ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, June 17, 2011

တစိမ့်စိမ့်

>
သူဘာကို ကြောက်နေသနည်း။ ပျင်းပျင်းအိအိ ရွာသွန်းနေသော မိုးစက်များ အောက်၌ ကျွန်တော် လမ်းလျှောက်နေရင်း မရေမရာ ထပ်၍ မေးခွန်း တွေးမိပြန်သည်။ ဘာကို ကြောက်နေသနည်း။ မဟုတ်။
သူ ဘာကို ကြောက်သွားခဲ့သနည်းဟု တွေးရမည်။ ကျွန်တော့် လက်များသည် သူ့ကို ထွေးပွေ့ခဲ့သည့် အငွေ့အသက် နွေးနွေးလေး ကျန်နေသေး၏။ သူ့ခမျာ ကျွန်တော် ထွေးပွေ့ ထားသည့် ကြားမှပင် မျက်စိနှစ်ဖက် ပြူးကျယ်လျက်၊ လက်သီး နှစ်ဖက်အား ကျစ်ကျစ်ပါအောင် ဆုပ်လျက်၊ ပါးစပ်ကြီးဟလျက် ကြောက်လန့်တကြား ဝေဒနာ ခံစားရင်း ကျဆုံး သွားလေပြီ။ သူ့ဇနီးသည် ပင့်ဆောင်လာသော ဆရာဝန်သည် ကျွန်တော့်ကို သူ့အနီးမှ ခေါ်ဆောင်သွားပြီး ခေါင်းယမ်းပြသည်။ ကျွန်တော်က ရောဂါကို မေးသည်။ ဆရာဝန် ခေါင်းခါပြသည်။ သူ့ဇနီးလာလည်း မငို။ သူ့ကို တွေတွေကြီး စိုက်၍ကြည့်နေသည်။

“သေဆုံးမှု ထောက်ခံစာ ရေးပေးခဲ့မယ်ဗျာ။ ခင်ဗျား မြို့နယ် ကျန်းမာရေးရုံးမှာ သင်္ချိုင်း လက်မှတ် လုပ်တတ်သလား။ ရပ်ကွက် ထောက်ခံစာတော့ လိုတယ်”

ဆရာဝန်က ပြောပြော ဆိုဆို စာရွက်တစ်ရွက်၌ ထောက်ခံစာ ရေးပေးသည်။ ကျွန်တော် မိုးရေထဲမှာ ဆက်လျှောက်နေရင်း အတွင်း အိတ်ကပ်ထဲမှ စာရွက်နှစ် ရွက်စမ်းမိ၏။ ကိုင်ထားသော ထီးကို ပခုံးကြား၌ ညှပ်လိုက်ပြီး ဆရာဝန်၏ ထောက်ခံစာ အား ဖတ်ကြည့်မိသည်။ အဆုတ် ရောဂါဟု သေဆုံးမှု ရောဂါဖြစ်စဉ်၌ ရေးမှတ်ထား၏။ သူ့ခမျာ အဆုတ်ရောဂါ ခံစားခဲ့ရသည်မှာ သုံးနှစ် ကျော်လေပြီ။

ထိုရောဂါကို ကျွန်တော် စိတ်မ၀င်စား။
ဆရာဝန်လည်း စိတ် မ၀င်စား။
သူ့ဇနီးသည်လည်း စိတ်မ၀င်စား။
ကျွန်တော်တို့ သုံးဦး စလုံး စိတ်ဝင်စားသည်မှာ တစ်ခုတည်းသာ။
သူဘာကို ကြောက်နေသနည်း။ ကြောက်သွားခဲ့သနည်း။

ရွှေပေါက်ကံ နာရေး ကူညီမှု အသင်းမှ ရုပ်ကလာပ် သယ်ဆောင်မည့် ကားနှင့် အတူ ထိုအသင်းမှ အမှု ဆောင်ဖြစ်သူ ကိုဘိုဘိုလည်း ပါလာခဲ့သည်။ ကျွန်တော်က အကြောင်းကြားသူ ဖြစ်နေသဖြင့် ကိုဘိုဘို မေးမြန်း သည်များကို ဖြေဆို နေရပါသည်။ သူနှင့် ကျွန်တော် ယခင်ကပင် ရင်းနှီး နေကြသည်။

“ကာယကံရှင်နဲ့ ဘာတော်လဲဗျ။ ခင်ဗျား ဆွေမျိုးလား”

“ရေးဖော်ရေးဖက်တွေ ပါဗျာ။ သူက နယ်ကလာတာ”

“သားမယားကော”
ကျွန်တော်က မေးငေါ့ ၍ သူ့ဇနီး ထိုင်နေရာသို့ ပြလိုက်သည်။
“သားသမီး မရှိဘူးပေါ့”

“ဟုတ်တယ်။ နှစ်ယောက်တည်းနေတာ။ သိပ် အဆင်မပြေဘူးဗျ။ ဒီကိစ္စ တွေလည်း နားမလည်ကြ ဘူး။

“ကျွန်တော် သဘော ပေါက်ပြီ။ အခုတစ်ခါတည်း”

ကိုဘိုဘိုက စကား ဖြတ်လိုက်ပြီး ကျွန်တော့်ကို မေးခွန်းပါသည့် အကြည့်ဖြင့် ကြည့်သည်။ အိမ်ပေါ်မှာက ကျွန်တော်၊ အရပ်ထဲမှ လူငယ်သုံးဦး၊ သူ့ဇနီးနှင့် ကိုဘိုဘို၊ ပြီးတော့ ရုပ်က လာပ် သယ်ဆောင်သွားမည့် ယာဉ်မောင်းတို့သာ ရှိကြသည်။ စင်စစ် ထိုကဲ့သို့ တိတ်ဆိတ် ခြောက်သွေ့နေသည်ကို ကျွန်တော် မကြိုက်။ အသုဘမှာ ပြဇာတ်အစမ်း တိုက်နေသည်နှင့်ပင် တူနေတော့သည်။ သူ့ဇနီးက အခန်းထောင့်၌ ကုပ်ကုပ်ကွေးကွေး ထိုင်နေဆဲပင်။ မည်သို့ လေ့ကျင့်ထားသည် မသိ။ အခန်းထောင့်သို့ တိုးဝင် ပျောက်ကွယ်သွားမတတ် ကုပ်၍ကွေး၍ ထိုင်နေသည်။ အသံလည်း မထွက်။ ဟိုဟိုဒီဒီလည်း မကြည့်။ သေဆုံးသူမှာ သူ့လင်ဟုပင် ထင်စရာ မရှိ။

ကိုဘိုဘိုက သက်ပြင်း ချရင်း ကျွန်တော့်ကို အပြင်သို့ ထွက်ခဲ့ပါရန် မျက်နှာရိပ် မျက်နှာကဲဖြင့် ခေါ်လိုက်သည်။ ပါဝါ မျက်မှန်ကို ပင့် တင်ရင်း ကိုဘိုဘိုက ကျွန်တော့်ကို ကွေ့၍ အပြင် ဘက်သို့ ထွက်သွား၏။ အပြင်မှာလည်း မဏ္ဍပ်ကို ၀ါတာဖလူး အဟောင်းဖြင့် ၀ါးလုံးနှစ်ချောင်း ထောက်၍ မည်ကာမတ္တ ထိုးထားသည်။

“ကဲ ဘာရှော့ရှိလဲ။ ပွင့်ပွင့်လင်းလင်း ပြောဗျာ ကိုစိုး။ ကျွန်တော် ဖီလင် မလာဘူး ဖြစ်နေတယ်။ ဘာ ရောဂါလဲဗျ”

ကိုဘိုဘိုက သူ့လက်ထဲ မှာ ကိုင်ထားသည့် သေဆုံးမှု ထောက်ခံစာပါ ရောဂါ အမည်အား ပြန်ကြည့်နေရင်း ဖြင့် မေးခွန်း ထုတ်လာတော့သည်။
“အသက်က ၃၈ နှစ် နော်”

“ဟုတ်တယ်။ မှတ်ပုံ တင်ထဲက အတိုင်း ဖြည့်ထားတာ”

“ဘာတွေဖြစ်နေတာ လဲဗျ”

“ဘာကိုလဲ ကိုဘိုဘို”

“လူလည်း တစ်ယောက်မှ မရှိဘူး။ ပြီးတော့ သူ့မိန်းမက ဘာလဲ။ ဂေါက်လား”

ကျွန်တော် စိတ်ရှုပ် သွားမိသည်။
“မဂေါက်ပါဘူးဗျ။ မငိုတတ်လို့ နေပါလိမ့်မယ်”

“ဘာလဲ ဒါပဲလား”

ကိုဘိုဘိုက စာရေး ဆရာမလားဟု လက်ဟန်ဖြင့် မေးလာခြင်းပင်။
ကျွန်တော် ခေါင်းခါပြ ရင်း-
“ပန်းချီဆွဲတာ”
ဟု ပြောလိုက်မိသည်။

“သြော် ထင်တော့ထင်သား။ ကဲဗျာ အချိန် မရှိဘူး။ အခုဟာက တစ်ခါတည်း မီးသင်္ဂြိုဟ်မှာနော်၊ ဟုတ်ရဲ့လား”

“လုပ်ရမှာပဲ ကိုဘိုဘို။ သူ့မိန်းမကို မေးပြီးပြီ။ ဒီမှာလည်း ဘယ်သူမှ မရှိဘူး။ လိုက်ပို့မယ့်သူတောင် ရှိတာ မဟုတ်ဘူး။ အဲလိုပဲ ကောင်းပါတယ်ဗျာနော်”

“ဒါတော့ ခင်ဗျားတို့ အပိုင်းပဲဗျ။ ရေခဲတိုက် ထားချင်ရင် ထားပေးမယ်။ တစ်ခါတည်း သင်္ဂြိုဟ်လည်း ရတယ်။ ခင်ဗျားတော့ လိုက်ခဲ့ရမယ်နော်။ သူ့မိန်းမ လိုက်ရင်တော့..... ”

“ကျွန်တော် တက္ကစီ ငှားထားသေးတယ်”

“အေးလေဗျာ။ ဒါဆို လည်း ကျွန်တော်တို့ သယ်တော့မယ်။ ရော့ လက်မှတ်ထိုး”

ကိုဘိုဘို ကမ်းပေးလာ သည့်စာရွက်များကို ယူပြီး လက်မှတ် ထိုးရသည်။
ကျွန်တော် အိမ်ပေါ် ပြန် ရောက်လာသောအခါ သူ့ မိန်းမထံ ခွင့်ပြုကြောင်း တောင်းခံရန် တိုးတိုးပင် မေး မိသည်။

“တစ်ခါတည်း သင်္ဂြိုဟ်မှာ သေချာတယ်နော် နုနုမိုး ၊ သယ်သွားတော့မှာ”

“ဟင် ဟင် ဘာလဲဟင်”

နုနုမိုးက ကျွန်တော် လက်တို့၍ ပြောသည်ကို ပြန် နားထောင်ရင်း မေးခွန်းထုတ်
လာပြန်သည်။ ကိုဘိုဘိုလည်း အနားသို့ ရောက်လာသည်။
“ရေအိုးတွေ ဘာတွေ ခွဲ ဦးမှာလား။ သက်ပျောက် ဆွမ်းကော”

“ဘာလဲဟင်၊ ရေအိုး ဟုတ်လား အခုလား”

“တော်ပြီ တော်ပြီ ရပြီ။ ကဲ- ကိုစိုးရေ၊ ခင်ဗျားတို့ ကားပေါ်ကသာ စောင့်နေ ပေတော့၊ သယ်မယ်ဟေ့”

“ကျွန်တော်လည်း ၀ိုင်းသယ်မယ်လေ”

