဆုံးတော့ အကြံဉာဏ်တောင်းဖို့ ပညာရှိတစ်ယောက်ဆီကို
> ထွက်လာခဲ့တယ်။ အဲဒီ ပညာရှိဆီကို ရောက်တော့ အကျိုးအကြောင်းပြောပြပြီး
> အကြံဉာဏ်တောင်းခံတယ်ပေါ့။ ဒီအခါမှာ ပညာရှိက အဲဒီယောကျာ်းကို အိမ်ကြီးကြီး၊
> ခြံကျယ်ကျယ်နှင့်ပြောင်းနေဖို့ အကြံပေးတယ်၊ ယောကျာ်းက သူငွေကြေး
> မတတ်နိုင်ကြောင်း ပြောတယ်။ ဒါဆို မိသားစုထဲက တချို့ ကို
> တခြားပြောင်းပြီးထားဖို့ ပြောတယ်။ ဒါလည်း မဖြစ်နိုင်ကြောင်းပြန်ဖြေတယ်။
> ဒါဖြစ်ရင် မွေးထားတဲ့ တိရစ္ဆာန်တွေကို တစ်နည်းနည်းနှင့် လျှော့လိုက်ဖို့ပြောတယ်။
> ဒါလည်း မဖြစ်နိုင်ကြောင်း ယောကျာ်းက ပြန်ဖြေတယ်။ နောက်ဆုံးတော့ ပညာရှိက
> ဒီလိုဖြစ်ရင် အဲဒီအိမ်ထဲမှာ နောက်ထပ် နွားတစ်ကောင်ရယ်၊ သိုးတစ်ကောင်ရယ်၊
> ဆိတ်တစ်ကောင်ရယ် ထပ်ပြီး မွေးဖို့ အကြံပေးတယ်။ အဲဒီလိုမွေးပြီးလို့
> နှစ်ပတ်လောက်ကြာရင် သူ့ဆီပြန်လာပြီး အကျိုးအကြောင်းပြောဖို့လည်း မှာလိုက်တယ်။
>
> အိမ်ရှင်ယောကျာ်းလည်း ပညာရှိပြောတဲ့အတိုင်း နောက်ထပ် နွားရယ်၊ သိုးရယ်၊
> ဆိတ်ရယ်ကို ထပ်ပြီး အိမ်ထဲမှာ မွေးလိုက်တယ်တဲ့။ နဂိုကမှ ကျပ်နေတဲ့အိမ်မှာ
> နောက်ထပ် တိရစ္ဆာန်တွေထပ်မွေးလိုက်တော့ ပိုပြီးတော့ ကျပ်သွားတာပေါ့။ ဒါနဲ့
> နှစ်ပတ်နေတော့ အိမ်ရှင်ယောကျာ်းဟာ ပညာရှိဆီကို ပြန်သွားပြောသတဲ့။ သူ့အိမ်ဟာ
> အရင်ကထက် ပိုပြီးကျပ်သွားပါပြီ။ လှည့်လို့ ပြုလို့တောင်
> မရနိုင်အောင်ဖြစ်နေပါပြီလို့ ပြောတာပေါ့။ ဒီတော့ ပညာရှိလုပ်တဲ့သူက ဒါဆိုရင်
> နောက်ဆုံးမွေးထားတဲ့ နွားရယ်၊ သိုးရယ်၊ ဆိတ်ရယ်ကို ပြန်ပြီး
> ရောင်းလိုက်တော့လို့ ပြောသတဲ့။ အိမ်ရှင်ယောကျာ်းလည်း
> ပညာရှိပြောလိုက်တဲ့အတိုင်း နောက်ဆုံးမွေးထားတဲ့ အကောင် သုံးကောင်ကို
> ပြန်ပြီးရောင်းလိုက်တယ်။ အဲဒီလို အကောင်တွေ ရောင်းလိုက်ပြီးတဲ့အခါမှာတော့
> သူ့အိမ်ဟာ နေလို့ထိုင်လို့ တအားကောင်းသွားပြီး သိသိသာသာကြီးကို
> ချောင်ချိသွားတာကို ခံစားလိုက်ရပါတော့တယ်တဲ့။
>
ညီရေ ပထမပုံပြင်လေးကတော့ ဒီလောက်ပါဘဲနော်။ ညီလည်း တကယ်လို့ တစ်ချိန်ချိန်မှာ
> ယူထားရတဲ့ တာဝန်ဝတ္တရားတွေ တအားများနေပြီလို့ ကိုယ့်ဖာသာထင်တဲ့အခါကျရင်
> ဒီပုံပြင်လေးထဲကအတိုင်း နွားရယ်၊ သိုးရယ်၊ ဆိတ်ရယ် ထပ်ပြီးဝယ်ကြည့်လိုက်ပါလို့
> အကို အကြံပေးချင်ပါတယ်။
>
