(Keith Whelan, the 'Naked Adventurer', had set off on his journey last month but has been forced to return to land for medical treatment.)
**အိန္ဒိယသမုဒ္ဒရာကိုလှော်ခတ်ကူးဖြတ်နေသည့် အိုင်ယာလန်အမျိုးသားအား ကယ်ဆယ်ခဲ့ရ**
(ဆစ်ဒနီ၊ ဇွန် ၈)
အိန္ဒိယသမုဒ္ဒရာကို လှေတစ်စင်းဖြင့် ဖြတ်သန်းလှော်ခတ်နေသော အိုင်ယာလန်အမျိုးသားတစ်ဦးသည် ရေလှိုင်းကြီးတစ်ခုက ဦးခေါင်းကို ရိုက်ခတ်လိုက်သဖြင့် ရေအောက်သို့ နစ်မြုပ်သွားခဲ့ရာ ဇွန် ၇ ရက်တွင် သင်္ဘောတစ်စင်းက ကယ်ဆယ်ခဲ့ရကြောင်း သြစတြေးလျရေကြောင်းအရာရှိတစ်ဦးက ဇွန် ၈ ရက်၌ ပြောကြားသည်။ အသက် ၃၀ အရွယ် ကိတ်ဝီလန်အမည်ရှိ အမျိုးသားမှာ အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းလှော်ခတ်နိုင်သည့် အသက်အငယ်ဆုံးနှင့် ပထမဆုံးအိုင်ယာလန်နိုင်ငံသားတစ်ဦး ဖြစ်လာစေရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ ကိတ်ဝီလန်ကို သြစတြေလျကမ်းလွန်ရှိ ၀ီရာလ်တန်ကျွန်းအနောက်မြောက်ဘက် ၂၀၆ ကီလိုမီတာခန့်အကွာ ရေပြင်၌ ဂျပန်သင်္ဘောတစ်စင်းက ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်။ ၄င်းသည် ရေလှိုင်းရိုက်ခတ်ခံရမှုကြောင့် ဦးခေါင်းတွင် ကြီးမားသော ဒဏ်ရာရရှိခဲ့ကြောင်း သြစတြေးလျရေကြောင်းလုံခြုံရေးအာဏာပိုင်အဖွဲ့၏ ပြောရေးဆိုခွင့်ရ အမျိုးသမီးတစ်ဦးက ပြောကြားသည်။ (အင်တာနက်)

**အရီဇိုးနားပြည်နယ်၌ စက်ရုံပေါက်ကွဲမှုဖြစ်ပွား**
(လော့စ်အိန်ဂျလိစ်၊ ဇွန် ၈)
အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်တွင်ရှိသော အင်တယ်အမှတ်တံဆိပ် ကွန်ပျူတာချစ်ပ်ပြားထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံတစ်ရုံတွင် ဇွန် ၇ ရက်က ပေါက်ကွဲမှုဖြစ်ပွားရာ အလုပ်သမားခုနစ်ဦး ဒဏ်ရာရှိခဲ့ပြီး ဒေါ်လာသန်း ၄၀ ခန့် ဆုံးရှုံးခဲ့ကြောင်း အမေရိကန်အရာရှိများက ဇွန် ၈ ရက်၌ ပြောကြားသည်။ ဖိုးနစ်မြို့အရှေ့တောက်ဘက်ရှိချန်ဒလာမြို့တွင်ရှိသော ၄င်းစက်ရုံရှိစတိုခန်းမှ ၀ါယာရှော့ဖြစ်ပြီး ပေါက်ကွဲရာမှ အဆိုပါ ဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ တင်ပို့ ပေးထားကြောင်း သိရသည်။ (အင်တာနက်)
**တီကရစ်မြို့၌ အသေခံကားဗုံးခွဲတိုက်ခိုက်၊ သုံးဦးသေဆုံး**
(တီကရစ်၊ ဇွန် ၈)
အီရန်နိုင်ငံ ဆာလာဟူဒင်ပြည်နယ်မြို့တော်တီကရစ်မြို့လယ်၌ ဇွန် ၇ ရက်က အသေခံကားဗုံးတိုက်ခိုက်မှုဖြစ်ပွားသဖြင့် အီရတ်စစ်ဘက်အရာရှိတစ်ဦးအပါအ၀င် လုံခြုံရေးတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားသည်။ အီရတ်သမ္မတဟောင်း ဆက်ဒမ်ဟူစိန်၏ ခြံဝင်းဝရှိ စစ်ဆေးရေးဂိတ်အတွင်းသို့ အခင်းဖြစ်သည့်နံနက်ပိုင်းက အသေခံကားဗုံးခွဲသူက ကားဖြင့်အဓမ္မမောင်းနှင်ဝင်ရောက်ပြီး ဗုံးခွဲလိုက်ခြင်းဖြစ်သည်။ ဘဂ္ဂဒက်မြို့တော်မြောက်ဘက် ကီလိုမီတာ ၁၇၀ ခန့်အကွာ တီကရစ်မြို့၌ စခန်းချသည့် အီရတ်တပ်ရင်း (၁) မှ တပ်မှူးဗိုလ်မှူးကြီးနျူရီအယ်မက်ရှ် ဟာဒါနီမှာ အသေခံကားဗုံးခွဲ တိုက်ခိုက်ခံရပြီး သေဆုံးသွားသည်။ ထို့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးလည်း သေဆုံးသွားပြီး ၁၄ ဦး ဒဏ်ရာရရှိသွားသည်။ (အင်တာနက်)
**အာဖဂန်အရှေ့ပိုင်း၌ လမ်းဘေးဗုံးပေါက်ကွဲ ၁၀ ဦးဒဏ်ရာရ**
(ခို့စ်၊ ဇွန် ၈)
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းခို့စ်ပြည်နယ် ဆာဘာရီခရိုင်တွင် ဇွန် ၇ ရက်က လမ်းဘေးဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဇွန် ၇ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခန့်က ဆာဘာရီခရိုင်ဈေးအတွင်း အဆိုပါ လမ်းဘေးဗုံးခွဲမှုကြောင့် အရပ်သားခုနစ်ဦးအပါအ၀င် ၁၀ ဦး ဒဏ်ရာရရှိသွားကြောင်းဆာဘာရီခရိုင်အုပ်ချုပ်ရေးမှူးက ဆင်ဟွာသို့ ပြောကြားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment