A pleasant personality is the soul of success.---- MATHES
"ပျော်ရွှင်တဲ့အကျင့်စရိုက်က အောင်မြင်ခြင်းရဲ့ဝိညာဉ်"--- MATHES
"တည်ငြိမ်တဲ့စိတ်"ဆိုတာ ကိုယ်ကိုယ်တိုင်(myself)နဲ့ ပျော်ရွှင်စွာပေါင်းသင်းခြင်းပဲဖြစ်တယ်။ တကယ်လို့ ကိုယ်ကိုယ်တိုင်နဲ့ ပေါင်းသင်းရာမှာတောင် အခက်အခဲရှိရင် တစ်ခြားလူနဲ့ လူခြင်း၊ စိတ်ခြင်းပေါင်းသင်းဖို့ရာ ပိုခက်ပါလိမ့်မယ်။ ဒါကြောင့် ဒီနေရာမှာ တည်ငြိမ်တဲ့စိတ်ကို ဦးစားပေးဖော်ပြသွားမှာ ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ကိုယ်ကိုယ်တိုင်နဲ့ ပေါင်းသင်းချိန်မှာ မကြောက်ရွံ့၊ မထိတ်လန့်ဘဲ သက်တောင့်သက်သာနဲ့ စိတ်ချမ်းမြေ့မှုတွေ ခံစားရတယ်ဆိုရင် တည်ငြိမ်စိတ်က ကိုယ့်အသိဥာဏ်ကို ဖွင့်ပေးမယ်၊ ပိုမြင်စေမယ်၊ ပိုကောင်းတဲ့ကံကြမ္မာတွေကို ပြုလုပ်ဖန်ဆင်းပေးမှာဖြစ်ပါတယ်။ လူ့ဘဝရဲ့ အကြီးမားဆုံးပျော်ရွင်ခြင်းက တည်ငြိမ်စိတ်ပဲဖြစ်တယ်။
"တည်ငြိမ်စိတ်---> အသိဥာဏ်---> မိမိကိုယ်ကိုယ် ယုံကြည်မှု---> အပြောအဆို---> စိတ်သဘောထား---> အလေ့အထ---> အကျင့်စရိတ်---> ကံကြမ္မာ"
ကျွန်တော်တို့ရဲ့ဘဝက ဒီရှစ်ချက်ထဲမှာ မပြတ်လည်ပတ်နေပါတယ်။ တည်ငြိမ်စိတ်ကိုမွေးမြူပြီး အသိဥာဏ်ကိုဖွင့်မယ်။ မိမိစိတ်သဘောထားနဲ့ အမှား၊ အမှန်ခွဲခြားမယ်။ လူလူချင်းပေါင်းသင်းဆက်ဆံရေးမှာ အမှားတွေ လျော့နိုင်သမျှလျော့မယ်။ ပြီးတော့ တစ်ပါးသူရဲ့ ခံစားမှုနဲ့လိုအင်ကို ဂရုတစိုက်လေ့လာမယ်။ "သူတစ်ပါးရဲ့ လိုအင်ကိုဖြည့်မယ်" လိုအင်တွေဖြစ်တဲ့ ချီးမွမ်းခြင်း၊ တန်ဖိုးထား လေးစားခြင်း၊ အားပေးကူညီခြင်း၊ ပျော်ရွှင်ရယ်မောခြင်း၊ ချစ်ခြင်းမေတ္တာ.... စတာတွေကိုဖြည့်မယ်။ ဒီလိုနည်းနဲ့ ကျွန်တော်တို့ဟာ လူ့ပတ်ဝန်းကျင်နဲ့ အလိုအလျှောက် သဟဇာတဖြစ်လာပါလိမ့်မယ်။ တစ်နည်းပြောရရင် "သူတစ်ပါးရဲ့ အလိုကိုဖြည့်ပေးတာဟာ ကိုယ့်အလိုပြည့်တာနဲ့ အတူတူပါပဲ" ဆိုတာဖြစ်တယ်။
