(44 dead in Russian plane crash)
**ရုရှားနိုင်ငံ၌ ခရီးသည်တင်လေယာဉ်ပျက်ကျ ၊၄၄ ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရရှိ**
(မော်စကို၊ ဇွန် ၂၂)
ရုရှားနိုင်ငံအနောက်မြောက်ပိုင်းတွင် ဇွန် ၂၁ ရက် နံနက်က ခရီးသည်တင်လေယာဉ်တစ်စင်းပျက်ကျခဲ့ရာ ၄၄ ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရှိခဲ့ကြောင်း ရုရှားအရာရှိများက ပြောကြားသည်။ ဖြစ်ပွားမှုမှာ ခရီးသည် ၄၃ ဦးနှင့် လေယာဉ်အမှုထမ်းကိုးဦးအား တင်ဆောင်ကာ မော်စကိုမြို့မှ ရုရှားနိုင်ငံ ပီထရိုဇာဗော့ဒ်မြို့သို့ ပျံသန်းလာသော တူပိုလက်ဗ် တူ - ၁၃၄ လေယာဉ်သည် ပီထရိုဇာဗော့ဒ်လေဆိပ်မှ တစ်ကီလိုမီတာအကွာ အဝေးပြေးကားလမ်းမပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပျက်ကျရာသို့ ကယ်ဆယ်ရေးအဖွဲ့များ အမြန်ရောက်ရှိလာပြီး ဒဏ်ရာရရှိသူများအား ဆေးရုံသို့ တင်ပို့ပေးထားသည်။ လေယာဉ်ပျက်ကျမှုနှင့် ပတ်တသတ်ပြီး မည်သည့် အတွက်ကြောင့် ဖြစ်ရသည်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ (အင်တာနက်)
**ချီလီမီးတောင်မှ ပြာမှုန်များ ထပ်မံထွက်ပေါ် ၊သြစတြေးလျ၌ လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း**
(ကင်ဘာရာ၊ ဇွန် ၂၁)
ချီလီနိုင်ငံ၌ ပေါက်ကွဲနေသော မီးတောင်မှ မီးခိုးနှင့် ပြာမှုန်များ ဇွန် ၂၁ ရက်က ဆိုးရွားစွာ ထပ်မံထွက်ပေါ်လာသဖြင့် သြစတြေးလျနိုင်ငံမှ ပြည်တွင်းလေကြောင်းခရီးစဉ်များအားလုံး ဖျက်သိမ်းလိုက်ရကြောင်း ၊ ခရီးသည်အများအပြား လေဆိပ်များ၌ သောင်တင်လျက်ရှိကြောင်း သြစတြေးလျအရာရှိများက ပြောကြားသည်။ (အင်တာနက်)
**မက္ကဆီကိုနိုင်ငံတောင်ပိုင်းကမ်းလွန်၌ မုန်တိုင်းဖြစ်ပေါ် ၊၄၈ နာရီအတွင်း ကမ်းခြေဒေသများသို့ တိုက်ခတ်နိုင်**
(၀ါရှင်တန်၊ ဇွန် ၂၁)
မက္ကဆီကိုနိုင်ငံ တောင်ဘက်ကမ်းလွန်ရှိ ပစိဖိတ်သမုဒ္ဒရာတွင် ဘက်ရစ်ဇ်အမည်ရှိ မုန်တိုင်းဖြစ်ပေါ်လျက်ရှိရာ ၄င်းမုန်တိုင်းသည် တဖြည်းဖြည်း အားကောင်းလာပြီး လာမည့် ၄၈ နာရီအတွင်း မက္ကဆီကို နိုင်ငံ ကမ်းခြေဒေသများသို့ ၀င်ရောက်တိုက်ခတ်နိုင်ဖွယ်ရှိကြောင်း အမေရိကန်အခြေစိုက် အမျိုးသား ဟာရီကိန်းဌာနက ဇွန် ၂၁ ရက်၌ သတင်းထုတ်ပြန်သည်။ ၄င်းမုန်တိုင်းသည် မင်ဇာနီလိုမြို့ အရှေ့တောင်ဘက်ကမ်းလွန် ၂၅၅ မိုင်အကွာ ရှိနေပြီး တစ်နာရိလျှင် ၁၀ မိုင်နှုန်းဖြင့် ရွေလျားလျက်ရှိသည်။ အဆိုပါမုန်တိုင်းသည် မင်ဇာနီလိုမြို့ကို ဖြတ်သန်းကာ အမေရိကန်နိုင်ငံ ကယ်လီဖုန်းနီးယားပြည်နယ် ကမ်းခြေဒေသများသို့ ၀င်ရောက်တိုက်ခတ်နိုင်ကြောင်း သတိပေးထားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment