တစ်ခါက တယ်လီဖုန်းအင်တာဗျူးမှာ သတင်းထောက်တစ်ဦးက ကျွန်တော်ကို ဒီလိုမေးခွန်းတစ်ခု မေးခဲ့တယ်။
"ဂျက်လီ... ခင်ဗျား တောက်လျှောက် အဆင်ပြေအောင်မြင်လာတဲ့နှစ်တွေ မနည်းတော့ဘူး။ ဒီလိုအင်အားတွေရှိအောင် ခင်ဗျားဘယ်လို စွမ်းဆောင်ခဲ့သလဲ?"
ကြည့်ရတာ ဒီသတင်းထောက်က ကျွန်တော်ကိုမဗျူးခင် သေချာလေ့လာပြင်ဆင်ထားပုံမရဘူး။ ကျွန်တော်က တောက်လျှောက်အဆင်ပြေလာတာ မဟုတ်ဘူး။ ကျွန်တော်သူငယ်ချင်းတွေက ကျွန်တော်ကို "အခါတစ်ရာသေပြီး ပြန်ရှင်တဲ့လူ" လို့တောင် တင်စားကြတယ်။
ကျွန်တော်ငယ်ငယ်လေးကတည်းက အဖေဆုံးသွားခဲ့တယ်။ အိမ်ကစီးပွါးရေးတော်တော် အဆင်မပြေခဲ့လို့ သိုင်းသင်တန်းကျောင်းထဲ ကျွန်တော်ဝင်ရောက်ခဲ့ရတယ်။ အဲဒီကရတဲ့ ထောက်ပံ့ကြေးအနည်းငယ်နဲ့ အိမ်ကို ပြန်ထောက်ပံ့ခဲ့ရတယ်။ (၁၁)နှစ်အရွယ်ကစပြီး တစ်နိုင်ငံလုံးရဲ့သိုင်းပြိုင်ပွဲမှာ ကျွန်တော်(၅)နှစ်ဆက်တိုက် ပထမဆုရခဲ့တယ်။ (၁၈)နှစ်မှာ "ရှောင်လင်"ကားနဲ့ ကျွန်တော်နာမည်စရလာခဲ့တယ်။ ဒါပေမယ့် နောက်တစ်နှစ်မှာ မြင်းပေါ်ကပြုတ်ကျလို့ ကျွန်တော်ပေါင်ကျိုးပြီး ဒုက္ခိတဖြစ်လုလုဖြစ်ခဲ့ရတယ်။ အချိန်ယူပြီးစောင့်နေတဲ့ "Once Upon a Time" ဆိုတဲ့ဇာတ်ကား ရောင်းချခါနီးမှာ ကျွန်တော်ရဲ့ထုတ်ဝေသူ အသတ်ခံရပြန်တယ်။ ကျွန်တော့်ဘဝအရာရာက သုညပြန်ရောက်သွားခဲ့တယ်။"
"(၂ဝဝ၄)ခုနှစ် ဆူနာမီတုန်းက အသက်ဘေးကနေ ကျွန်တော်သီသီလေးလွတ်ခဲ့တယ်။ လှိုင်းလုံးကြီးတွေ ကျွန်တော်ရှေ့မှာ ကျွန်တော့်ကိုဝါးမြိုမတတ်ပါပဲ။ အဲဒီလိုကြုံရတဲ့ ခံစားချက်နဲ့ ကြောက်ရွံ့မှုမျိုး လူဘယ်နှယောက်များ ခံစားဖူးမလဲ?"
