**Public Health**
ပြင်းပြင်းထန်ထန် စိတ်ခံစားနေရတဲ့ အချိန်မှာ ငိုတာက ကျန်းမာရေးအတွက် ကောင်းတဲ့ ထွက်ပေါက်ပါ။ ငိုတတ်တဲ့ ကလေးက မုန့်စားရတယ်ဆိုတဲ့ စကားဟာ ကျန်းမာရေးအတွက်လည်း မှန်ကန်စေ တယ်လို့ စိတ်ပိုင်းဆိုင်ရာ ဆရာဝန်တွေက ဆိုပါတယ်။
တကယ်လို့ သင်က ဆုံးရှုံးနာကျင်မှု ကြီးကြီးမားမား၊ ဝမ်းနည်းမှု၊ ဒေါသနဲ့ ဖိစီးမှုတွေ များနေတယ်ဆိုရင် ငိုချင်ရင် ငိုချလိုက်ပါ။
ငိုခြင်းအကြောင်း စာတမ်း ၁၄၀ ကို လေ့လာတဲ့ လေ့လာမှုတစ်ရပ်အရ ငိုတဲ့အကြိမ် ၁၀ ကြိမ်မှာ ကိုးကြိမ်ကျော်က စိတ်ခံစားမှုကို တွန်းလှန်နိုင်တဲ့ အကောင်းဆုံးနည်းတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
တိုင်းပြည် ၃၀ ကျော်က အမျိုးသားနဲ့ အမျိုးသမီးတွေကို လေ့လာမှုအရလည်း အားရပါးရ ငိုလိုက်ရမှ စိတ်သက်သာရာ ရတယ်လို့ အဖြေထွက်ခဲ့ပါတယ်။ အထူးကု ဆရာဝန် ၇၀ ရာခိုင်နှုန်းလောက်ကလည်း ငိုတာက သူတို့လူနာတွေအတွက် ကောင်းတယ်လို့ ယုံကြည် ထားကြပါတယ်။
**ခံစားချက်ပြေစေသော ငိုကြွေးမှု**
ငိုတာရဲ့ အဓိက ကောင်းကျိုးက ခံစားချက်တွေကို ပြေစေတာပါပဲ။ ငိုလိုက်တဲ့အခါ တင်းအား နဲ့ ဝမ်းနည်းမှုတွေ လျော့ပါးသွားပါတယ်။ လူအများစုကိုလေ့လာမှုအရ ငိုချင်နေရင် ငိုလိုက်တာက စိတ်သက်သာရရသွားကြောင်း၊ အထူးသဖြင့် အမျိုးသမီးတွေ ၁၀ ယောက်အနက် ကိုးဦးက ငိုပြီးတာနဲ့ စိတ်ခံစားမှု ကောင်းသွားကြောင်း လေ့လာတွေ့ရှိ ရပါတယ်။
ငိုတာရဲ့ နောက်ထပ်ကောင်းတဲ့အချက် လူတွေကို ပိုရင်းနှီးသွားစေတာပါ။ အစ္စရေး လေ့လာသူတွေက မျက်ရည်ကျတဲ့အခါ တခြားတစ်ယောက်ကိုပါ ဝမ်းနည်းမှု မျှဝေသွားပြီး ပြဿနာနဲ့ တင်းမာနေတဲ့ အခြေအနေတွေကို လျော့ကျသွားစေတယ်လို့ ဆိုပါတယ်။ သင့်ကို ဂရုစိုက်တဲ့သူက သင်ဝမ်းနည်းငိုကြွေးနေချိန်မှာ သင့်ကို ပိုစာနာနှစ်သိမ့်လာပြီး သင်တို့နှစ်ဦးကြားက သံယောဇဉ်က ပိုကြီးထွားလာနိုင်ပါတယ်။
**ငိုခြင်းကြောင့် ကျန်းမာရေး ကောင်းမွန်စေရန်**
ငိုတာက စိတ်ကျန်းမာရေးကို ကောင်းစေတာကြောင့် အားရပါးရ ငိုနိုင်ဖို့အတွက် လမ်းညွှန် ချက်တချို့ကို ပေးလိုက်ပါတယ်။
**ငိုဖို့ ပခုံးရှိသင့်ပါတယ်**
ငိုနေစဉ်မှာ ဖေးမနှစ်သိမ့်မှုရဖို့နဲ့ စိတ်ခံစားမှုပြေလျော့ဖို့အတွက် တစ်ယောက်တည်း မငိုပါ နဲ့။ သင်ယုံကြည်ရတဲ့ သူတစ်ဦးရဲ့ ပခုံးပေါ်မှာ ငိုပါ။
**ပြဿနာကို ဖြေရှင်းပြီးမှ ငိုသင့်ပါတယ်**
သင့်ကို ငိုစေတဲ့အထိ ဝမ်းနည်းနာကျင်ရတဲ့ ပြဿနာကို ဖြေရှင်းပြီးမှ ငိုတာက စိတ်ခံစား မှုအတွက် ပိုကောင်းစေပါတယ်။ ငိုတာနဲ့တော့ ပြဿနာက ပြေလည်သွားမှာ မဟုတ်ပါဘူး။
**သင့်တော်တဲ့ နေရာမှာ ငိုဖို့ လိုပါတယ်**
သင်ငိုနေတာကို လူတွေဝိုင်းကြည့်မယ့်နေရာမျိုးမှာတော့ မငိုသင့်ပါဘူး။ လူတွေကြားမှာ ငိုလို့ အရှက်ရတာကြောင့် စိတ်သက်သာရာရလာမှာ မဟုတ်တဲ့အပြင် ပိုဆိုးလာပါလိမ့်မယ်။
**ငိုတာက စိတ်ဓာတ်ကျရောဂါကိုတော့ မသက်သာစေပါ**
စိတ်ဓာတ်ကျရောဂါ ရှိနေရင် ငိုတာကြောင့် စိတ်ခံစားမှုပိုကောင်းလာနိုင်ခြေ နည်းပါတယ်။ ငိုပြီး စိတ်ခံစားမှု ပိုဆိုးလာရင် ဆရာဝန် ဒါမှမဟုတ် နှစ်သိမ့်ဆွေးနွေး အကြံပေးသူတစ်ဦးနဲ့ တွေ့ဆုံသင့်ပါတယ်။
Ref : Good Health

No comments:
Post a Comment