ကျွန်တော်က အိမ်ထဲ သို့ သယ်ယူလာသော အခေါင်းဖုံးကြီးအား ဘေးသို့ ဖယ်ပေးရင်း သူတို့ကို ငေး ကြည့်နေမိသည်။ တကယ် တော့ ကျွန်တော် ဘာမှ ကူညီဖို့မလို။ အရပ်ထဲမှ လူငယ် သုံးလေးဦးနှင့် ကိုဘို ဘိုတို့နှစ်ဦး ထုပ်ပိုး၍ လွယ်လွယ်ကူကူပင် သယ်ဆောင် သွားကြသည်။ မိနစ်ဝက်မျှ ဖြင့်ပင် ကားပေါ်သို့ ရောက် သွားခဲ့လေပြီ။

“နုနုမိုးရေ သွားစို့ဟေ့”

ကျွန်တော့် လှုံ့ဆော်မှု ကြောင့် အမျိုးသမီး ကပျာကယာ ထ၍ အိမ်အောက်သို့ ဆင်းလာတော့သည်။ ပတ်ဝန်းကျင် အိမ်များက ထွက် ကြည့်နေကြ၏။ သူ့အသုဘမှာ ဘာမှ ကြီးကျယ် ခမ်းနားခြင်း မရှိ။ လိုက်ပါပို့ဆောင်သူမှာ ကျွန်တော်နှင့် သူ့ဇနီးသည် နှစ်ဦးသာ။ မိုးမှာ ပျင်းရိငြီးငွေ့ဖွယ်ရာ တစိမ့်စိမ့် ရွာနေလျက်ပင်။

သူ ဘာကိုကြောက်နေသနည်း။ သူသည် ထိုအကြောက် ရောဂါကို ရုတ်ခြည်းရလိုက် သည်မဟုတ်။
ကျွန်တော်နှင့်သူ စာပေတိုက် အသီးသီး၊ မဂ္ဂဇင်းတိုက် အသီးသီးသို့ ခြေတို အောင် လျှောက်ခဲ့ကြသည်မှာ ငါးနှစ် ခရီးသို့ တိုင်ခဲ့ပြီ။ သူက ကျွန်တော့်ထက် ၀တ္ထုတို အဖွဲ့အနွဲ့ ပို၍ စူးရှ၏။ ထို့ပြင် ခေတ်ပေါ် ကဗျာပိုင်း၌ ပို၍ ခရီး တွင်နေသူ ဖြစ်သည်။
သူနှင့် ကျွန်တော် ရင်းနှီးခဲ့သည်မှာ ထိုင်းနိုင်ငံ၌ဖြစ် သည်။ ထိုစဉ်က ၁၉၉၇ ခုနှစ်။ သူက သင်္ဘောသား။ ကျွန်တော်က အိမ်ခန်းဖွင့်စား သူ။ စကားစပ်ဟပ်၍ ပြောမိ ကြရင်း ပုဇွန်တောင် အ.ထ.က ၄ ကျောင်းထွက် များဖြစ်နေကြသဖြင့် ဘန် ကောက်သို့ သင်္ဘောဝင်လေ တိုင်း သူက ကျွန်တော့်အိမ် မှာ တည်းခိုတော့သည်။

၂၀၀၀ ပြည့်နှစ်၌ မြန်မာပြည်သို့ ကျွန်တော် ပြန်ရောက်ခဲ့သည်။ ရုပ်ရှင်နှင့် ဗီဒီယိုနယ်သို့ ဇာတ်ညွှန်းရေး ဆရာ အဖြစ် တိုးဝင်ခဲ့၏။ ကျွန်တော်နှင့် ၀ိုင်း (ယခု သရုပ်ဆောင်၊ ဒါရိုက်တာ) ဖြစ်နေသူတို့ လိပ်ကန်လမ်း၌ တိုက်ခန်းတစ်ခန်း ငှား၍ နေဖြစ်ကြသည်။ ကျွန်တော်၏ ဇာတ်ညွှန်းရေး ဆရာဘ၀မှာ အဆင် မချောလှပေ။ စိန်ဌေး ဗီဒီယို၊ ထားဝယ် ဗီဒီယို၊ စနိုးဝှိုက် ဗီဒီယို ကုမ္ပဏီများသို့ ဇာတ်ညွှန်းများ သွားပေးပို့၍ အသုံးတော် ခံခွင့်ရရန် ကြိုးပမ်း၏။ တပည့်သား တစ်ဦး အဖြစ် ပညာသင်ခွင့် ပေးပါရန် ကြိုးပမ်းခဲ့၏။ အဆင် မချောခဲ့ချေ။

ဝိုင်းက ကျွန်တော့်ကို ကူညီပါသည်။သူနှင့်အတူ ရိုက်ကွင်းရှိရာ ရုပ်ရှင်ခြံများသို့ လေ့လာ ပါစေရန် ခေါ် ဆောင်သွားသည်။ ဒါရိုက်တာ နောင်ထွန်းလွင်တို့ ညီအစ်ကိုများ ရိုက်ကူးသည့် ဇာတ်ကားများအား လေ့လာစေ သည်။ သို့ရာတွင် ကျွန်တော် အခြေမလှခဲ့။ နောက်တော့ ကျွန်တော် လက်လျှော့လိုက်တော့သည်။ နဂိုရှိရင်းစွဲ စာပေ ၀ါသနာလေးကို ပြန်၍ ပျိုးထောင်ကာ ၀တ္ထုတို နယ်မြေသို့ တိုးဝင်ပါ တော့သည်။ ဤတွင် သူနှင့် ကျွန်တော် ပြန်ဆုံခဲ့ရတော့သည်။

သူ့ဝတ္ထုတို အတွက် စာမူ ခထုတ်ရန် မှုခင်းရောင်စုံ မဂ္ဂဇင်းတိုက်သို့ ရောက်လာခိုက် သူက ကျွန်တော့်ကို မှတ်မိသွားခြင်းပင်။ ကျွန်တော်က ဆရာ နန္ဒာမိုးကြယ်နှင့် စကား ကောင်းနေသည်မို့ သူရောက် လာသည်ကို မမြင်လိုက်ပေ။

“ကိုစိုးစိုး”
ဟု သူက ကျွန်တော့်ကို လှမ်းနှုတ်ဆက်သည်။

ထိုနာမည်မှာ ကျွန်တော်၏ သီးခြားနာမည် ဖြစ်၍ သူ့ကို အထူးတလည် ကြည့်ဖြစ်ပါသည်။
“ဟာ- ကိုမိုးနောင်၊ ခင်ဗျား ဘာလာလုပ်”
သူက လက်ထဲမှ မဂ္ဂဇင်းကို ထောင်ပြသည်။ ပြီးတော့....
“စာရေး နေပြီဗျ။ စာမူခ လာထုတ်တာ”
“အလဲ့လဲ့”

ကျွန်တော် အံ့အားသင့် လွန်းသဖြင့် ထိုင်နေရာမှ ထပြီး သူ့လက်ထဲမှ မဂ္ဂဇင်းကို ဆွဲယူ လိုက်ဖြစ်သည်။ သူက ဖိတ်ခေါ်လာတော့သည်။
“လာဗျာ၊ လက်ဖက်ရည် သောက်ရအောင်”

“အောင်မယ်၊ စာရေးဆရာ လေသံပါလား၊ ဟေ ဟေ့”

ကျွန်တော်က ကိုယ်ပိုင် ဓလေ့စရိုက် အတိုင်း ခပ်လှောင်လှောင် ပြောရင်းသူနှင့် အတူ ထွက်လာခဲ့တော့သည်။
“ခင်ဗျား ၀တ္ထုတွေ ဖတ်ရတယ်ဗျ။ ရွှေမှာ မဟုတ်လား”

“အဖြစ်ပါဗျာ”

“ခင်ဗျားက သတိ္တရှိ သားပဲဗျ။ ခင်ဗျား တကယ် ဖြစ်မယ့်လူပဲ”

“တော်စမ်းဗျာ။ ခင်ဗျား လက်ဖက်ရည် တိုက်ရမယ့် လူနော်”

“တကယ်ပြောတာဗျ။ ခင်ဗျားက ပျင်းနေတုန်းပဲလား။ ဘန်ကောက်မှာတုန်း ကလို မလုပ်နဲ့နော်။ ကျွန်တော် တကယ်ပြောတာ”

သူက လေးလေးနက်နက် ပြောလာသည်မို့ ကျွန်တော် သက်ပြင်းလေး ခိုး၍ ချမိသည်။ စင်စစ် ကျွန်တော် ၀တ္ထုတို ရေးဖြစ်သည်မှာ ကြာခဲ့လေပြီ။ ၁၉၉၀ ခုနှစ် နောက်ပိုင်းမှ စ၍ ၀တ္ထုတိုများ ရေးနေခဲ့ပြီး ဖြစ်သည်။ သို့ရာတွင် စာမျက်နှာထက်သို့ ပုံနှိပ်ခွင့် ရရန် ကျွန်တော် မကြိုးစား။ ရေးပြီး ပစ်ထားလိုက်သည်က များ၏။

သူနှင့် ကျွန်တော် ဘန်ကောက်တွင် ရင်းနှီး လာခိုက်သူက ကျွန်တော့်ကို အကြံပေးသည်။ ကျွန်တော် ရေး ပြီးသမျှ ၀တ္ထုတိုများအား သူကိုယ်တိုင် ရွေးချယ်တည်း ဖြတ်၍ ၀တ္ထုတို ပေါင်းချုပ် ထုတ်ရန် အကြံပေးခြင်းပင်။ ထိုအကြံနှင့် တကွ သူသင်္ဘော ထွက်သောအခါ ကျွန်တော့် ၀တ္ထုတို စာမူများ ပွေ့ပိုက်ယူ ဆောင်သွားပါတော့သည်။

သင်္ဘောမှ ပြန်ရောက် လာသောအခါ သူရွေးချယ် ထားသော ၀တ္ထုတိုများအား စနစ်တကျ ရေးမှတ်ပြီး သူ ကိုယ်တိုင် အမှာစာရေး၍ ရန်ကုန်သို့ ပို့ရန် တိုက်တွန်းပါ တော့သည်။

“နေစမ်းပါဦးဗျ။ ဘယ်တိုက်က ထုတ်ခိုင်းမှာလဲ”

“အိုဗျာ ခင်ဗျား ပိုက်ဆံ တတ်နိုင်တာပဲ၊ ဒီလိုလုပ်ဗျာ ဂျူးစာပေတိုက်ကို ပို့လိုက်။ သူက တာဝန်ခံ ထုတ်ပေးရုံပဲ။ ပိုက်ဆံက ခင်ဗျား ဘာသာစိုက်”

ရယ်တော့ ရယ်ရပါ သည်။ ကျွန်တော်တို့သည် မြန်မာစာပေ လောကအစ နှမ်းတစ်စေ့မျှ မသိခဲ့ပါတကား။ ရယ်စရာ ကောင်းသော ထိုဖြစ်ရပ်အား ဆက်၍ တင်ပြပါဦးမည်။ ကျွန်တော် ရန်ကုန်မြေသို့ ပြန်ရောက်ခိုက် စာရေး ဆရာမဂျူးရှိရာ နေအိမ်သို့ သွားရောက် တွေ့ဆုံခဲ့ရသည်။ အဆင်သင့် ဆရာမဂျူးကို တွေ့ခွင့်ရ၏။

ကျွန်တော်က စာမူများ ပို့လိုက်ကြောင်း၊ အဆင်ပြေလျှင် ထုတ်ချင်ပါကြောင်း၊ ငွေကြေးလည်း အဆင်ပြေပါ ကြောင်း စသည်ဖြင့် ရှင်းပြ ပါသည်။ ဆရာမ ဂျူးက ကျွန်တော့်ကို အလွန်အားနာ စွာဖြင့် ရှင်းပြပါသည်။ ကျွန်တော်၏ စာမူများသည် စာတိုက်မှ ထုတ်ယူ၍ မရကြောင်း၊ ပါဆယ်၌ ရေးထားသော ဆရာမဂျူးဟူ သည့် ကလောင်အမည်ဖြင့် မှတ်ပုံတင်အား ပြုလုပ်ထား ခြင်း မရှိကြောင်း၊ တခြား အထောက်အထားလည်း ပြ ရန်မရှိ၍ ရွေးယူ၍ မရခဲ့ကြောင်း၊ အမည်ရင်း မတင် တင်ဝင်း ဟူသည့် မှတ်ပုံတင် သာရှိကြောင်း ရှင်းပြသည်။