လူ့သဘာဝ တစ်ကိုယ်ကောင်းဆန်ခြင်းတွေကို ဘေးဖယ်ပြီး သူတစ်ပါးကို နံပါတ်တစ်နေရာမှာထားခဲ့ရင် တစ်ပါးသူကလည်း ကိုယ့်ကိုတစ်နေရာမှာ ပြန်ထားတတ်ကြတယ်။ ဒါကြောင့် ရှေ့ကပြောခဲ့သလို လူလူချင်းပေါင်းသင်းဆက်ဆံရေးရဲ့ အဓိကအချက်ဟာ "သူတစ်ပါးက ကိုယ့်ကိုယ်ဘယ်လိုဆက်ဆံစေချင်ရင် ကိုယ်ကသူတို့ကို ဘယ်လိုအရင်ဆက်ဆံပြရတယ်" ဆိုတာပဲဖြစ်တယ်။
**လူ့ဘဝအတွက် မရှိမဖြစ်ဟာသဥာဏ်**
လူ့ဘဝဆိုတာ အခက်အခဲကြားကနေ မွေးဖွားလာတာဖြစ်တယ်။ အကောင်းမြင်စိတ်နဲ့ မပြတ်ကြိုးစားရုန်းကန်မှ သန်မာကြံ့ခိုင်နိုင်မှာဖြစ်တယ်။ ဒါမှမဟုတ်ရင် အခက်အခဲကြားမှာ နစ်မြှုပ်သေဆုံးသွားနိုင်တယ်။--- နပိုလီယံ
အနောက်တိုင်းဒေသတစ်ခုမှာ တက္ကသိုလ်ကျောင်းပြီးစ ကျောင်းသားတစ်ဦးက မိဘနှစ်ဦးကို "ဖေဖေ.. မေမေ ဆပ်ကပ်မှာ သားလူရွှင်တော်သွားလုပ်ချင်တယ်" လို့ ပြောခဲ့တယ်။ မိဘနှစ်ပါးက သားလုပ်ချင်တဲ့အလုပ်ကို အားပေးခဲ့တယ်။ တကယ်လို တူညီတဲ့ဒီလိုအဖြစ်အပျက်မျိုး တရုတ်ပြည်မှာ ဒါမှမဟုတ် အရှေ့တိုင်းမှာဖြစ်ပျက်ခဲ့ရင် အရှေ့တိုင်းမိဘတွေက "သင်ထားတဲ့ပညာတွေ ဘယ်ရောက်ကုန်လဲ? လူရွှင်တော်လုပ်ပြီး ပျော်မယ်ပျယ်မယ်နဲ့ အသုံးမကျတဲ့ကောင်" ဆိုပြီး ပြောကြမှာသေချာပါတယ်။ မတူတဲ့လူမျိုး၊ မတူညီတဲ့ယဉ်ကျေးမှုမှာ ခြားနားတဲ့အမြင်တွေကို တွေ့ရပါတယ်။ သူတစ်ပါးကို ပျော်ရွှင်ရယ်မောအောင် လုပ်တဲ့လူရွှင်တော်ရဲ့ဘဝမှာလည်း အကဲ့ရဲ့၊ အလှောင်ပြောင်ကို ခံကြရတယ်။
တကယ်လို့ ကျွန်တော်တို့နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ ဟာသဥာဏ်ကိုသုံးပြုပြီး ပျော်ရွှင်ခြင်းတွေကို ဖန်တီးမယ်၊ စိတ်ညစ်စိတ်ပျက်စရာတွေကို ချေဖျက်မယ်၊ မလိုတဲ့ အမုန်းရန်ငြိုးနဲ့ ကတောက်ကဆဖြစ်မှုတွေကို ဖြေရှင်းခဲ့မယ်ဆိုရင် လူတွေရဲ့ ပင်ကိုယ်ရယ်မောတတ်တဲ့ သဘာဝစိတ်ကို တွေ့မြင်ကြရမှာ ဧကန်မလွဲဖြစ်တယ်။