> ညီ့ကို နောက်ထပ် ပုံပြင်တစ်ပုဒ်ထပ်ပြောပြအုံးမယ်
။
> တခါတုန်းက နွားကျောင်းသားတစ်ယောက်ဟာ နေ့တိုင်း တောအုပ်လေးတစ်ခုနားက
> မြက်ခင်းစားကျက်ကောင်းကောင်းရှိတဲ့နေရာမှာ သူ့နွားတွေကို
> အမြဲကျောင်းလေ့ရှိသတဲ့။ အဲဒီနေရာရောက်ရင်လည်း သူက
> သစ်ပင်ရိပ်ကောင်းကောင်းတစ်ခုအောက်မှာ ခဏလောက် အိပ်တတ်တယ်တဲ့။
> သူအိပ်နေတဲ့အချိန်မှာ နွားတွေ လျှောက်ထွက်မသွားရအောင် နွားတွေကိုလည်း
> သစ်ပင်တွေမှာ ကြိုးရှည်ရှည်နှင့် ချည်ထားတတ်တယ်တဲ့။ တစ်ရက်တော့ သူဟာ
> လုပ်နေကျအတိုင်း နွားတွေကို သစ်ပင်တွေမှာ ချည်ဖို့လုပ်တော့ နွားတစ်ကောင်အတွက်
> ချည်စရာကြိုး မေ့ပြီး ပါမလာတာ သတိထားမိလိုက်တယ်။
> ကျန်တဲ့နွားတွေအကုန်ချည်ပြီးကာမှ ဒီတစ်ကောင်ထဲ ကွက်ကျန်နေတော့
> သူဘာလုပ်ရမှန်းမသိဘူးဖြစ်သွားတယ်။ သူအကြံအိုက်နေတုန်းမှာ အဲဒီအနားကို
> တောအုပ်ထဲမှာ နေတဲ့ ပညာရှိတစ်ယောက်ဖြတ်သွားတာနှင့်ကြုံတာနှင့်
> အဲဒီပညာရှိပုဂ္ဂိုလ်ကို လှမ်းခေါ်ပြီး အကြံဉာဏ်တောင်းခံသတဲ့။ ဒီတော့ ပညာရှိက
> “ဒါမခက်ပါဘူး။ နေ့တိုင်းလုပ်နေကျအတိုင်းဘဲ အဲဒီနွားရဲ့ လည်ပင်းမှာ
> ကြိုးချည်သလိုလုပ်၊ နောက်သစ်ပင်မှာ ချည်သလိုလုပ်။ ဒါဆို အဲဒီနွား ဘယ်မှ
> ထွက်မသွားတော့ပါဘူး” လို့ အကြံပေးတယ်။ ဒါနဲ့ နွားကျောင်းသားလည်း
> ပညာရှိပေးတဲ့အကြံအတိုင်း နွားလည်ပင်းမှာ ကြိုးချည်ဟန်ဆောင်၊ သစ်ပင်မှာ
> အဲဒီကြိုးကို ချည်ဟန်ဆောင်လိုက်တယ်တဲ့။ ဒီအခါ နွားက သူ့ကို နေ့တိုင်းလုပ်နေကျ
> သစ်ပင်မှာ ကြိုးနှင့်ချည်ထားတယ်လို့ပဲ ယူဆပြီး အဲဒီသစ်ပင်နားက ဘယ်မှထွက်မသွားပဲ
> အေးအေးလူလူထိုင်ပြီး စားမြုပ်ပြန်နေတော့တာပေါ့။ ဒီတော့ နွားကျောင်းသားလည်း
> ဟန်ကျပြီဆိုပြီး ပုံမှန် အိပ်နေကျအတိုင်း သစ်ပင်အောက်မှာ စိတ်ချလက်ချနှင့်
> တစ်ရေးတစ်မော အိပ်လိုက်တော့တယ်တဲ့။
>
> ညနေ အိပ်ယာကနိုးလို့ နွားတွေကို အိမ်ပြန်ကျောင်းရတော့မယ့်အချိန်ရောက်တော့
> သစ်ပင်တွေမှာချည်ထားတဲ့ကြိုးတွေကို လိုက်ပြီးဖြေပေးတာပေါ့။
> ကြိုးမချည်ထားတဲ့နွားကတော့ ဘာမှ လုပ်စရာမလိုဘူးပေါ့။ ဒါပေမယ့်
> နွားအားလုံးအသီးသီး အိမ်ဘက်လှည့်ပြန်ကြချိန်မှာတော့ ခုနကြိုးမချည်ထားတဲ့နွားက
> သစ်ပင်အောက်မှာဘဲ ဘယ်မှမသွားဘဲ ဆက်ပြီးထိုင်နေတယ်တဲ့။ သူ့ကို အတင်းမောင်းလည်း
> မထဘူးတဲ့။ ဒါနဲ့ နွားကျောင်းသားလည်း ဘာလုပ်ရမှန်းမသိတော့လို့ ပညာရှိဆီကို