ကံကောင်းပါသည်။ ကျွန်တော်တို့၏ မနူးမနပ် စာပေ အတွေ့အကြုံ လေးဖြင့် ရေးထားသော ၀တ္ထု တိုများအား ဆရာမဂျူး ဖတ်ခွင့် မကြုံသည်မှာ ကံကောင်းပါသည်။ ကျွန်တော်သည်လည်း တိုတိတိုနံ့ စာပေ ၀ါသနာလေးအား ချက်ချင်းပင် ဆွဲနုတ် လိုက်ရတော့သည်။ သူက ထိုလုပ်ရပ်ကို မကျေနပ်ပေ။ စာပေဟူသည် တသသသွေး နေရသည့် အတတ် ပညာမျိုးဟု သုံးသပ်ခဲ့၏။ သူ မည်သို့ ပင် တိုက်တွန်းစေကာမူ ကျွန်တော် လက်တွန့် နေတော့၏။

“ကဲ ခင်ဗျား ဘာလို့ ၀တ္ထုတွေ ပြန်ရေးတာလဲ”
သူက လက်ဖက်ရည် ဆိုင်၌ အကျအန မေးခွန်း ထုတ်၏။

ကျွန်တော်က ရုပ်ရှင် ဇာတ်ညွှန်းနယ်မှ စွန့်စားခန်း အတိုအထွာလေးများ ရှင်းပြပြီး နောက်ဆုံး ၀တ္ထုတိုနယ်၌ သောင်တင်မိကြောင်း ရှင်းပြပါသည်။

“ခင်ဗျား ရွေးချယ်တာ မှန်တယ်ဗျ။ ခင်ဗျားဟာ ၀တ္ထုတို လက်ဗျ”

“တော်စမ်းဗျာ၊ ဆရာမ ဂျူးကို တွေ့ရင် နှုတ်မဆက်ဝံ့ဘူး။ အဲဒါခင်ဗျား မွှေတာ”

သူက တဟဲဟဲရယ်ပါ တော့သည်။
“နေစမ်းပါဦး၊ ခင်ဗျား သင်္ဘော မတက်တော့ဘူးလား”
သူက စုတ်သပ်လိုက်သည်။ ကျွန်တော်ကမေး၏။

“ဘာဖြစ်သလဲဗျ”

“ကျုပ်တို့က ဘလက်တွေဗျ။ ဘလက်ခေတ် မရှိ တော့ဘူးလေ”

သူဆိုလိုသည်မှာ သူ သည် သင်္ဘောသားအစစ် အမှန်မဟုတ်။ ဘန်ကောက်၌ ရှိသော အေးဂျင့်များမှ တစ်ဆင့် သင်္ဘောသားလိုင်စင် အတုများဖြင့် ကျင်လည်ခဲ့သော သင်္ဘောသားများ အဖြစ်ကို ပြောနေခြင်းပင်။
“အခုဟာက စီဒီစီ အတုနဲ့ မရတော့ဘူးဗျ။ အေးဂျင့် တွေကလည်း ရန်ကုန်မှာ အကုန်ရောက်နေပြီ။ မျိုးကန်း ပြီပေါ့ဗျာ”

သူ့ဒုက္ခကို ကျွန်တော် ရယ်လိုက်ဖြစ်သည်။ ဤသည်မှာ ကျွန်တော့်အကျင့် ဟောင်းဖြစ်၍ သူက စိတ်မဆိုး။ ကျွန်တော် ရယ်နေသည့် ကြားမှ မေးခွန်းများ တစ်ခုပြီး တစ်ခု ထုတ်ပါတော့သည်။ ကျွန်တော် အိမ်ထောင် မရှိသေးသည်ကို လည်းကောင်း၊ ဘကြီး ဖြစ်သူနှင့် လွတ်လွတ်လပ်လပ် နေနေ သည်ကိုလည်းကောင်း၊ စာတို ပေစလေးများ ရေးရင်း စာပေနယ်၌ ယောင်ပေပေ လုပ်နေသည်ကို လည်းကောင်း၊ အခွင့်သာလျှင် နိုင်ငံကြီး တစ်နိုင်ငံသို့ ဗီဇာရရန် ကြံစည် နေသည်ကို လည်းကောင်း သူ သိနိုင်သမျှ သိသွားပါ တော့သည်။

“ကျုပ် ခင်ဗျားနဲ့ လာနေမယ်ဗျာ ဖြစ်ရဲ့လား”

“ဟာ၊ ဟန်ကျတာပဲ အောက်ထပ် အခန်းက လွတ်နေတယ်ဗျ။ ခင်ဗျားလာမှ ကျွန်တော်လည်း ဘကြီးကို လှိမ့်လို့ရမှာ။ လခတစ်ယောက်တစ်ဝက် ပေးမယ်လေ။ ခင်ဗျား လာခဲ့ဗျာ။ မဟုတ်ရင် ဘကြီးနဲ့ နေရတာ ဒုက္ခဗျ”

“လခက များလား။ ကျုပ် ဘိုင်ကျ နေတယ်နော်”

“အဲဒါ မပူပါနဲ့ဗျာ။ ကျွန်တော့်ဆို ဘကြီးက မငှားဘူး။ ခင်ဗျားက ငှားတယ်လို့ အမည်ခံရုံပဲ။ လခလည်း ကျွန်တော် ပေးပါ့မယ်၊ လာခဲ့ဗျာ”
သူက ကျွန်တော့်ကို မအံ့သြသလို ပြန်၍ရယ်မော နေပါတော့သည်။

“သူ့ကိုမြင်ရင် လူထုကို မြင်ရတဲ့အတိုင်း”
မဆိုးဘူးဗျ၊
ဟု သူက ကျွန်တော့် ကဗျာ ၀တ္ထုကို ဖတ်ရင်းအသံ ထွက်၍ မှတ်ချက်ချပါသည်။

ပြီးတော့-
“ဘာလို့ ဆက်မရေးတာလဲ”
ဟု မေးပြန်၏။ ကျွန်တော်က သူ့လက်ထဲမှ ကဗျာ စာရွက်ရှည်များအား ပြန်ယူလိုက်ပြီး မဂ္ဂဇင်း အဟောင်းကြားသို့ ညှပ်ထားလိုက်သည်။

“အဲဒါ ခင်ဗျားကို ကြည့်ပြီး စပ်ထားတာလေ။ ခင်ဗျား ဘာဆက်ဖြစ်မယ် ဆိုတာမှ ကျွန်တော် မသိသေးတာ။ ဆံပင်က ပွသရောင်း၊ လွယ်အိတ် ဖားဖားကြီး လွယ်၊ ပုဆိုးက နွမ်းနွမ်း၊ ဆေးလိပ် မီးပေါက်တွေက ဗရပွ၊ မျက်စိက သုန်သုန်မှုန်မှုန်နဲ့ ခင်ဗျားဟာ အဘိုးကြီး ပေါက်စ ဖြစ်နေပြီ။ ခင်ဗျားထက် ငယ်တဲ့ ကိုကိုဇော်တို့၊ ကိုတည်တံ့တို့တောင် ခင်ဗျားလို မပေမတေဘူး။ ကျကျနန ၀တ်သေးတယ်။ ခင်ဗျား ကတော့”.....

သူက စိတ်ရှုပ်ဟန်ဖြင့် လက်ကို ဆတ်ခနဲ မြှောက်ရင်း တော်စမ်းဗျာ ဟူသော အသံ တိတ်ဟန့်တားမှုကို ပြုလာသည်။ ပြီးတော့....
“ဒီဗျ...”

သူက ဒီမှာဗျဟု ပြောလိုခြင်းပင်။ စကားလော သွားသဖြင့် ဒီဗျဟုသာ ပြော ရင်း သူ့ဓလေ့စရိုက်အတိုင်း စုတ်သပ်လိုက်ပြန်၏။
“ဖောက်ပြန်နေတဲ့၊ ကျွတ်- ဒီဖောက်ပြန်နေတဲ့ စာပေ အသိုင်းအ၀ိုင်းထဲမှာ ကျုပ်ကို ဘာထင်ထင် ဂရု မစိုက်ဘူးဗျာ။ ၃ နှစ်ရှိပြီ၊ ၃ နှစ်ရှိပြီ။ ခင်ဗျားတို့ ၀တ္ထုတို ရေးတဲ့သူတွေ တော်တော် အိုက်တင် ထုတ်တယ်ဗျာ။ ကြည့်လိုက်ရင် ခေတ်ကြီးကို ပခုံးနဲ့ ထမ်းထားသလိုလို၊ ဘာလိုလိုနဲ့ တကယ် ဘယ် သူမှ ခေတ်သရုပ်ကို မကျေ ညက်ပါဘူးဗျာ။ ကျုပ်ကို လာမလုပ်နဲ့၊ ဒါပဲ”

ကျွန်တော် သူ့ကို သဘော ကျလွန်းသဖြင့် ရယ်နေမိသည်။ သူ့မှာ အတော်ကြီး စိတ်ရှုပ်ထွေးနေရှာ၏။ တစ်လောကပင် သူ့ အစ်မဖြစ်သူ ကျွန်တော့် အိမ်သို့ ရောက်ရှိ လာခဲ့သေးသည်။ အကြောင်း ကိစ္စမှာ သူ့အား ကိုရီးယားနိုင်ငံသို့ အလုပ်ဖြင့် သွားရောက် နေထိုင်ရန် နားချ ပေးစေဖို့ ဖြစ်သည်။ သည့်မတိုင်ခင်ကလည်း နိုင်ငံရပ်ခြားမှ မိတ်ဆွေ အပေါင်း အသင်းများထံမှ ဆက်သွယ် ခေါ်ဆိုမှုများ ရှိခဲ့ကြသည်။

သူ့ အသိုင်းအ၀ိုင်းသည်ကား နိုင်ငံရပ်ခြား စွမ်းအားရှင်များချည်း ပြည့်နှက်နေသည်။ နိုင်ငံခြား၌ မရှိသော မိသားစုဝင် ဟူ၍ မရှိသ လောက်ပင်။ သူ့မိဘ မောင်နှမများခမျာ သူ့ကြောင့် အရှက်ကြီး ရှက်နေကြ ရရှာသည်။ ရှင်းရှင်း ပြောရပါလျှင် ကျွန်တော်သည်ပင် အညှောက် မပေါက်တော့သည့် သစ်ငုတ်တို ဘ၀မျိုးဟု အထင်အမြင်သေး ခံနေရသည်။ ကျွန်တော်နှင့် ပေါင်း၍ မောင်မင်းကြီးသား ယခု ကဲ့သို့ တစ်တိုင်းပြည်လုံးအား ပခုံးဖြင့် ထမ်းသူလို ဒုက္ခ ကြီးမားလှသော ၀တ္ထုတို ဆရာ၊ ကဗျာဆရာ ဖြစ်နေရသည်ဟု ထင်ကြသည်။

“ခင်ဗျားအရင်က ဒီလို မဟုတ်ပါဘူး။ စမတ်ကျကျ နေတာပါဗျာ”
ကျွန်တော်က ရိသဲ့သဲ့ ပြောလိုက်ခြင်းပင်။

“အေးလေဗျာ။ တစ်လ တစ်လ ဒေါ်လာလေး စားရပါမယ့် အရေး ကိုယ်ရည်သွေး ရသေးတာကိုး။ သင်္ဘော အေးဂျင့်တွေနဲ့ ပြောရ ဆိုရတော့ ၀တ်ရစားရတာလေ ဗျာ။ တော်စမ်းပါဗျာ။ ဒီ သောက်သုံးမကျတဲ့ ဘ၀။ တွေးတာနဲ့ ကြောက်လွန်းလို့”