"ဒီလိုမေးခွန်းမျိုးမေးတဲ့ သတင်းထောက်ကို ကျွန်တော်နားလည်ပါတယ်။ သူက ရုပ်ရှင်ထဲက ကျွန်တော့်ကိုပဲ သိခဲ့ပုံရတယ်။ ကျွန်တော်က ရုပ်ရှင်တွေထဲကလို သန်မာကြံ့ခိုင်တဲ့ယောက်ျားလို့ ထင်ခဲ့ပုံရတယ်။ တစ်ကိုယ်လုံး ကြွက်သားတွေအပြည့်နဲ့ အင်အားထွားကြိုင်းတယ်လို့လည်း ထင်ခဲ့တယ်ထင်ပါတယ်။ တကယ်တော့ ကျွန်တော်လည်း သူလိုကိုယ်လို သွေးသားနဲ့တည်ဆောက်ထားတဲ့ သာမန်လူတစ်ယောက်ပါပဲ။ ပြီးတော့ တစ်ခြားလူတွေထက် ကျွန်တော်ပိုပျော့ညံ့သေးတယ်။ တစ်လောက ကျွန်တော်ဘုန်းကြီးဝတ်တောထွက်ဖို့ ကြိုးစားခဲ့သေးတယ်"
"ဒါပေမယ့် ရှောင်လင်ဘုန်းကြီးကျောင်း ဆရာတော်တွေက ကျွန်တော်ကို ဒီလိုလုပ်ခွင့်မပေးဘူး။ ဘုန်းကြီးဝတ် တောထွက်တိုင်း ပြဿနာတွေကို ဖြေရှင်းလို့မရနိုင်ဘူး။ နောက်တော့ ဒီထက်တိုးတက်အောင်မြင်ဖို့ ဟော်လိဝှဒ်ကို ကျွန်တော်ရောက်လာခဲ့တယ်။ ဆရာတော်ကကျွန်တော်ကို စကားတစ်ခွန်း လက်ဆောင်ပါးလိုက်တယ်။ အဲဒီစကားက "အခက်အခဲ၊ ပြဿနာတွေက မိမိခွန်အားကို ပိုကြီးမားသန်မာအောင် ကူညီပေးနေပါတယ်" တဲ့"
"အဲဒီစကားက ဘာဆုပေးတဲ့စကားနဲ့မှ မတူခဲ့ဘူး။ ဟော်လိဝှဒ်ရောက်ပြီး ဘာတစ်ခုမှ ကျွန်တော်အဆင်မပြေခဲ့ဘူး။ ထိုင်ဝမ်သူဌေးက ငွေကြေးတွေကုန်ကျခံပြီး ကျွန်တော့်ကို ကြော်ညာပေးခဲ့တယ်။ အခွင့်အရေးတွေ ပေးခဲ့တယ်။ ဒါပေမယ့် မာန်တက်နေတဲ့ဟော်လိဝှဒ်က ကျွန်တော့်လို အရပ်(၁၇ဝ)စင်တီမီတာတောင်မရှိတဲ့ လူမျိုးခြားကို လက်မခံခဲ့ဘူး။ ကျွန်တော်သည်းခံခဲ့တယ်။ ဒါရိုက်တာတစ်ဦးက ဇာတ်ညွှန်းစာအုပ်ကို ကျွန်တော်မျက်နှာတည့်တည့် ပစ်ထည့်ပြီး "မင်းက အင်္ဂလိပ်စာမတတ်လို့ ဇာတ်ညွန်းမကြည့်တာလား"လို့ အေးစက်စက်ပြောတဲ့အထိ ကျွန်တော်စောင့်ဆိုင်းခဲ့တယ်။"