ဒီနေ့ကစပြီး ကျွန်တော်တို့အားလုံး "ရယ်မောခြင်း"ကိုဖော်ထုတ်၊ "ဟာသဥာဏ်"ကို ကျန်းမာတဲ့ စိတ်သဘောထားအဖြစ်ခံယူပြီး ဘဝမှာ မလိုအပ်တဲ့အမြင်တစ်ချို့ကို ပြောင်းလဲသင့်ပါတယ်။ ဟာသဥာဏ်ကြွယ်ဝပြီး အမြဲပြုံးရယ်နေတဲ့ လူမျိုးတွေက အမြဲစိတ်ပျက်ငြီးငြူနေကြတဲ့ လူမျိုးတွေထက် ပိုကျန်းမာပျော်ရွှင်တာ အမှန်ပါပဲ။

ဥပမာတစ်ခုမှာ-- လူတစ်ယောက်ဟာ နှစ်ရှည်လကြာ အိမ်ထောင်ကျခဲ့ပေမယ့် သားသမီးမထွန်းကားခဲ့ဘူး။ တ
စ်နေ့မှာ သူဟာ ဆီးနဲ့ပတ်သက်တဲ့ဆရာဝန်နဲ့ သွားရောက်စစ်ဆေးကြည့်ခဲ့တယ်။ စစ်ဆေးပြီး နောက်ဆုံးရလဒ်က သူဟာ သုတ်ပိုးလုံးဝ မထုတ်နိုင်သူလို့ ဆရာဝန်ကပြောပါတယ်။
ဆရာဝန်ရဲ့စကားကို ကြားကြားချင်း အဲဒီလူက စိတ်ပျက်ဝမ်းနည်းသွားဟန်နဲ့ မျက်နှာညိုးကျပြီး စကားတစ်ခွန်း ပြောလိုက်ပါတယ်။
"သိပ်နှမြောဖို့ ကောင်းတာပဲ။ အစောကြီးကတည်းက ကြိုသိခဲ့ရင် ကွန်ဒုံးတွေအဲလောက်အများကြီး ကျွန်တော် အလဟဿဖြုန်းမိခဲ့မှာမဟုတ်ဘူး"
လူတစ်ယောက်ဟာ ဆိုးဝါးတဲ့အခက်အခဲကို ရင်ဆိုင်ဖြေရှင်းချိန်မှာတောင် ဟာသဥာဏ်နဲ့ဖြေရှင်းနိုင်ခဲ့ရင် ကိုယ့်ဘေးက မိတ်ဆွေအပေါင်းအသင်းရဲ့ စိုးရိမ်စိတ်ကို ဖြေလျော့စေနိုင်သလို ကိုယ်ကိုယ်တိုင်လည်း ဖြစ်သမျှအရာကို ကျန်းမာတဲ့စိတ်ထားနဲ့ ရင်ဆိုင်နိုင်ပါတယ်။ ဒါကြောင့် တစ်ခါတလေ ဘဝမှာ မျှော်လင့်မထားတဲ့၊ ထင်မှတ်မထားတဲ့ "ထူးဆန်းအံ့သြမှု"တွေ ပေါ်လာတတ်တယ်။ အဲတာတွေဟာ ဘာတန်းခိုးပြဋိဟာမှ(Miracle) မဟုတ်ပါဘူး။ ဒါတွေဟာ ကိုယ့်ရဲ့တည့်မတ်တဲ့အတွေး၊ ဖြောင့်မတ်တဲ့ စိတ်နေသဘောထားတွေကြောင့် ဖြစ်ပေါ်လာတာဖြစ်တယ်။
စကားတစ်ခွန်းက ဒီလိုဆိုပါတယ်။
"လောကမှာ ထင်မှတ်မထားနိုင်တဲ့ အရာတွေပဲရှိတယ်။ မလုပ်နိုင်တဲ့အရာဆိုတာ မရှိဘူး" တဲ့။