> ပြေးမေးရသတဲ့။ ဘာလုပ်ရမလဲပေါ့။
>
> ဒီတော့ ပညာရှိက ခုန သစ်ပင်မှာ နွားကို ကြိုးချည်ဟန်ဆောင်ခဲ့သလိုမျိုးဘဲ အခု
> တစ်ခါမှာ ကြိုးဖြေဟန်ဆောင်လိုက်ဖို့ ပြောလိုက်တယ်။ နွားကျောင်းသားလည်း
> ပညာရှိမှာလိုက်သလို နွားကို သစ်ပင်ကနေ ကြိုးဖြေလိုက်ဟန် လုပ်ပေးလိုက်ပြီး
> သွားခိုင်းတော့မှ နွားဟာ ထိုင်နေရာကနေ ထပြီး တခြားနွားတွေနှင့်အတူရောပြီး
> အိမ်ပြန်ပါတော့တယ်တဲ့။
>
> ဒုတိယပုံပြင်လေးကတော့ ဒီလောက်ပါဘဲ ညီရေ။ အကိုတို့ ညီတို့တွေလည်း ဘ၀မှာ
> ဒီနွားလိုမျိုး အကျင့်ပါနေလို့
> ကြိုးအဖြေထိုင်စောင့်နေမိတာတွေဘယ်လောက်ရှိမလဲမသိဘူးနော်။
>
> နောက်ဆုံးအနေနှင့်တော့ ထုံးစံအတိုင်း ဘာသာရေးလေး နည်းနည်းပြောတာပေါ့ ညီရာ။
> အကိုတို့ တွေအားလုံးဟာ စိတ်ချမ်းသာမှု၊ စိတ်ငြိမ်းချမ်းမှုကို လိုချင်ကြတယ်။
> အဲဒါကို ရဖို့အတွက်လည်း နည်းအမျိုးမျိုးနှင့်ကြိုးစားနေကြတယ်။ နောက်ပြီး
> ပြောတတ်ကြတယ်။ ငါစိတ်ချမ်းသာတယ်။ သူက ငါ့ကိုစိတ်ချမ်းသာအောင်လုပ်ပေးတယ်။ ငါ
> စိတ်ချမ်းသာချင်တယ်။ ငါက သူ့ကို စိတ်ချမ်းသာစေချင်တယ်။ စသည်ဖြင့်ပေါ့။ တကယ်တော့
> စိတ်ချမ်းသာမှု၊ ငြိမ်းချမ်းမှုဆိုတာ သဘာဝတရားတစ်ခုသာဖြစ်လို့ လုပ်ယူလို့
> မရပါဘူး။ တစ်ယောက်ကနေ အခြားတစ်ယောက်ကို လုပ်ပေးလို့လည်း မရပါဘူး။
> လုံလောက်တဲ့အကြောင်းတွေ တိုက်ဆိုင်မှသာ သူ့ဖာသာသူ ပေါ်ပေါက်တတ်တဲ့
> သဘောတစ်ခုသာဖြစ်ပါတယ်။ ငြိမ်းချမ်းမှု၊ စိတ်ချမ်းသာမှုကို
> ကြိုက်နှစ်သက်လိုချင်နေတဲ့စိတ်အခြေခံကိုက အဲဒီ ငြိမ်းချမ်းမှုနှင့်
> ဝေးစေတယ်လို့ဆိုပါတယ်။
>
> ဒါနှင့်ပတ်သက်ပြီး တရားပြဆရာတစ်ဦး ရှင်းပြထားတာလေးကို
> တဆင့်ဖောက်သည်ချချင်ပါတယ်။ သူက ဥပမာပေးတာက *I like peace* ဆိုတဲ့ ၀ါကျမှာ
> စစချင်း *I* ဆိုတာကို စဖယ်လိုက်ပါတဲ့။ ဒါဆိုရင် *like peace* ဆိုတာပဲ
> ကျန်ပါမယ်တဲ့။ အဲဒီကနေတခါ *like* ဆိုတာကိုပါ ထပ်ဖယ်ပါတဲ့။ ဒါဆိုရင်
> နောက်ဆုံးမှာ *peace* ဆိုတာပဲကျန်တော့မယ်လို့ ပြောပါတယ်။
>
> ညီလည်း အခုဒီဘက်နှစ်တွေထဲမှာ တရားတွေကို စာတွေ့ရော၊ လက်တွေ့ရော
> လေ့လာအားထုတ်နေတဲ့သူမို့ ဒီဥပမာလေး ဘာဆိုလိုတယ်ဆိုတာကို
> သဘောပေါက်ပြီးသားဖြစ်လိမ့်မယ်လို့ အကိုယုံကြည်ပါတယ်ညီရေ။
**လွမ်းနေ သူ**

No comments:
Post a Comment