"အဲဒီညမှာ ဆရာတော်ဆီ ကျွန်တော်ဖုန်းဆက်ခဲ့တယ်။ ဆရာတော်က တည်ငြိမ်တဲ့အသံနဲ့ "ဒီနှစ်တွေ တကာတော်တော် ပင်ပန်းခဲ့ရပြီဆိုတာ သိတယ်။ ဒါပေမယ့် တကာ သေချာစဉ်းစားကြည့်။ အခုလက်ရှိမှာ တကာ ပိုသန်မာကြံ့ခိုင်တာလား? ဒါမှမဟုတ် အရင်က ပိုသန်မာကြံ့ခိုင်တာလား?" ဆရာတော်အမေးကြောင့် ကျွန်တော်ခဏတွေဝေသွားတယ်။ ဒီနှစ်တွေမှာ ကြုံရတဲ့အခက်အခဲတွေက ဟိုးအရင်ကြုံခဲ့ရတဲ့ အခက်အခဲတွေနဲ့စာရင် ဘာမှမနှိုင်းသာခဲ့ဘူး။ အရင်ကြုံခဲ့ရတဲ့ အခက်အခဲတွေက ကိုယ့်ကိုထွက်ပြေးဖို့ လွတ်လမ်းတောင် မပေးခဲ့ဘူး။ ခုတော့ တကယ်ပဲ အခက်အခဲတွေက ကျွန်တော့်ကို သန်မာစေခဲ့ပြီ။ ခန္ဓာကိုယ် မသန်မာသေးသည့်တိုင် ခံနိုင်ရည်စွမ်းကိုတော့ သန်မာသထက် သန်မာအောင် ကျွန်တော်လုပ်နိုင်ခဲ့ပါပြီ"
အဲဒီကစ အခက်အခဲ၊ ပြဿနာတွေကို ကျွန်တော်ကြောက်မနေတော့ဘူး။ ဘာပဲဖြစ်ဖြစ် "လာစမ်းပါ (welcome)"ဆိုတဲ့ စိတ်ဓာတ်မျိုးကျွန်တော်မွေးခဲ့တယ်။ သူငယ်ချင်းမိတ်ဆွေတွေက ကျွန်တော်ကို ရူးသွပ်သူလို့ဆိုတယ်။ ဒါပေမယ့် ဒါဟာ အခက်အခဲတွေကြားမှာ လေ့ကျင့်သင်ယူနေတယ်ဆိုတာ ကျွန်တော်သိတယ်။
"Hero" ဇာတ်ကားကိုရိုက်တုန်းက မင်းသမီး "Zhang Ziyi" က အဝေဖန်ခံရဆုံးဖြစ်တယ်။ လူတချို့ရဲ့ အပယ်ကို ခံခဲ့ရသူဖြစ်တယ်။ သူ့ကိုကြည့်ရင်း ဟိုးတစ်ချိန်က ကိုယ့်အဖြစ်ကို ကျွန်တော်ပြန်မြင်ယောင်ခဲ့မိတယ်။ အဲဒီတုန်းက ကျွန်တော်တဇွတ်ထိုးဆန်တယ်။ စိတ်ထဲက ခံစားချက်ကို မျက်နှာပေါ် တင်ပြတတ်တယ်။ ဒါနဲ့ သူ့ကို ကျွန်တော့်ရဲ့အတွေ့အကြုံတွေ ပြောပြတယ်။ နောက်တော့ တဖြေးဖြေး ကျွန်တော့်စကားထဲကနေ သူပြောင်းလဲခဲ့ပြီး သန်မာကြံ့ခိုင်တဲ့ မင်းသမီးတစ်လက်ဖြစ်လာခဲ့တယ်။
ဒီနှစ်အတောအတွင်းမှာ သိုင်းပညာနဲ့ပတ်သက်တဲ့ စိတ်ကူးတစ်ခု ကျွန်တော့်မှာရှိတယ်။ အဲဒီစိတ်ကူးကို ပရိသတ်တွေနဲ့ ကျွန်တော်မျှဝေချင်တယ်။ ဒါကြောင့် လူရှာပြီး ကျွန်တော်ဇာတ်ညွန်းရေးစေခဲ့တယ်။ ရုပ်ရှင်ဇာတ်ကားကို "Tibetan Monk in New York" လို့ ပေးခဲ့တယ်။ ဇာတ်ကားနာမည်ကို ထုတ်ဝေသူတော်တော်များများက စိတ်ဝင်စားကြတယ်။ ဒါပေမယ့် ဇာတ်ညွှန်းကြည့်ပြီး သူတို့ မရိုက်ရဲကြဘူး။ တိုက်ခိုက်ခန်းတွေ နည်းလို့ တွက်ချေကိုက်မှာမဟုတ်ဘူးလို့ ပြောကြတယ်။ ထုတ်ဝေသူမရှိလို့ ည ည ကျွန်တော်အိပ်မပျော်ခဲ့ဘူး။ နောက်ဆုံး မတတ်နိုင်တဲ့အဆုံး