နိုင်ငံရေးဒီမိုကရေစီ၊စီးပွားရေးဒီမိုကရေစီ၊လူမှု့ ရေးဒီမိုကရေစီတွေနဲ့ ကြံ့ ၊ဖွတ်ဒီမိုကရေစီကတော့ တမျိုး တဘာ သာစီဖြစ်တယ်။ ကြံ့ ၊ဖွတ်ဒီမိုကရေစီဟာတိုင်းပြည်အတွက်လား၊စစ်ခေါင်းဆောင်တွေအတွက်လားဆိုတာတဖြည်း ဖြည်း ရုပ်လုံးပေါ်လာပြီဖြစ်တယ်။ ဗိုလ်သန်းရွှေ က သမိုင်းရဲ့ ပြဿနာများထဲမှ ကိုယ်လွှတ်ရုံးထွက် သွားပြီဖြစ်ပေ မယ့် သူချမှတ်ထားခဲ့တဲ့ စည်းကမ်းဒီမိုကရေစီအတိုင်း ဦးသိန်းစိန်ရဲ့ ဘောင်းဘီချွတ်အစိုးရက အမွေဆက်ခံတယ်။ ၂၀၀၈ နာဂစ်ဖွဲ့ စည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲတို့ ဟာစတာထွက်ကတည်းက ရုပ်ပျက် ဆင်းပျက် အဖြစ်မျိုးနဲ့ ပေါ် ထွက်ခဲ့တယ်။ မဲလိမ်၊မဲခိုးမှုများနဲ့ အနိုင်ရခဲ့တဲ့ ကြံ့ ၊ဖွတ်ပါတီဟာ ဒီမိုကရေစီ အရေခြုံထားတဲ့ အာဏာရှင်စံနစ်ကို လက်တလုံးခြားကျင့်သုံးသွားမယ့်သဘောတွေ့ လာရပြီ။ ဇင်ဘာဘွေနိုင်ငံမှသမတမူဘာဂီလည်း ဒီမိုကရေစီအရေ ခြုံကာ ရွေးကောက်ပွဲလုပ်ပြီး အတိုက်အခံကို ဖိနှိပ်တဲ့နည်းကို ကျင့်သုံးတယ်။
မြန်မာနိုင်ငံမှာ လူထုဖိနှိပ်ရေးယန္တယားဟာလည်းတည်မြဲနေမယ်ဆိုတာ နိုင်ငံရေးအကျဉ်းသားရာပေါင်းများစွာကို ဖမ်းဆီးထားမှုကပေါ်လွင်စေတယ်။လူထုလူတန်းစားဆိုင်ရာ အသင်းအဖွဲ့  ဖွဲ့ စည်းခွင့်ဖြစ်တဲ့ကျောင်းသား၊ အလုပ် သမား၊လယ်သမားတွေရဲ့ သမဂ္ဂတွေလည်း ကင်းမဲ့နေတယ်။ တိုင်းရင်းသားအရေးနဲ့ ပက်သက်ပြီး နယ်ခြားစောင့် တပ် ပြဿနာကစလို့  ၂၀၁၀ရွေးကောက်ပွဲ ကျင်းပတဲ့ နိုဝင်ဘာလ(၈)ရက်နေ့ မှာ DKBA တပ်နဲ့  တိုက်ပွဲတွေ ဖြစ်ပေါ်သလို၊ ၂၀၁၁ခုနှစ် မတ်လ(၁၃)ရက်နေ့ မှာလည်း SSA တပ်နဲ့ စစ်ပြန်တိုက်ကာ၊ ဇွန်လ(၉)ရက်နေ့ မှာ တော့ KIAတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်လာတယ်။
အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍမှာတပ်မတော်မှဦးဆောင်နေသမျှပြည်တွင်းငြိမ်းချမ်းရေးဟာပျောက်ကွယ်နေအုံးမယ့်နမိတ်တွေဖြစ်တယ်။
ဒီမိုကရေစီအုပ်ချုပ်ရေးရဲ့ အနှစ်သာရ မှာ လူထုမှ လူထုထံ (for the people, by the people) ဖြစ်လို့  စစ်တပ်မှ ဗိုလ်ချုပ်တွေအတွက် (for the generals, by the army) ဖြစ်နေတဲ့ အခြေအနေမျိုးအောက်မှာ ဒီမိုကရေစီ မထွန်းကားနိုင်ပါ။ ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးလည်း မထွန်း ကားဘူး ဆိုတာကို တကျော့ပြန်ပြည်တွင်းစစ်နဲ့ ရပ်ကွက်မှူးတွေကအစ ကြံ့ ၊ ဖွတ် အမိန့်  အတိုင်းရွေးချယ်ခန့် အပ်နေတာတွေက ဖော်ပြနေတယ်။
ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးမှာ ပြည်သူလူထုဟာ ဒီမိုကရေစီ နဲ့ လွတ်လပ်ခွင့်ကို တောင်းဆိုခဲ့တယ်။ ဒီကနေ့ အထိ မရရှိသေးပါဘူး။ ကြံ့ ၊ ဖွတ်က မထူးခြားနားတဲ့ လက်နတ်နည်း၊ ဖိနှိပ်နည်းတွေနဲ့ ဖြေရှင်းနေသမျှ သမိုင်းသစ် စာမျက်နှာကို မလှန်လှောနိုင်သေးပါ။ စစ်အာဏာရှင်တွေရဲ့ ရွေးကောက်ပွဲ၊ လွှတ်တော်၊ အမတ် ဆိုတာတွေကို အထင်ကြီးပြီး ဖွင့်ပေးသလောက် နေရာဝင်ယူကြတဲ့ သူတွေဟာလည်း နေရာနဲ့ ထောင်ချောက် အရွေးမှားသွားပြီ။ ကိုလိုနီခေတ် က ဆာဘွဲ့ ရခေါင်းဆောင်တွေရဲ့ နောက်မှာ လူထုမရှိသလို၊ ဒီကနေ့ ကြံ့ ၊ဖွတ် ခေါင်းဆောင်တွေရဲ့  နောက်မှာလည်း လူထုမရှိပါဘူး။ ဖိနှိပ်မှုတွေနဲ့ ရင့်ကျက်နေတဲ့ တိုင်းရင်းသားပြည်သူလူထု တရပ်လုံးဟာဖိနှိပ်မှုရဲ့ အထင်ကရဆုံချက်လိုဖြစ်နေတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်မှာပဲရပ်တည်နေတယ်။ မဆလစစ်ဗိုလ်တွေလည်းဆိုရှယ်လစ်အရေခြုံပြီး တိုင်းပြည်ကိုအဆင်းရဲဆုံးနိုင်ငံပြယုဒ်အဖြစ် သမိုင်းမှာမော်ကွန်း ထိုးခဲ့သလိုမျိုး၊ ကြံ့ ၊ဖွတ်စစ်ဗိုလ်တွေလည်း ဒီမိုကရေစီအရေခြုံပြီး တိုင်းပြည်ကို ပြာပုံတိုးတဲ့အဖြစ်မျိုးနဲ့ မော်ကွန်း မထိုးသင့်ဘူးလို့  သတိပေးလိုပါတယ်။ ။
**ဧရာ**
၂၅။၆။၂၀၁၁

No comments:
Post a Comment