အမေရိကန်က မြင့်မြတ်တဲ့ပညာရေးပါရဂူ "Helen Adams Keller" က ဆွံ့အနားမကြားတဲ့အပြင် မျက်စိလည်း မမြင်သူဖြစ်တယ်။ တစ်ခြားလူတွေရဲ့အမြင်မှာ သူ့ဘဝဟာမည်းမှောင်ပြီး နာကျင်မှု၊ ဝမ်းနည်းမှုတွေနဲ့ပဲ ပြည့်နေမယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် Helen က သူ့ရဲ့ကိုယ်ရေးအတ္ထုပ္ပတ္တိမှာ အခုလိုရေးထားပါတယ်။
"လူ့ဘဝရဲ့ နေ့ရက်တိုင်း၊ နာရီတိုင်း၊ မိနစ်၊ စက္ကန့်တိုင်းမှာ ပျော်ရွှင်ခြင်းတွေနဲ့ပြည့်နေပါတယ်။ ကိုယ့်ဘေးမှာရှိတဲ့ လူတွေတိုင်းလည်း ကိုယ်လိုပဲ ပျော်ရွှင်ခြင်းတွေကို ခံစားရစေဖို့ မျှော်လင့်ပါတယ်။ လှပတဲ့နေရောင်ခြည်ကို ခံစားရပြီး နာကျင်တဲ့မြူခိုးမြူနှင်းတွေကို မေ့လျော့နိုင်ကြပါစေ"
ပြင်သစ်လူမျိုးတွေရဲ့ သူရဲကောင်းဖြစ်တဲ့ နပိုလီယံကလည်း သူ့အတ္ထုပ္ပတ္တိထဲမှာ "ကျွန်တော်ဟာ အရပ်ပုသူမဟုတ်ပါဘူး။ ကျွန်တော်ပေါင်တံတွေ တိုနေခြင်းသာဖြစ်တယ်" လို့ ရေးထားပါတယ်။
တစ်ခါက နပိုလီယံဟာ နန်းတော်စာကြည့်တိုက်ထဲက စာအုပ်တစ်အုပ်ကိုယူဖို့ ကြိုးစားခဲ့ပါတယ်။ စာအုပ်စင်ကမြင့်တဲ့အတွက် သူ့အရပ်နဲ့မမီခဲ့ပါဘူး။ ဒါကိုဘေးက လက်ထောက်စစ်သားကမြင်တော့ "စစ်သူကြီး... ကျွန်တော်အရပ်က စစ်သူကြီးထက်မြင့်ပါတယ်။ စာအုပ်ကို ကျွန်တော်ယူပေးပါရစေ" လို့ ပြောခဲ့တယ်။ အဲဒီအခါ နပိုလီယံက "ခင်ဗျား ကျုပ်ထက်ဘယ်မှာမြင့်လို့လဲ! ကျုပ်ထက်ရှည်တာပါ" လို့ပြောခဲ့တယ်။
လုပ်နိုင်စွမ်း၊ ပစ္စည်းဥစ္စာ၊ အာဏာ၊ ရာထူး စတဲ့အရာတွေကို ပိုင်ဆိုင်ထားတဲ့ နပိုလီယံဟာ "အမြင့်"နဲ့ "အရှည်" ကိုတောင် တေးထားခဲ့တယ်။ သူ့ဘဝတစ်လျှောက်မှာ ဘုရင်လုပ်ခဲ့တဲ့(၆)ရက်သာ ပျော်ရွှင်ခဲ့ပုံရတယ်။ Helenမှာတော့ ကျန်းမာတဲ့ခန္ဓာကိုယ်တောင် ပိုင်ဆိုင်မထားပါဘူး။ ဒါပေမယ့် သူ့ဝိညာဉ်မှာ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ ဘဝအပေါ်ထားတဲ့ အမြင်နဲ့တန်ဖိုးကွဲပြားမှုကြောင့် ဘဝနှစ်ခုရဲ့ ကံတရားနဲ့ထူးခြားမှုတွေလည်း မတူညီခဲ့ကြဘူး။