သူက ကြောက်လွန်းလို့ ဟူသော စကားကို မဲ့ကာရွဲ့ကာ ပြောလိုက်ခြင်းပင်။ အဖက် မလုပ်ချင်သော သဘောဖြင့် ပြောလိုက်ခြင်းသာ ဖြစ်သည်။ သူသည် စာပေလောက သမားစစ်စစ် ဖြစ်ရန် အသွေး အသားအရသော် လည်းကောင်း၊ အတွင်းမဟိဒ်္ဓိ သဘော အရသော်လည်း ကောင်းရာနှုန်း ပြည့်ဝနေ ရှာပြီ။ သူ့အရပ် အမောင်း ကြီးမှာ ငါးပေရှစ် လက်မ ဖြစ်သည့်အပြင် ကိုယ်ကာယမှာ လည်း တောင့်တင်းကြံ့ခိုင်လှ သဖြင့် ဆံပင် ပွသရောင်းကြီးနှင့် မျက်နှာထိ မျက်နှာထား တင်းမာခက်ထန် လှသဖြင့် စိတ်အချဉ်ပေါက်နေသော ဒေါသကုမာရကြီးနှင့် တူနေတော့သည်။ သူ့ပုံစံကို မြင်ရသည်နှင့် ဘယ်သူမှ ဂရု မစိုက်ဘူးကွ ဟူသော ဆောင် ပုဒ်ကို အလိုလိုမြင်ယောင် လာမိတော့၏။

“ခင်ဗျားက ဘာလို့ ၀တ္ထုတွေ ဆက်မရေးတာလဲ။ ဖောက်ပြန်ပြီလား”

သူက ထိုဖောက်ပြန်ပြီလား ဟူသော မေးခွန်းကို မကြာခဏ မေးတတ်သည်။ ထိုမေးခွန်းကြောင့်ပင် ရေး ဖော်ရေးဖက်များ ကြား၌ ကတောက်ကဆတ် ဖြစ်ရ ပေါင်းများလှပြီ။

“ကျွန်တော် ရေးတယ်ဗျ၊ ခင်ဗျားလိုပဲ အရွေးမခံ ရတာ။ အယ်ဒီတာတွေက မရွေးတာဗျ။ ရှင်းလား။ ဘာ မှ သောက်သုံးကျတဲ့ အယ်ဒီတာတွေ မဟုတ်ဘူး။ စာမူလေး တစ်ပုဒ်ဖတ်ဖို့ ကြောက် ချေးပါနေတာနဲ့ ပြီးတော့တာ ပဲ။ အယ်ဒီတာ လုပ်ပြီး ကိုယ်ရေးကိုယ်တာတွေ များနေတယ်။ ဘာလုပ်လို့ ရမှာလဲ”

“သောက်သုံးမကျ တော့ပါဘူးဗျာ”
သူက လေသံပျော့သွား ရင်း ထောက်ခံစကား ၀င်ပြောပါသည်။

ကျွန်တော်က သူ့ကို ပြန် ၍ ပေါက်ကွဲပြမိတော့သည်။
“ခင်ဗျား ကဗျာတွေဟာ စာမျက်နှာပေါ်ကနေ ချက်ချင်း ခုန်ထွက်ပြီး ဒီမှာဗျ၊ ဒီလို ဖြစ်နေပြီဗျလို့ ပြည်သူ့ ကိုယ်စား ပြောနေတဲ့ ကဗျာ မျိုးတွေချည်းပဲ။ အယ်ဒီတာတွေ ဘာမှ အသုံးမကျဘူး။ လှန်တောင် လှန်ကြည့်ရဲ့လား မသိပါဘူးဗျာ။ မေးလိုက်ရင် ပယ်တယ်ဆိုတာချည်းပဲ။ ရောင်တော်ပြန်နဲ့ ရောလွှတ် နေတယ်”

“ဖောက်ပြန်ပြီဗျ၊ အဲဒါ ပဲ၊ အဲဒါပဲ”
သူက သွေးနည်းနည်း ဆူလာပြီမို့ ဆံပင်ကို ခပ်ပြင်းပြင်း ဆွဲဖွရင်း ကျွန်တော် ကဗျာ လက်ရေးမူများ ညှပ်ထားသည့် မဂ္ဂဇင်းဟောင်းကို ဆွဲယူကာ လှန်လှောနေသည်။

သူ့အခန်းလေးမှာ ဖြန့်ချိရေး လုပ်သော မိတ်ဆွေ စာပေ သမားတစ်ဦး လာရောက် အပ်နှံထားသည့် တင်ထုတ် စာအုပ် လေးငါးမျိုးကြောင့် ပိတ်ကျပ်၍ နေသည်။ ထိုစာ အုပ်များကိုပင် ဖင်ထိုင်ခုံပြု၍ ထိုင်ရ၏။ ဆယ်ပေမပြည့် တပြည့် အခန်းလေးမို့ စာအုပ် နှင့် လူရောနှော၍ သိုလှောင် ထားသကဲ့သို့ပင်။

“ခင်ဗျား ဂမ်္ဘီရ၊ ဂမ္ဘီရက်တွေ၊ သရဲတစ္ဆေတွေ ရေးသေးလား”

သူ့အသံက မောင်းတင် ထားသည့် အသံမျိုးမို့ ကျွန်တော်မဖြေ။ ပခုံးကို ဟန် ပါပါတွန့်ရင်း ဘာသိဘာသာ နေလိုက်၏။ သူက ထိုကဲ့သို့ လက်လွတ်စပယ် ရေးနေသော ရေးဖော်ရေးဖက်များ အား ဟန်ဆောင်၍ပင် ပြုံး မပြချင်သူ။

“ခင်ဗျားနဲ့ တွေ့တွေ့ နေ ရလို့ပါ”

သူဆိုလိုသည်မှာ ကျွန်တော်နှင့် လက်ပွန်းတတီး နေသူများမှာ ထိုစာပေ များကို အစဉ်တစိုက် ရေး သားသူများဟု ဆိုလိုက်ခြင်းပင်။

“ခေတ်ကြီးက ပခုံး ဘယ်လောက် တောင့်သလဲလို့ စမ်းနေပြီဗျ။ ခင်ဗျားက ၀မ်းရေး မပူရတော့ ရှောင်နိုင်တာ ပေါ့ဗျာ။ ခင်ဗျား လူတွေတော့ စုံးစုံး မြုပ်တော့မှာပဲ၊ ဖောက်ပြန်တာပေါ့ဗျာ”
“ဒါပေါ့ဗျာ၊ မရေးရင် ၀မ်းရေးက ပူတာကိုး”

“မလုပ်နဲ့နော်၊ ခင်ဗျား သွားမလုပ်နဲ့၊ ခေတ်ကြီးက စာမျက်နှာသစ် ၀ုန်းခနဲ ဖွင့် လိုက်တာနဲ့ ဒီစာပေတွေ ကဲ့ရဲ့ခံရမှာ၊ ရေးစားတဲ့ သူတွေ စာပေဘေး သင့်မှာဗျ။ ဦးနှောက် ခွဲစားတဲ့ သူခိုးတွေ ဖြစ်မှာပဲ”

ကျွန်တော် ဘာမှ ၀င်မပြောချင်တော့ပေ။ သူ့ ဝေဖန် ခြိမ်းခြောက်သံများကို မကြာခဏ ကြားဖူးနေ၍ ဖြစ်သည်။ တကယ်တော့ သူရော ကျွန်တော်ပါ စာပေနယ်၌ အပေါင်းအသင်း ဆံ့လာသည် မှတစ်ပါး စာပေမှတ်တိုင်ဟူ၍ မရှိကြသေး။ မည်သူမျှလည်း အရေး မပေးကြသေး။ ထိုကဲ့သို့ နံဘေးမှ ထိုင်ဆဲ သည်မျိုးသာ စာပေအရသာ ဖြစ်၍ နေတော့၏။

ကျွန်တော့်ထက် စာရင် သူက ပို၍ အပေါင်းအသင်း ဆံ့သေးသည်။ လေထန်ကုန်းမှာ သူကျင်လည်၏။ အယ်ဒီတာ မျိုးစုံနှင့် သိကျွမ်း၏။ မြန်မာပြည် အထက်ပိုင်းက မြစ်ကြီးနား၊ လွိုင်ကော်၊ မကွေး၊ ပျဉ်းမနား၊ ဖြူးနှင့် အောက်ပြည်အောက်ရွာ နယ်ဘက်သို့ ခြေဆန့်နိုင်ခဲ့သူ ဖြစ်သည်။

သူ့ဝတ္ထုတိုနှင့် ကဗျာများမှာ ကျွန်တော့်ထက် ထိရောက်၍ အရေအတွက် များခဲ့သည်။ ကျွန်တော်ကား ကြိမ်နှင့် တို့ခါမှ ရုန်းချင်သော နွား ငပျင်းကဲ့သို့ ဖြစ်နေ၏။ စာဖတ်ရသည်ကို အရသာခံ လွန်းသဖြင့် တော်တော်နှင့် မရေးဖြစ်ချေ။ ရေးပြီးပြန်လျှင် ထိုစာမူကို ပြန်၍ သုံးသပ် နေသဖြင့် မပို့ဖြစ်။ ပို့ပါမည့် အရေး အတွေး၌ အယ်ဒီတာကို ဆန်းစစ်နေသည်က ကြာနေပြန်သည်။

ကျွန်တော်သည် တွေတွေဝေေ၀ သမားဖြစ်၍ နေလေပြီ။ ရှေ့လည်း မတိုး၊ နောက်လည်း မဆုတ်သာ။ မြစ်အီနေသည့် လှေတစ်စင်းကဲ့သို့ ဖြစ်နေတော့၏။ သူကတော့ ရေးသည်၊ ပို့သည်။ ဆဲသည်။ ပေါက်ကွဲသည်။ ကျွန်တော်က သူ့ကိုကြည့်ပြီး ရယ်မြဲ ရယ်နေမိတော့သည်။

သူအိမ်ထောင် ကျသွားသဖြင့် ကျွန်တော့် ဘကြီးထံ အခန်းပြန်အပ်ပြီး ယခု နေထိုင်ခဲ့သော ဒဂုံတောင်ပိုင်း ၁၃၃ ရပ်ကွက်သို့ ပြောင်းသွားခဲ့သည်။ သူနှင့် ကျွန်တော် မဆုံတစ်ချက်၊ ဆုံတစ်ချက်သာ။ သူက သူ့မိဘ သားချင်းများနှင့် မဆက်ဆံ လိုသောကြောင့် မည်သူ လာမေးမေး လိပ်စာ မပြောပါရန် ကျွန်တော့်ကို မှာထားသည်။ သူ့ဆန္ဒမှာ သူကြောင့် ပြည့်ခဲ့သည် မဟုတ်။ သူ့မိဘများက သူ၏ သတို့သမီး အတွက် သတင်းစာထဲ၌ သားအဖြစ် စွန့်လွှတ်ကြောင်း မင်္ဂလာ လက်ဖွဲ့ ထည့်ပေးလိုက်၍ပင်။ မည်သူမျှလည်း ကျွန်တော့် ထံ မလာခဲ့ကြ။