ကိုယ်တိုင်ငွေထုတ်ပြီးရိုက်ဖို့ ပြင်သစ်က ဒါရိုက်တာ Luc Bessonကို ကျွန်တော်သွားရှာခဲ့တယ်။ ရိုက်ပြီးတဲ့နောက် ဇာတ်ကားကို ကျွန်တော်ကြည့်တယ်။ ရှေ့ပိုင်း မိနစ်(၉ဝ)က သပ်ရပ်ချောမွေ့နေပေမယ့် နောက်ပိုင်းမိနစ်(၃ဝ)က ထုံးစံအတိုင်း တိုက်ခိုက်ခန်းတွေပဲဖြစ်တယ်။ နောက်ပိုင်းကို ပြန်ပြင်ရိုက်မယ်လို့ ကျွန်တော်ပြောတော့ လူတွေက ကျွန်တော်ကိုရူးပြီလို့ ပြောကြတယ်။ နောက်ပိုင်းကိုပြင်ရင် ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ အတူတူပဲလို့ပြောတယ်။ ဒါရိုက်တာ Luc Besson လည်း ကျွန်တော့်ကို တအံ့တသြမေးတယ်။ "ပရိသတ်တွေကို ခင်ဗျားစိတ်ဆိုးစေချင်တာလား?"တဲ့။ ကျွန်တော်က "တစ်ခေါက်လောက်တော့ စမ်းကြည့်လိုက်မယ်လေ" လို့ပဲ ဖြေခဲ့တယ်။
တကယ်တမ်းကျတော့ ရုံမတင်ခင်ကတည်းက အဲဒီဇာတ်ကားကို ရုပ်ရှင်ပညာရှင်တချို့နဲ့ သတင်းသမားတချို့က သတိထားနှင့်ပြီးသားပါ။ နောက်တော့ "Fearless"ဇာတ်ကား ဆက်တိုက်ထွက်လာတော့မှ လူတွေက "အော်.. တကယ်တော့ ဂျက်လီက တိုက်ခိုက်တဲ့စက်ရုပ် မဟုတ်ဘူး" ဆိုတာကို တဖြေးဖြေး နားလည်လာကြတယ်။ တရုတ်သိုင်းပညာထဲမှာ တိုက်ဖို့ခိုက်ဖို့အပြင် နက်ရှိုင်းပြောင်မြောက်တဲ့ အနုပညာလည်း ရှိသေးပါလားဆိုတာ လူတွေသိခဲ့ကြတယ်။
ကျွန်တော်ရဲ့ ဦးတည်ချက်က ဒါပါပဲ။ ရင်ထဲက ခံစားချက်ကိုလည်း ချပြချင်တယ်၊ လက်မှတ်လည်း အရောင်းမြှင့်ရမယ်ဆိုတဲ့ကိစ္စက တော်တော်လေး ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်သိတယ်။ အခက်အခဲဆိုတာ အချိန်တန်ရင်ပြီးသွားတာပဲ။ အဲဒီအခက်အခဲကို ဖြတ်ကျော်ဖူးတဲ့လူမှ သူလျှောက်ရာလမ်းတစ်လျှောက် ပိုသန်မာအင်အားကြီးပြီး အကောင်းကိုပိုမြင်တတ်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။
မူရင်းရေးသားသူ-- ဂျက်လီ (အခက်အခဲတွေက ကိုယ့်ကိုပိုသန်မာကြံ့ခိုင်အောင် ကူညီပေးနေတာဖြစ်တယ်) 李连杰-- 一切困难都是为了让我们更强大
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

No comments:
Post a Comment