**ရယ်ရွှင်ဘွယ် အချိုပွဲ**
အမျိုးသမီးတစ်ဦးဟာ အသက်အရွယ်ရလာတာနဲ့ ကိုယ့်ကိုယ်ယုံကြည်မှု နည်းလာခဲ့တယ်။ အိမ်ထောင်ပြုပြီး နှစ်(၂ဝ)ကြာခဲ့သည့်တိုင် ကိုယ့်ယောက်ျားကို အငယ်အနှောင်းရှိလေမလားနဲ့ နေ့တိုင်းသံသယဝင်ခဲ့တယ်။ ယောက်ျားအိမ်ပြန်ရောက်တိုင်း ယောက်ျားရဲ့ကားပေါ်မှာ တစ်ခြားအမျိုးသမီးရဲ့ အသုံးအဆောင်များ ကျန်ခဲ့လေမလားနဲ့ အမြဲရှာဖွေတတ်ခဲ့တယ်။
တစ်နေ့မှာ နက်မှောင်ရှည်လျားတဲ့ ဆံပင်မွေးတစ်မွေးကို ရှာတွေ့လို့ စိတ်တိုဒေါသနဲ့ လင်ယောက်ျားကို အပြစ်ရှာခဲ့တယ်။
"နင့် ငါ့ကိုမချစ်ဘူးဆိုတာ ငါအစကတည်းကသိတယ်။ ဒီနေ့ ကောင်မလေးငယ်ငယ် ချောချောတစ်ယောက်နဲ့ နင်အတူရှိနေခဲ့တယ် မဟုတ်လား"
"မိန်းမရာ.... နင် ဟိုထင်ဒီထင် မထင်နဲ့" ယောက်ျားက စိတ်ပျက်လက်ပျက် ရှင်းပြတယ်။
ဒုတိယရက်မှာ ဆံပင်ဖြူတစ်ပင်တွေ့ပြန်ပြီး ယောက်ျားကို ရန်ရှာပြန်တယ်။
"နင် ငါ့ကို သေစေချင်တာလား! ဆံပင်ဖြူ မိန်းမကြီးကို ရှာရသလား?"
"မိန်းမရာ... မဖြစ်နိုင်တာတွေနဲ့ ငါ့ကိုမစွပ်စွဲပါနဲ့။ နင် အထင်မှားနေပြီ" ယောက်ျားက အလျှင်အမြန်ရှင်းပြတယ်။
တတိယရက်မှာ မိန်းမဖြစ်သူက ယောက်ျားနဲ့ကွာရှင်းဖို့ စကားစလာပါတယ်။ ယောက်ျားက နားမလည်စွာနဲ့ မေးပါတယ်။
"ဒီနေ့ ဆံပင်တစ်ပင်မှ ရှာမတွေ့ဘဲ ဘာဖြစ်လို့ ဒီလောက်ဒေါသထွက်နေရတာလဲ?"
မိန်းမပြန်ပြောလိုက်တာက...
"တကယ်မယုံနိုင်စရာပဲ... နင့်အဖြစ်က ဒီလောက်တောင်ဆိုးရွားခဲ့သလား? ဆံပင်မရှိတဲ့ "ဂတုံးမ"နဲ့မှ အတူနေရတယ်လို့.."
တည်ခင်းတဲ့ ရယ်ရွှင်ဘွယ်အချိုပွဲကိုစားသုံးပြီး တည်ငြိမ်တဲ့စိတ်၊ ဟာသနှောတဲ့အသိဥာဏ်နဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် လျှောက်လှမ်းနိုင်ကြပါစေ...
မူရင်း-- google search or 靜心中的幽默智慧 (တည်ငြိမ်စိတ်ထဲက ဟာသဥာဏ်)
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

No comments:
Post a Comment