သူ့ဇနီး နုနုမိုးသည် ပန်းချီကျောင်းမှ ကျောင်းဆင်း တစ်ဦးဟု သိရသည်။ ပိန်ပိန်ကပ်ကပ်၊ အေးတိအေး စက်ဖြင့် အပျင်းကြီးသည့် ကြောင်ပျိုမလို နေတတ်သူ ဖြစ်သည်။ သူ့ယောက်ျား ဘယ်လို လူစား ဆိုသည်ကို ကျကျနန သိပုံမပေါ်။ နယ်မှ ရန်ကုန်သို့ ပန်းချီ ပညာသင် ကြားရန် ရောက်လာသည်ဟု သာ ကျွန်တော် သိရသည်။ နွမ်းပါးသည်။ ဗဟန်းသီလ ရှင်ကျောင်း၌ မှီခိုနေသည်။ မိဘများ မရှိကြတော့ဟု သဲ့သဲ့ကြားရ၏။ ရုပ်ဆင်း သွင်ပြင်မှာ စတိုးဆိုင်၌ ရောင်းကျန်အဖြစ် ပစ်ထားသည့် အရုပ် တစ်ရုပ်လို ဆွေး မြည့်နွမ်းရိလွန်းလှ၏။ ဘယ်လို ပန်းချီမျိုးကို ဆွဲသလဲဟု ကျွန်တော် မမေးမိ။ ဆွဲနေ သည်ကိုလည်း တစ်ခါမျှ မမြင်ခဲ့ဖူးပေ။ ပန်းချီဟူ သော စကားလုံးကိုပင် စာလုံးပေါင်း တတ်ပါလေစဟု သံသယ ဖြစ်မိသည်။ သူနှင့် ယှဉ်လိုက်ပါလျှင် ဧရာမလူ ထွားလူသန်ကြီး ကလေး ထိန်းနေသည်နှင့် တူလှတော့သည်။

မင်္ဂလာ ပွဲသည်က ပို၍ပင် တိတ်ဆိတ်ခြောက်သွေ့လှ၏။ အရက်ပုလင်းတစ်လုံး ထောင်ထားသည်။ ထိုစားပွဲ၏ အကျယ်အ၀န်းမှာ လူကြီး ခေါင်းအုံး တစ်လုံးစာမျှ ရှိ၏။ အောက်ခြေတစ်ဖက်က ပြုတ်နေသဖြင့် ကလေး နို့မှုန့်ဘူးဟောင်းကို ပြောင်းပြန်လှန်၍ ခုခံ ထားရ၏။ အရက်နှင့် မြည်းရန် ပဲကြမ်းသုပ်အား ကြက်သွန်နီ ခပ်ကြမ်းကြမ်းလေး စိတ်စိတ်လျက် သံပရာသီး နှစ်ခြမ်းခြမ်း၍ ထည့်ထား၏။ ဆေးလိပ်တစ်ဘူး ဖွင့်ထားသည်။ သောက်ရေ အဖြစ် ရေချိုင့် တစ်ချိုင့်ချ ထားပြီး ပလတ်စတစ် ကော်ခွက်မှာ တလှုပ်လှုပ်။ ဖန်ခွက်က အမျိုးအမည်၊ အရွယ်အစား အကွဲကွဲအပြား ပြားလေးလုံး။ သူ့ဇနီးလောင်း လက်စွမ်း ပြထားသည့် ကြက်ဥမွှေကြော် ပန်းကန်သည် စားပွဲစွန်း၌ ရှည်ထွက်နေ၏။ ကျွန်တော်နှင့် အယ်ဒီတာ တစ်ဦး၊ ပန်းချီဆရာ တစ်ဦး တက်ရောက်ကြပါသည်။

“ဖြစ်သလိုပဲဗျာ။ အားတော့နာတယ်။ ၀ယ်ရ ခြမ်းရတာ ကျွန်တော်ကလည်း မကျွမ်းဘူးဗျ။ လုပ်ကြနော်။ ဟေ့လူ ကိုစိုး လုပ်လေဗျာ”ကျွန်တော်က စိတ်မသက်မသာဖြင့် ပုလင်းကို စ၍ဖွင့်သည်။ သို့သော် ကျွန်တော့်ဝသီ အတိုင်း ပါးစပ်က ထွက်သွားမိ၏။

“ကျွန်တော်က ကိစ္စ မရှိဘူး။ ကိုနွေတို့ကို အားနာတာ။ ခင်ဗျားဗျာ၊ ကျွန်တော်တို့လည်း ရှိနေတဲ့ဟာ။ ဒီကိစ္စ မျိုးက၊ ကျွတ် ခက်တယ်ဗျာ”

“ဟာ- ကိစ္စ မရှိဘူး။ ကိစ္စ မရှိဘူး။ ကိုဝေ ဖြစ်တယ်၊ ဖြစ်တယ်”

“ရပါတယ်ဗျာ၊ ကိုဝေကလည်း”
အယ်ဒီတာ ကိုနွေနှင့် ပန်းချီဆရာ ကိုမောက်တို့က ၀င်၍ အားဖြည့် စကားပြော ကြပါသည်။ သူတို့ ခွက်များကိုလည်း လှမ်းကိုင်ကြပါ သည်။ ကျွန်တော်က ဦးဆောင် ခေါ်လာခဲ့မိ၍ ဘ၀င် မကျမိချေ။

“မဟုတ်ဘူးဗျ၊ ဒါ အသိုင်းအ၀ိုင်းနဲ့ ဆိုင်တယ်။ ကျွန်တော်တို့ပါ တာဝန် မကျေရာ ကျတာပေါ့၊ ဟုတ် ဘူးလား”
“ဟာဗျာ- ကိုဝေကလည်း”

အယ်ဒီတာ ကိုနွေက ကျွန်တော့်ကလောင် အမည်ကို ခေါ်ရင်း စကား ဖြတ်ခိုင်းသည်။ သူက ရယ်ကျဲကျဲဖြင့် ကြည့်နေ၏။ သူ့ သတို့သမီးကလည်း ခေါင်းမှ ဆံပင်များကို နားသယ်စပ်သို့ ဆွဲဆွဲ သပ်ရင်း ပြူးတူးကြောင်တောင် ဖြစ်နေ၏။ ကျွန်တော်က ဘကြီး ပေးလိုက်သည့် လက်ဖွဲ့ စာအိတ်နှင့် ကျွန်တော့်လက်ဖွဲ့ စာအိတ်ကို ပူးတွဲ ပေးလိုက်ရင်း....

“သောက်ကျိုးနည်းအောင် သက်တော်ရှည်လို့၊ ကလေးများများ မွေးနိုင်ကြ ပါစေဗျာ။ ကဲ- ချီးယား”

ကိုနွေတို့က ရယ်မောကြရင်း အရက်ခွက်များ မြှောက်ကြ၏။ သူတို့ လင်မယား၏ အိမ်ကလေးမှာ မဖြစ်မနေ အိမ်ဆောက်ရမည် ဟူ၍ မြေပိုင်ရှင်မှ အသက်သာဆုံး ဆောက်လုပ်ထားသော အိမ်လေး ဖြစ်လိမ့်မည်။ ကျွန်တော့် ဆုပေးသံမှာ ထိုအိမ်မျိုးနှင့် မဖြစ်နိုင်။ မင်္ဂလာပွဲ ကျင်းပနေသည့် အတွက် သူတို့ လင်မယား အနားယူခွင့် မရ။ မင်္ဂလာပွဲ ပြီးခါမှ သုတ်သင် ရှင်းလင်း၍ ထိုခန်းမ၌ အိပ်ရာခင်း ကျင်းရမည်ကိုး။ သူသည်လည်း စာပေ နယ်ပယ်၌ သာမက အိမ်ထောင်ရေး နယ်ပယ်၌မှာပါ စုံးစုံး မြုပ်တော့မည်ဟု ကျွန်တော် တွေးမိခဲ့သေး သည်။

လွန်ခဲ့သည့် ငါးလကျော် ကာလကို ကျွန်တော် မှတ်မိနေသည်။ ထိုစဉ်က ဒီဇင်ဘာရာသီ ကျောင်းပိတ် ရက်ကာလဟု ကျွန်တော် ပြန်စဉ်းစား မိနေသည်။ ကျွန်တော့်ထံသို့ နုနုမိုး ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့သည်မှာ မနက် စောစောကြီး ဖြစ်သည်။

ဘကြီးက ဧည့်သည်ကွဟု ဒေါသတကြီး ဟစ်အော် နှိုးလာသဖြင့် အခန်းတံခါးကို ကမန်းကတန်း ထဖွင့် ပေးရသည်။
“အပြင်မှာ ဟိုသူငယ့် ကလေးမ ရောက်နေတယ်။ မင့် တွေ့ချင်လို့တဲ့”

ဘကြီးက သူ့ကို ဟို သူငယ်ဟု နှုတ်ကျိုးနေခဲ့သည်။

ကျွန်တော် မျက်နှာကို ရေဖြင့် ပွတ်လိုက်ရင်း ရေစက်များအား လက်ဖျံဖြင့် ပွတ်သပ် သုတ်သင်ပြီး အောက်ထပ် ဧည့်ခန်းသို့ ထွက်ခဲ့၏။ စောစောစီးစီး ပေါက်ချလာသည့် မယ်မင်းကြီးမသည် လက်နှစ်ဖက်ကို ကျုံ့၍ သိမ်းဖက်ထားရင်း တံခါးဝနှင့် နီးသော ကုလားထိုင်၌ ထိုင်နေ၏။ ထိုထိုင်ခုံမှာ ဘုန်းကြီးများ ဆွမ်းခံကြွလျှင် သီတင်းသုံးသော ထိုင်ခုံဖြစ်သည်။

“ဟ ဒီထဲလာလေဟာ၊ တံခါးဝကြီးမှာ၊ ဘာတုံးဟ”

ကျွန်တော်လှမ်းခေါ် သဖြင့် သူက မတ်တတ်ရပ် လိုက်ရင်း.....
“လက်ဖက်ရည်ဆိုင် သွားရအောင်”

သူ့ဟန်ပန်က အပေါ် ထပ်ဆီသို့ မော့ကြည့်ရင်း အရေးတကြီးဟန်၊ လျှို့ဝှက် ထားလိုသည့်ဟန် ပေါက်နေ သဖြင့် ကျွန်တော်လိုက်လျော လိုက်ရသည်။ သူက အင်္ကျီ အနီလက်တိုလေးကို ၀တ် ထား၏။ ထဘီက ပါတိတ် နွမ်းနွမ်းမို့ အ၀ါပွင့်ကွက်များက အရောင် မပေါ်တော့။ ဆံပင်က ရှည်ရှည်ကျဲကျဲဖြင့် ကပိုကရို စည်းနှောင်ထားသည်။ နဂိုကပင် ပိန်လှသည့် အထဲ ဆောင်းဓာတ်ကြောင့် ခုတ်လှဲထားသည့် ပင်ခြောက် တစ်ပင်နှင့် တူနေတော့၏။ အိမ်ပေါ်မှ ခပ်သွက်သွက် ဆင်း၍ လျှောက်သွား၏။

ကျွန်တော်က မလှမ်း မကမ်းမှ လိုက်လာရင်း အနီး ပတ်ဝန်းကျင်မှ အိမ်များသို့ အကဲခတ်ရသေးသည်။ စော စောစီးစီး မဟုတ်တရုတ် မြင်သည့် မျက်စိများဖြင့် ချောင်း မြောင်းကြည့်နေမည်ကို စိုးရိမ် မိသေးသည်။ လက်ဖက်ရည်ဆိုင်က ကျွန်တော်တို့ လမ်းထိပ်တွင် မရှိ။ ကျောက်မြောင်းဈေးမှတ် တိုင်ဆီသို့ ခပ်ဝေးဝေး လျှောက်ကြရသေးသည်။ မုန့်ဟင်းခါးဆိုင်နှင့် ရော၍ ဖွင့်လှစ်ထားသော ဆိုင်သို့ ရောက်မှ သူက ကျွန်တော့်ကို ရပ်စောင့်နေသည်။

“ဒီမှာလား”

“အေး ဒီဆိုင်ပဲ၊ ကောင်း တယ်။ နင် မုန့်ဟင်းခါး စား လေ”

