**ကဲ .. ကြည့်စမ်း
မိုးရေတွေ ကျနေတဲ့ လောကတစ်ခုလုံး
လွမ်းစရာတွေချည်း ဖုံးလို့နေပေါ့ကွယ်
နှစ်ဆယ့်ခြောက်နှစ်စာ အိပ်မက်တွေလည်း လွမ်း
ငါနဲ့ မတည့်တဲ့ ကံကြမ္မာကိုလည်း လွမ်း
ခန္ဓာကိုယ်လှတဲ့ မိန်းမတစ်ယောက်ကိုလည်း လွမ်း
ပြန်မရှင်းတတ်တဲ့ စာရင်းဇယားတွေကိုလည်း လွမ်း
**လူကြိုက်များတဲ့ မိန်းမတစ်ယောက်လို
လူကြိုက်များတဲ့ ကဗျာတွေဖြစ်ဖို့ကို ဘာပန်းတွေပန်ပေးရမှာလဲ
ထားလိုက်ပါကွယ်
ပန်းဆိုတာက ကဗျာပန်နေကြ ဖြစ်ဦးမှပါလေ
ကဗျာက ကဗျာကလွဲလို့ ဘာကိုပန်ပြရဦးမှာလဲ
ငါက အသွေးအသားထဲကနေပဲ ထွက်ကျလာတယ်
သွေးတစ်စက်စက်လို
ကဗျာက တစ်ပုဒ်ပြီးနောက်တစ်ပုဒ်
**ဘာသရုပ်သကန်နဲ့မှ မှန်ကန်ပြရမှာလဲ
ဘ၀တစ်ခုလုံးမှာ ရှုပ်ပွနေတာကို မရှင်းတတ်လို့
ထိုင်ကာကြည့်နေရတာ ကြာလှပေါ့ကွယ်
ငါကတော့ ငါ့လမ်းမထက်မှာပဲ ရှင်ဘုရင်လည်း ငါ
သူတောင်းစားလဲ ငါ
ဘယ်သူက လာညာချင်တာလဲ
ကိုယ့်တိုက်ပွဲတွေအတွက်ချည်းပဲ ကိုယ်သူရဲကောင်းလုပ်မှာပေါ့
**ညတွေနက်လာလေတိုင်း ကိုယ့်စိတ်ထင်တိုင်းကိုယ် ငိုမယ်
ကိုယ်ပြန်မရနိုင်မယ့် အရာတွေအတွက်
မျက်ရည်ကသာ လက်ဆောင်ဖြစ်မှာပေါ့
လူအဖြစ်မှာ ကိုယ့်ကိုယ်ကို ပြန်မညာဖို့ပဲလိုတယ်
တိတ်ဆိတ်တဲ့ ညတိုင်းမှာ မျက်ရည်နဲ့ ဆက်ရေးဖြစ်တဲ့
ကိုယ့်နောင်တတေးတွေကိုပဲ ကိုယ်သီဆို
ဘ၀ကို ချိုနိုင်ဖို့ ငိုတတ်ဖို့လည်းလိုမယ်
**အာရုဏ်တက်မှာ လင်းလက်လာမယ့် ကြယ်တစ်ပွင့်လို
ဟောဟိုကောင်းကင်ထက်မှာ မတ်တပ်တပ်ရပ်မယ်
လွမ်းဖူးရာရာတွေအတွက် ကိုယ့်ကိုယ်ကို နည်းနည်းလေး တည့်မတ်လိုက်ပါရဲ့လေ။
**ကိုဖြိုး**
. .လူတစ်ယောက်၏ ကြီးကျယ်မြင့်မြတ်မှုသည် သူ၌ဘာရှိသည်၌ မတည်......သူဘယ်လိုလူ ဖြစ်သည်၌သာတည်၏.....

No comments:
Post a Comment