ကျွန်တော်က သူ့ကို ဟိုး ယခင်က ကဲ့သို့ပင် နင်နှင့်ငါဟု သုံးနှုန်း ခေါ်ဝေါ်မိသည်။ သူတို့ ဇနီးမောင်နှံနှင့် အတူ တကွ မဆုံဖြစ်သည်မှာ ကြာခဲ့ပြီ။ ဘာလိုလိုနှင့် သူတို့ မင်္ဂလာ ခရီးမှာ နှစ်နှစ်တိုင်ခဲ့
ပြီ။
“စားမယ်လေ။ အိမ်မှာတော့ တော်တော် ပြဿနာ ဖြစ်နေပြီ”

သူက ပြောရင်းဖြင့် စားပွဲဝိုင်း အလွတ်ဆီသို့ ဆက်လျှောက်သွား၏။ ဆိုင်ထဲမှာ လေးငါးဝိုင်းမျှ စားသောက် နေကြသည်။ ကျွန်တော်က စားပွဲထိုး လေးကို မုန့်ဟင်းခါးမှာရင်း ဆေးလိပ်ပါပူးတွဲ၍ မှာဖြစ်သည်။

“အိမ်မှာ ပြဿနာတွေ တက်နေလို့၊ အစ်ကို့လူက မဟုတ်တော့ဘူး”

သူက ကျွန်တော့်ကို အစ်ကိုဟု လေးလေးစားစား ခေါ်ရှာသည်။ သူ့အသက်မှာ ယခုမှ နှစ်ဆယ့် ခုနစ်နှစ်မျှ ရှိဦးမည်။ သူ့ယောက်ျားကိုမူ ဦးမိုးနောင်ဟု လေးလေးနက်နက် ခေါ်ရှာသည်။
“ကဲ- ဘာဖြစ်လဲ၊ ပြောစမ်းပါဦး”

ကျွန်တော်က သူ့စကားကို ဆက်ပေး လိုက်ဖြစ်သည်။ သူက လက်ဝါးနှစ်ဖက်ကို ပွတ်၍ ပါးကိုနွေးအောင် လုပ်ရင်း ဒူးခေါင်း နှစ်ဖက်အား လှုပ်နေပြန်၏။

“အစ်ကို့လူ ဘယ်လိုဖြစ် နေလဲ မသိဘူး။ အရမ်း ကြောက် ကြောက်နေတယ်”

“ဘာ”

“အရမ်းကြောက် ကြောက်နေလို့။ ဘာကို ကြောက်မှန်းလည်း မသိဘူး။ မြို့ထဲသွားလဲ ကျွန်မ လိုက် လိုက်ပို့ရတယ်။ လူတွေကို ကြည့်ပြီး ကြောက်လို့တဲ့။ တကယ် တကယ်”

ကျွန်တော်က သူ့စကား ကို မယုံသဖြင့် မျက်ခုံးပင့်ရင်း မသင်္ကာသလို ကြည့် လိုက်သောကြောင့် သူက တကယ် တကယ်ဟု ထပ် ဆင့်၍ ပြောပြလာခြင်းပင်။

“မဂ္ဂဇင်းကို စာမူပို့တာ လည်း ကျွန်မက တိုက်ထဲ ၀င်ပို့ပေးရတယ်။ သူက အယ် ဒီတာတွေ ရယ်တာကို မမြင် ၀ံ့ဘူးတဲ့။ စကားလည်း မပြောရဲဘူးတဲ့။ အဲဒါ ဖြစ်နေတာ ကြာပြီ။ အယ်ဒီတာတွေ က သူ့ကို သိနေတာပဲဟာ။ ခါတိုင်းလည်း သူကိုယ်တိုင် ပို့တယ်။ စာမူပါရင် စာမူခ ထုတ်တယ်။ အခုကျမှ ကြောက်လို့တဲ့။ လေးငါးခါ မကတော့ဘူး။ ကျွန်မချည်း လုပ်ပေးနေရတာ”

“ဘာကို ကြောက်တာလဲ”
ကျွန်တော် မေးနေဆဲမှာပင် မုန့်ဟင်းခါးပွဲ ရောက်လာသည်။ သူက မုန့်ပန်းကန်ကို ယူရင်း ခေါင်းခါပြသည်။ စာပွဲပေါ်မှ ငရုတ်သီးမှုန့် အနည်းငယ် ခပ်ရင်းဇွန်းဖြင့် သမအောင် မွှေပြန်သည်။

“အစက ကျွန်မ သတိ မထားမိဘူး။ စဖြစ်ခါစက သတင်းစာမှာ ထင်တယ်။ အလုပ်ကြော်ငြာတစ်ခုကို ဖတ်ရင်း သူလန့်ပြီး လွှတ်ချလိုက်တာ။ ဘာဖြစ်လို့လဲ ဆိုတာလဲ မေးလို့မရဘူး။ နောက်တော့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ ဖတ်ရင်း လွှတ်ချတာတို့၊ လွှင့်ပစ်တာတို့ လုပ်လာတယ်။ သူ့မျက်နှာ ကြည့်လိုက်ရင်လည်း ချွေးသီးချွေး ပေါက်တွေ ပြည့်နေရော။ အဲဒီလို အချိန်မှာ ဘာမှမေးလို့ မရတော့ဘူး။ ငါကြောက်တယ်ဟာ၊ လူတွေကို ငါ အရမ်းကြောက်တာပဲလို့ ပြောနေရော။ အရင်က ဧည့်စာရင်း တိုင်ရင် သူပဲသွားတာ။ အဲဒီလို ဖြစ်ပြီးတဲ့ နောက်ပိုင်း ဘယ်လိုမှ ပြောလို့ မရတော့ဘူး။ ဧည့်စာရင်းလည်း တိုင် ခိုင်းလို့မရ၊ ဈေးထဲလည်း သွားခိုင်းလို့ မရနဲ့၊ တကယ်ပဲ”

သူက စကား ဖြတ်လိုက်ရင်း မုန့်ဟင်းခါးပူပူကို မှုတ်၍ စားနေပြန်သည်။ကျွန်တော် စဉ်းစား ရခက်နေတော့သည်။ ထိုသို့ သော ထူးထူးဆန်းဆန်း ကိစ္စများကို ကျွန်တော်ယုံကြည်မှု မရှိ။ တွေ့လျှင်ငေါက်ပစ် လိုက်မည်ဟုသာ ခပ်ပေါ့ပေါ့ တွေးနေလိုက်သည်။

“တီဗွီကြည့်ရင် ပိုဆိုး သေးတယ် အစ်ကိုရေ”
သူက စကားဆက်လာ ပြန်၏။

နှာ တစ်ချက်ရှုံ့ကာ သွင်းလိုက်ရင်း မုန့်ဟင်းခါးကို ခပ်စားလိုက်၏။ ပြီးမှ....
“ကြော်ငြာလေးများ ကြည့်ကောင်းပြီ ဆိုရင် ဘာမှန်းညာမှန်း မသိဘူး။ ပိတ် ပိတ် ပိတ်နဲ့ ထအော်ရော။ အပေါင်ဆုံး တီဗွီလေး ထမ ခွဲတာ ကံကောင်း။ ကျွန်မတော့ ရူးတောင်ရူးချင်လာ ပြီ”

“နင့်လူက ဟုတ်ကော ဟုတ်သေးရဲ့လားဟ”

“မသိဘူးလေ။ တွေ့တုန်းကတော့ အကောင်းပဲ။ အခုမှ ဘာတွေ ဖြစ်နေမှန်း မသိတော့ဘူး။ ဘာတွေဖြစ် နေမှန်းကို မသိဘူး”

“နင် မေးမှပေါ့ဟ။ ဘာကြောက်တာလဲလို့”

“အွန်း အွန်း”

မရွှေချောက စားလက်စ မုန့်ဟင်းခါးဇွန်းကို ချလိုက်ရင်း အခုမှ သတိရဟန်ဖြင့် ပါးစပ်ထဲမှ မုန့်ဟင်းခါး ကို အမြန် မျိုချ၍ စကားစရန် ပြင်သည်။

“စနေနေ့ညက ကျွန်မကို အသည်းအသန် နှိုးပြီး ပြောသေးတယ်။ ငါတို့ပြေး ကြရအောင်တဲ့။ ကျွန်မ စိတ်တို လိုက်တာဆိုတာ ညကြီး သန်းခေါင် ဘာဖြစ်မှန်း မသိဘူး။ သူက တကယ့်ကို ကြောက်နေတာ။ ငါတို့ပြေး ကြမယ်ဟာတဲ့။ ကျွန်မက ဘယ်ကို ပြေးမှာလဲလို့ ငေါ့ပြီး ပြောရော။ အစ်ကို့လူ ဘာ လုပ်တယ်မှတ်လဲ။ ငိုရော တော်ရေ၊ ငိုလိုက်တာမှ ကျွက် ကျွက်ကို ညံလို့”

“ငိုတယ်၊ ဟုတ်လား”“ငိုတာမှ တစ်ညလုံး ငိုတာ၊ ဘာမှလဲ မေးလို့ မရဘူး။ ကျွန်မလည်း စိတ်ညစ် ညစ်နဲ့ သူ့ပုလင်းကို ယူပြီး မော့သောက်ပစ်လိုက်တယ်၊ အေး ရော”

သူ့အခြေအနေမှာ အိမ်မှာ ပုလင်းထောင်၍ သောက် နေသည့် အဆင့်သို့ရောက်နေ ကြောင်း ကျွန်တော် ကြားထားပြီးပြီ။
“ကျွန်မ တစ်ရေးနိုးတော့ အစ်ကို့လူက စာရေးနေ တယ်။ ရေးတာက သေတမ်း စာရေးတာ ကျနေတာပဲ၊ အတင်းကာရော သဲကြီး မဲကြီး ရေးနေတာ။ ကျွန်မက သူရေးနေတာ ကြည့်ပြီး မသိ မသာ အကဲခတ်တော့ လွတ်အောင်ပြေးမယ်၊ လွတ်အောင် ပြေးမယ်၊ လွတ်အောင် ပြေးမယ်ဆိုတာချည်း ရေးနေတာ။ ကျွန်မလည်း သူ့ကို လုပ်ချင်တာ လုပ်တော့ဆိုပြီး ပြန်အိပ် နေလိုက်ရတယ်။ စာမျက်နှာ တစ်ရာ့နှစ်ဆယ် စာအုပ်ကို ပြည့်ရောပဲ၊ အခုလည်း”

စကားစကို ဖြတ်လိုက်ရင်း ရေနွေး ပန်းကန်ကို မ၍ ခပ်လေးလေး သောက်လိုက်ပြန်သည်။
“အစ်ကို့ဆီမှာ တစ်ရက် နှစ်ရက် လာနေချင်လို့တဲ့၊ ညကတည်းက လွှတ်နေတာ၊ မိုးလင်းမှ သွားပြောပေးပါ့ မယ်ဆိုတာ တကတဲ၊ လေးနာရီ ဈေးကားနဲ့ လိုက်လာရ တာလေ။ အဲဒါပဲ ကြည့်တော့”

“ဟုတ်လား၊ ငါလိုက်ခဲ့ မယ်လေ။ နေ့ခင်းကျရင်ငါ”

“အမယ်လေး လေး လေး၊ လိုက်ဆို အခုလိုက်ပါ အစ်ကိုရယ်၊ ကျွန်မ ရှိကြီး ခိုးပါရဲ့။ သူ့ကို လာပို့ဆို လည်းပို့ပါ့မယ် နော် နော်”

“ပြီးရောလေ၊ နင်ဒီမှာပဲ စောင့်နေ၊ ငါအ၀တ်အစား ပြန်လဲမယ်၊ ပြီးရင် သွားမယ်လေ”
ကျွန်တော့် စကားကြောင့် သူတော်တော် ကျေနပ် သွားရှာသည်။

“ခင်ဗျားနားမလည်ပါ ဘူး ကိုစိုးစိုးရာ၊ လူတွေဟာ တစ်နေ့တခြား ကြောက်စရာ ကောင်းလာတယ်ဗျ။ သူတို့ ရယ်သံတွေကို ကျုပ် ကျုပ်ဟာဗျာ တစ္ဆေ သရဲတွေ သွားနေသလိုပဲ၊ ခင်ဗျား နားမ လည်ပါဘူးဗျာ ”

“ခင်ဗျားလည်း ရယ်တာပဲ၊ ဘာဆန်းလို့လဲ”
သူက စုတ်သပ်ရင်း ခေါင်းခါနေ၏။

သူ ငှားရမ်း နေထိုင်ခဲ့သော အခန်းလေးမှာ ယခင်ကဲ့သို့ ရှုပ်ထွေး နောက်ကျိနေ ခြင်းမရှိ။ ဘကြီးက အပေါ်ထပ်မှ ဗီရိုဟောင်းကြီး တစ်လုံးနှင့် စားပွဲ ကုလားထိုင် ဟောင်းများ ထည့်သွင်းရင်း ပိတ်ထားခဲ့ခြင်း ဖြစ်သည်။ သူနှင့် ကျွန်တော် စကားလက်ဆုံ ပြောရင်း ဖျာခင်း၍ ထိုင်နေမိကြသည်။

“ပထမတော့ ကျုပ်ဖြစ်နေတာကို ကျုပ်သတိ ထားမိတယ်။ မဂ္ဂဇင်းတိုက်တွေ သွားလာနေတာ ငါးနှစ် တောင်ရှိပြီဗျာ။ ဒါပေမဲ့ အခု ဖြစ်နေတာက အိမ်က ထွက်လာရင် ဘာပြဿနာမှ မရှိဘူး။ တိုက်ထဲကို ၀င်တော့ မယ်။ အယ်ဒီတာနဲ့ တွေ့တော့မယ်။ ဒါမှမဟုတ် သူတို့ စားပွဲနားကို ရောက်တော့မယ် ဆိုရင် ကျုပ် အရမ်း ကြောက်လာတယ်။ ကြက်သီးတွေ တဖြန်းဖြန်း ထလာရော၊ ကလောင် သွေးခါစက ရှိန်တာမျိုး၊ ကြောက်တာမျိုး မဟုတ်ဘူးဗျ။ အခုဟာက သူတို့ ကျုပ် စာမူကို ဘာလုပ်မယ် ဆိုတာ မြင်မြင်ပြီး ကြောက်တာ။ ခင်ဗျား၊ ခင်ဗျားလည်း သိပါတယ်။ ဒီကနေ့ အယ်ဒီတာ မှန်သမျှ ဘာတွေနဲ့ အလုပ်ရှုပ်နေကြတယ်ဆို တာ။ ကျုပ်က သေသေချာ ချာ တွေးကြည့်တယ်။ စာမူ တစ်ပုဒ် ရောက်လာရင် သူတို့ ဘာလုပ်သလဲ။ ဘယ် လောက် တန်ဖိုးထားသလဲ။ ဘယ်လောက် စိတ်ဝင်စားသလဲ။ ဒါတွေ ကျုပ် စဉ်း စားတယ်။ စဉ်းစားလေလေ ကြောက်လေပဲ။ အဲဒီ အကြောက်တရားကြီးက ဘယ်လိုမှန်းကို မသိတော့ဘူးဗျာ။ အခုကျတော့ ရုံးပြင် ကနားတွေလည်း ကြောက်တယ်။ လူတွေနဲ့ စကား ပြောရမှာလည်း ကြောက်လာတယ်။ ည ညဆိုရင် ကျုပ် အိပ်လို့ မပျော်ဘူး။ ကျုပ် နားထဲမှာ ပြေးပြေးလို့ လာအော်သံတွေ ကြားနေရတယ်။ ခင်ဗျားရော မကြားဘူးလား ဗျာ”

“ဟင်- ဘာလဲဟင်”
သူက ကျွန်တော့် လက်ကို ဆွဲကိုင်ရင်း သဘော တူညီချက် တောင်းခံလို ဟန်ဖြင့် အလောတကြီး မေးလာ၏။ ကျွန်တော် လန့်သွားမိသည်။

“ခင်ဗျား မကြားဘူးလား။ နားထဲမှာ ပြေးတော့ ပြေးတော့ ဆိုတဲ့ အသံမျိုးတွေ မကြားဘူးလား”

“ဟာဗျာ ခင်ဗျားဟာကလည်း”

ကျွန်တော် သူ့လက်ကို ပြန်ဆွဲဖယ်ရင်း မကျေမနပ် ပြောလိုက်မိပါသည်။ လာပြီး အရူး မလုပ်စမ်းနဲ့လို့ ဆိုတဲ့ သဘောကို ပြလိုက်တာပါ။
“ဘုရား စူးရပါစေ့ဗျာ။ ကျုပ်တို့ ရှေ့ဆက် တိုးနေလို့ မဖြစ်တော့ဘူးဗျ။ တစ်လောကလုံး ဖောက်ပြန်ကုန်ပြီ။ စာပေ လောကဟာ အဆိုးဝါးဆုံး ဖြစ်နေပြီ။ ခင်ဗျားလည်း ပြေးမှ ဖြစ်မယ်နော်။ ကျုပ်တ ကယ်ပြောတာ။ တော်တော် ကြောက်ဖို့ ကောင်းနေပြီဗျ”
ကျွန်တော်က စိတ် အချဉ် ပေါက်လာသဖြင့် သူ့ကို- “တော်တော့ဗျာ”
ဟု ငေါက်၍ ပြောလိုက် ဖြစ်သည်။ သူက မလျှော့သေး။

“ကျုပ်တကယ် ပြောနေတာ။ စာပေ လောကသားတွေဟာ သစ္စာ ကင်းမဲ့ကုန်ပြီဗျ။ အယ်ဒီတာတွေကို ခင်ဗျားကြည့်စမ်း။ သူတို့ဘာတွေ လုပ်နေလဲ။ သူတို့မှာ ဘာရည်ရွယ်ချက်တွေ ရှိသေးလဲ။ ရပ်တည်ရေးကို ပထမပဲဗျ။ ခင်ဗျားစာတွေ သူတို့ဖတ်တယ် ထင်သလား။ ကျုပ်တို့၊ ခင်ဗျားတို့ နှလုံးသားပေါက် အောင်ရေးတာတွေ သူတို့ သိမယ်ထင်သလား။ ရယ်နေ ကြတယ်ဗျာ။ သူတို့မှာ ဘာခံယူချက်မှ မရှိဘူး။ ခင်ဗျား နဲ့ ကျုပ်တို့ဘ၀ မှားပြီး စာပေသမား လာဖြစ်ရတာ။ အဲဒါ ပြေးမှလွတ်မှာ။ ဒီအယ်ဒီတာတွေနဲ့ ပြေးမှဗျ။ အိုဗျာ.. တစ်လောကလုံး ဖောက်ပြန် ကုန်ကြပြီ။ ခင်ဗျားလည်း ဘာမှလုပ်လို့ မရတော့ဘူး။ တော်တော် ကြောက်စရာ ကောင်းတယ်နော်။ ကျုပ် တကယ် ပြောနေတာ။ ခင်ဗျားကို လူတွေ ရယ်ပြုံးပြနေတာ အကောင်း မထင်နဲ့။ သွေးဆာလို့ မိစ္ဆာတွေ သွားဖြဲ ပြနေတာဗျ။ ခင်ဗျား သွေးသားကို မျိုတော့မှာ”

“အိုဗျာ၊ ခင်ဗျား နိုင်ငံခြား ထွက်ချင်ရင် ထွက်ချင် တယ်ပေါ့။ ဘာမှ လာလုပ် မနေစမ်းပါနဲ့”

“ဘာသွားလုပ်ရမှာလဲ အဲဒါမှ ပိုဆိုးမှာ”

“ခင်ဗျားပဲ ဒီမှာ ကြောက်တယ်ဆို”

“ဟုတ်တယ်လေ၊ ကျုပ် ကြောက်တာ အမှန်ပဲ။ လူတွေကို ကြောက်တာ အတူတူပဲ။ ကျုပ် ခင်ဗျား ပြောတာကို စဉ်းစားသေးတယ်။ ကျုပ်မိတ်ဆွေတွေကလည်း ခေါ်နေတာပဲ။ ဒီမှာ အချိန် ဖြုန်းမနေနဲ့တဲ့။ ဘ၀ကို နစ်မွန်း မခံနဲ့တဲ့။ ကဲ- နိုင်ငံခြား မှာကော လူတွေ မရယ်တော့ ဘူးလား။ ကျုပ် ပြောတာက ဟန်မဆောင်ကြတော့ဘူးလား။ သွားကြပါလို့ ကျုပ် ပြောလိုက်တယ်။ ကျုပ်တော့ ဒီမှာပဲ နေတော့မယ်။ အားလုံး ကိုယ့်ဘ၀ ချမ်းမြေ့ရာကို ရွေး ကြတာပဲ။ ကျုပ် အပြစ် မတင်ပါဘူး။ ကျုပ်က ဒီကလူတွေ ကို ချစ်တယ်။ သံယောဇဉ် ရှိတယ်။ ဒီမှာနေရတာ နစ်မွန်းတယ် ဆိုလည်း မတတ်နိုင်ဘူး။

ဒါပေမဲ့ ရယ်သံတွေကို နားမခံနိုင်တာ ဆိုးတယ်ဗျာ။ ကျုပ် တွေးတွေးပြီး ကြောက် နေတယ်။ ညတိုင်းပဲ၊ ည တိုင်းမှ ညတိုင်းပဲ။ ကျုပ်ကို ပြေးဖို့ လာလာပြောနေတာ ကြားရတယ်။ အဲဒီအသံ မကြားရရင် ကျုပ် ကြောက် နေရော။ ကြောက်ပြီဆိုတာနဲ့ ပြေးဆိုတဲ့ အသံတွေ ကြားတော့တာပဲ။ ကျုပ် ဘာမှ မဖြစ်ဘူး။ အားလုံး ပုံမှန်ပဲ။ ခင်ဗျားကြည့်လေ၊ တစ်ခါ တလေ အဆုတ်မကောင်းလို့ ရင်ကျပ်တာပဲ ရှိတယ်။ ချောင်းလေးဘာလေး ဆိုးတယ်။ ဒါပဲ၊ ဒီကြောက်တာ ဆိုးနေတာ။ တဖြည်းဖြည်းနဲ့ ကျုပ်ဟာ ညရောက်မှာကို တောင် ကြောက်နေတော့ တာပဲ”

ကျွန်တော်က ခါးကြော တစ်ချက်ဆန့်ရင်း-
“သောက်ပေါ့ဗျာ”
ဟု အကြံပေး လိုက်မိသည်။

“မရဘူးဗျ၊ အရက် သောက်မိရင် ပိုဆိုးတယ်၊ ရယ်သံတွေ ကြားပြီး မျက်စိထဲမှာတောင် မြင်နေတွေ့နေ ရတယ်။ လူတွေ ဟားတိုက် နေပုံတွေ မြင်ပြီး ပိုကြောက် လာတော့တယ်။ သွက်သွက် ခါအောင် ကြောက်လာတော့ တယ်ဗျာ။ တကယ် ပြောတာဗျ”

သူက စကားပြောရင်း ဖြင့် သူ့တစ်ကိုယ်လုံး ကြက်သီး ထသကဲ့သို့ လှုပ်ပြသည်။
“ခင်ဗျားဟာက မလွယ်ပါလား”

“ဟုတ်တယ်ဗျ။ စာပေ သမားတွေ ဆုံတဲ့ဝိုင်းတွေ သွားမိရင် ပိုဆိုးတယ်။ သူတို့က ရယ်ရယ်မောမော ပြောနေကြတာပဲ။ အဲဒီနေရာ မျိုးမှာ ကြာကြာ ထိုင်မိရင် ကျုပ် ငှက်ဖျား ထသလိုဖြစ်ပြီး ပြေးလာရရော။ ညရောက်ရင် ပြဿနာ တက်တော့တာပဲ။ အဲဒီရယ်မောသံတွေက ခြောက်လှန့်တော့တာပဲ။ ကျုပ်က ကြောက်လေလေ နားထဲမှာပြေး၊ ပြေးလို့ပြောတဲ့ အသံတွေ ကြားရပြီး အဲဒါ ပြဿနာ ဖြစ်တာဗျ”

“အခုကော..”

“အခုလည်း နည်းနည်း ကြောက်နေတယ်”

“ဘာလဲ၊ ကျွန်တော့်ကိုလား”

“ဟေ့-အေးဗျ၊ ခင်ဗျား မရယ်ရင် ဘာမှ မဖြစ်ဘူး၊ ရယ်ရင်တော့ မပြောတတ်ဘူး နော်”

“ခင်ဗျား ရူးနေပြီ”

“ရူးချင်တာ အမှန်ပဲဗျာ။ ရူးလိုက်ချင်တာမှ တစ်ပိုင်း သေနေပြီဗျ”
ကျွန်တော် ဘာပြောရမှန်း မသိဘဲ သူ့ကို ငေးကြည့်နေမိ၏။ သူက မောသွားသဖြင့် ဖျာပေါ်သို့ လှဲချရင်း အခန်း မျက်နှာကြက်သို့ ငေးနေတော့သည်။

ဆေးခန်းသွားသည့် ကိစ္စနှင့် ပတ်သက်၍ သူ အကြောက်ကြီး ကြောက်သည်ကို ကျွန်တော် လက်တွေ့မြင်ရသော အခါ ဒေါသအမျက် ချောင်းချောင်း ထွက်ခဲ့ရပြန်သည်။ ပထမဆုံး သူ ကြောက် သည်က ဆေးခန်း မဟုတ်သေး။ ထိုဆေးခန်းသို့ သွား၍ တက္ကစီ ငှားနေခိုက် တက္ကစီ မစီးပါရစေနှင့်ဟု မျက်နှာ ငယ်လေးဖြင့် တောင်းပန် စကား ဆိုလာရင်း...
“မလုပ်နဲ့နော် ကိုစိုးစိုး၊ ဒီလူတွေ မလွယ်ဘူး။ အင်မတန် ကြောက်ဖို့ ကောင်းတယ်ဗျ၊ ကျုပ် လုံးဝ မစီးရဲဘူး”

“ကျွန်တော် ပါတာပဲဗျာ၊ ခင်ဗျားကလည်း”

“ဟာဗျာ၊ ခင်ဗျားဘာမှ မသိဘူးနော်။ သူတို့ မျက်နှာတွေ ခင်ဗျားမြင်လား။ လူ့ အသွေးအသားကို အငမ်းမရ စားသောက်နေတဲ့ ၀ံပုလွေတွေနဲ့ အတူတူပဲဗျ။ အစွယ် ငေါငေါတွေနဲ့။ ကိုယ်ချင်းစာ တရားဆိုတာ ကြားတောင် မကြားဖူးကြဘူး။ ကျုပ်တို့ နားမှာ ကလေးလေး အသက် ရှူကျပ်လို့ ကားငှားပြီး ဆေးရုံ ကိုပြေးဖို့ ကြုံဖူးသေးတယ်။ မိုက်ရိုင်း လိုက်တာဗျာ။ ငွေနှစ်သောင်း ရမှ လိုက်မယ်တဲ့။ ညနှစ်နာရီ ဘယ်သူမှမလိုက် ဘူးတဲ့။ ခင်ဗျား သိရဲ့လား။ ငွေကို ကြိုပေးမှလိုက်မှာတဲ့ ဗျာ။ ကျုပ်တို့ နေရာကလည်း ဝေးတယ်လေဗျာ။ ငွေနှစ် သောင်းကလည်း ညကြီး မင်းကြီးမို့လား။ အဲဒီ ကလေးလေး ဆုံးသွားတယ်။ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ ခင်ဗျား သိလား။ မငှားပါနဲ့ဗျာ၊ သူတို့ မျက်နှာထိ မျက်နှာထားတွေ မြင်ရင် ကျုပ် ကြောက်လာတယ်၊ နော်”

သွားရမည့် ခရီးက ဝေး လှသည့်တိုင် ဘက်စ်ကား ဖြင့်သာ ကျွန်တော် ခရီးဆက် ခဲ့ရသည်။ ကားပေါ်မှာ ဘာပြဿနာမှ မရှိ။ ဆေးခန်း ရောက်ခါမှ သူ့ကို အထဲသို့ ခေါ်၍ မရလေပြီ။
“ဟေ့ ဟေ့၊ နေဦး နေဦး ဒီဆေးခန်းက ဘာလဲဗျ”

“လာပါဗျာ၊ ခင်ဗျား ဆေးခန်းပြဖို့ ချိန်းထားတယ်လေ”

သူက မလှုပ်။ ဆေးခန်း တံခါးဝကို စိုက်ကြည့်ပြီး တွေတွေ ငေးငေးကြီး ရပ်နေ တော့သည်။
“ဟေ့ လူ၊ လာဆို လာနော်”
ဟု ကျွန်တော် ငေါက် ၍ ဆင့်ခေါ်လိုက်သည်။ သူ က ခေါင်းကို ယမ်း၏။

“အထဲမှာ အထဲမှာ၊ ဟာ တကယ့် ပြဿနာပဲ၊ ကျုပ် မလိုက်ဘူးဗျာ။ ကျုပ် မလိုက်ဘူး။ အဲဒီထဲမှာ လူစိတ် မရှိတဲ့ လူတွေချည်းပဲ ခင်ဗျား မ၀င်နဲ့နော်။ ပြဿနာ တက်ကုန်လိမ့်မယ်။ ခင်ဗျားနဲ့ အရောင်းအ၀ယ် လုပ်ကြလိမ့်မယ်။ သူတို့ အားလုံး ဖုတ်ဝင် နေတဲ့ လူတွေချည်းပဲ။ ခင်ဗျားကို ပြုံးပြမယ်။ နှုတ်ခွန်းဆက်မယ်။ ဆရာဝန်နဲ့ တွေ့ပေးမယ်။ ဆရာဝန်က စမ်းသပ် မယ်။ ဟိုရေးဒီရေး လျှောက်ရေးပြီး ခင်ဗျား သွေးသားတွေကို ခြစ်ခြစ်ပြီး ယူထားမှာဗျ။ ခင်ဗျားဆီက သွေးသားများ များရလေ သူတို့ပြုံးကြရယ် ကြလေပဲ။ ကျုပ် မလိုက်ဘူး”

“ဘာလဲ၊ ခင်ဗျား ၀တ္ထု ရေးဖို့ တွက်နေတာလား”

ကျွန်တော်က သူ့လက်ကို ဆွဲကိုင်ရင်း ရယ်စေမော စေရန် ခပ်ပေါ့ပေါ့ ပြောလိုက်မိသည်။ သူက လက်ကိုပြန် ဖြုတ်လိုက်ရင်း စုတ်သပ်နေတော့သည်။

“ကျုပ် တကယ် ပြောနေတာ။ ကရုဏာ တရားဆိုတာ အဲဒီမှာ မရှိဘူးဗျ။ ခင်ဗျား ဘာရောဂါကြီး ဖြစ်နေနေ ကုပေးမယ်။ ငွေယူလာခဲ့။ ငွေပါမှ ရောဂါတွေ့မယ်။ အဆမတန် ငွေပါလေ ခင်ဗျားကို ထွေးပွေ့ ယုယလေလေပဲ။ အဲဒီထဲမှာ ဆောင်ပုဒ်တွေက ပြည့်နေတယ်။ တစ်ခုမှ အမှန် တရားမရှိဘူး။ ခင်ဗျား ဓာတ်လှေကားမောင်းတဲ့ လူ ဆီကတောင် ကရုဏာ တရား မရဘူး။ ကျုပ်က ကိုယ်တွေ့ ကြုံပြီးပြီဗျ။ အချိန်တန်ရင် ဘောက်ချာတွေနဲ့ သူတို့ ၀န်ဆောင်မှု ရအောင် လုပ်တာပဲ။ ခင်ဗျားသွားပြီး မပတ်သက် နဲ့ဗျ။ ကျုပ် ပြောတာယုံစမ်းပါ။ တံမြက်စည်း လှည်းတဲ့ မိန်းမကိုတောင် ခင်ဗျား ပိုက်ဆံမပေးရင် ဘာမှ မေးလို့ရမှာ မဟုတ်ဘူး။ ဆောင့်ကြီးအောင့်ကြီး အပြော ခံရလိမ့်မယ်။ ဆရာဝန်တွေ ဆိုအဆိုးဆုံးပဲ။ ပထမခင်ဗျား အရေပြားကို ခွာမယ်။ နောက် သွေးကိုဖောက်မယ်။ နောက် အတွင်းကလီစာတွေ ရှာမယ်။ ပြီးရင် သူတို့ဆေးတွေ စားဖို့ ခိုင်းတော့တာပဲ။ ခင်ဗျား ချွတ်ခြုံကျကျ၊ မကျကျ။ ခင်ဗျား ဘာဖြစ်နေနေ သူတို့ ကိစ္စမဟုတ်ဘူး။ နောက်ဆုံး ခင်ဗျားဆီက ရသမျှ သွေးသားတွေ စုပ်ယူပြီးရင် သူတို့ စားကြသောက်ကြတာ တပျော်ကြီး”

“ကဲဗျာ၊ ဒါဆိုလည်း အရက်ဆိုင်ပေါ့”
လို့ ကျွန်တော်ပြောပြီး သူ့ရှေ့က ထွက်လာမိတော့သည်။

သူက ကလေးငယ် တစ်ဦးလို အပြေးအလွှား လိုက်လာရင်း-
“ကျုပ်တို့ ကံကောင်းတယ်ဗျ။ အထဲကနေ ချောင်းကြည့်နေကြတာ သွေးစုပ် ဖုတ်ကောင်တွေ အများကြီးပဲ”ဟု ရှင်းပြနေသေးသည်။

သူ့အခြေအနေကိုပုံမှန် ဖြစ်အောင် ကျွန်တော်ဘယ်လို ကြံစည် ရမည်ကို စဉ်းစားရ ခက်လာသည်။ အရက်ဆိုင် ရောက်တော့ ကျွန်တော်က အမည်းပြား တစ်ပြားမှာသည်။ စားပွဲထိုး ကောင်လေးက စားစရာ စာရင်းကို အသေးစိတ် ရွတ်ဆိုပြနေသည်။ အာလူးကြော်နှင့် မှိုကန်စွန်းကြော် မှာပြီး သူ့ကို ဘာမှာ မလဲဟု ကျွန်တော် မေးရပြန် သည်။
“ရပါတယ်ဗျာ၊ ဘာဖြစ်ဖြစ်ပါ”

သူက စိတ်မရှည်သလို ပြောရင်း လက်မကို ပါးစပ်မှာ တေ့လျက် လက်သည်းစ များကို ကိုက်နေတော့သည်။ သူ့ အသက်ရှူသံက တဖြည်းဖြည်း ပြင်းလာလိုက်၊ ရှူးခနဲ မှုတ်ထုတ်လိုက်ဖြင့် စိတ်မသက်မသာ ဖြစ်နေပါသည်။
“ဟေ့လူ၊ သက်သောင့် သက်သာနေဗျာ။ အေးအေး ဆေးဆေး အရက်သောက်ရ အောင်ဗျာ နော်”

“ဘာမှ အသုံးမကျဘူး၊ ဘာမှ အသုံး မကျဘူး”

သူက ကျွန်တော် မေးသည်ကို မဖြေဘဲ ပြောချင်ရာ ပြောနေပြန်သည်။
“ခင်ဗျား သောက်မလား၊ မသောက်ဘူးလား ရှင်းရှင်း ပြောစမ်းဗျာ”

**မာန် (တောင်လုံးပြန်)**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)