**ပစိဖိတ်အရှေ့ပိုင်းတွင် ရာသီအတွင်း ပထမဆုံး ဟာရီကိန်းမုန်တိုင်း ဖွဲ့စည်းလျက်ရှိ**
(အက္ကာပူလ်ကို(မက္ကဆီကို)၊ ဇွန် ၉)
၂၀၁၁ခုနှစ် ရာသီအတွင်း ပထမဆုံးဖြစ်ပေါ်နေသည့် ဟာရီကိန်းမုန်တိုင်း အက်ဒရီယန်သည် ပစိဖိတ် သမုဒ္ဒရာအရှေ့ပိုင်း တွင် ဇွန် ၈ ရက်က ဖွဲ့စည်းလျက်ရှိကြောင်း ဇွန် ၉ ရက် အေပီသတင်းတွင် ဖော်ပြထားသည်။ မက္ကဆီကိုအစိုးရက အပူပိုင်းမုန်တိုင်းကို ပစိဖိတ်ကမ်းရိုးတန်းတလျှောက် အနောက်မြောက်ပိုင်းမှသည် ပွန်တာဆန်တဲလ်မိုအထိ စောင့်ကြည့်ရန် အမိန့်ထုတ်ခဲ့သည်။ သို့သော် တာဝန်ရှိသူများက နာရီအနည်းငယ်ကြာပြီးသည့်နောက် စောင့်ကြည့်ခြင်းကို ရပ်ဆိုင်းခဲ့ကြသည်ဟုဆိုသည်။ မုန်တိုင်းသည် ကမ်းခြေဆီသို့ ဦးတည်နေသော်လည်း မုန်တိုင်း၏ ဗဟိုချက်သည် ကမ်းလွန်တွင်ဆက်လက်တည်ရှိနေမည်ဟု မျှော်လင့်ရကြောင်း အမေရိကန်အမျိုးသား ဟာရီကိန်းဗဟိုဌာနမှ မိုးလေ၀သခန့်မှန်းသူများက ပြောကြားသည်။ ဂွါရီရိုပြည်နယ်အစိုးရက လူဦးရေနှစ်သန်းခန့်နေထိုင်သည့် ပင်လယ်ကမ်းခြေမြို့ပေါင်း ၂၀ ခန့်တွင် မိုးသက်မုန်တိုင်းကျရောက်မည်ဟု ပြောကြားသည်။ (အေပီ)

**မျက်စိလည်လမ်းမှားလာသည့် တောဆင်ရိုင်းနှစ်ကောင် အိန္ဒိယနိုင်ငံ မိုင်ဆိုးမြို့၌ သောင်းကျန်းခဲ့**
(မိုင်ဆိုး(အိန္ဒိယ) ၊ ဇွန် ၉)
အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ် မိုင်ဆိုးမြို့၌ ဇွန် ၈ ရက် အစောပိုင်းက တောဆင်ရိုင်းနှစ်ကောင် ၀င်ရောက်လာခဲ့ပြီး ရန်မူတိုက်ခိုက်ခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ရပြီး လေးဦးဒဏ်ရာရရှိကြောင်း သတင်းဌာနများက သတင်းထုတ်ပြန်သည်။ မိုင်ဆိုးမြို့အနီး သစ်တောဒေသမှ မျက်စိလည်လမ်းမှာရောက်ရှိလာသော တောဆင်ရိုင်းနှစ်ကောင်သည် မိုင်ဆိုးမြို့၌ ၅ နာရီကျော်ကြာမျှ လှည့်လည်သွားလာနေခဲ့ရာမြို့သူမြို့သားများမှာ စိုးရိမ်ထိတ်လန့်စာဖြင့် ရှိနေခဲ့ကြရသည်။ အသက်ရှစ်နှစ်မှ ၁၀ နှစ်အကြားရှိ စွယ်စုံဆင်အထီးတစ်ကောင်သည် အသက် ၁၂ နှစ်အရွယ်ရှိ အစွယ်မပါသည့် ဆင်အထီးတစ်ကောင်နှင့်အတူ မိုင်ဆိုးမြို့လယ်သို့ နံနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင်ဝင်ရောက်လာကာ သောင်းကျန်းခဲ့ကြသည်။ စွယ်စုံဆင်သည် လူများနှင့် ကျွဲနွားတိရစ္ဆာန်များကို ရန်မူတိုက်ခိုက်ခဲ့သော်လည်း အစွယ်မဲ့ဆင်မှာမူ လူအများအားရန်မူခြင်းမရှိခဲ့ပေး။ စွယ်စုံဆင်၏ ရန်မူတိုက်ခိုက်မှုကြောင့် နွားနှစ်ကောင် သေဆုံးခဲ့ရသည်။ တောဆင်ရိုင်း၏ တို က် ခိုက်မှုကြောင့်မော်တော်ကား ၁၀ စီးကျော်ပျက်စီးခဲ့ရသည်။ အဆိုပါဆင်ရိုင်းနှစ်ကောင်စလုံးမှာ မိုင်ဆိုးမြို့မှ ကီလိုမီတာ ၄၀အကွာ ကော်ဘရီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှဖြစ်သည်ဟု ယူဆရသည်။ (အင်တာနက်)
**ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း၌ တရုတ်ရေတပ် စစ်ရေးလေ့ကျင့်မည်**
(ပေကျင်း၊ ဇွန် ၉)
တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော်၏ ရေတပ်ဖွဲ့ဝင်များသည် ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း၌ ယခုလနောင်းပိုင်းတွင် စစ်ရေးလေ့ကျင့်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တစ်ရပ်ကို ကိုးကားလျက်ဆင်ဟွာ သတင်းဌာနက ဇွန် ၉ ရက်တွင် သတင်းထုတ်ပြန်သည်။ နိုင်ငံတကာရေပိုင်နက်အတွင်း စစ်ရေးလေ့ကျင့်မည်ဖြစ်ပြီး မည်သည့်နိုင်ငံကိုမျှ ရည်ရွယ်ခြင်းမရှိကြောင်း ပုံမှန်စစ်ရေးလေ့ကျင့်မှုသာဖြစ်ကြောင်းကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြသည်။ (အင်တာနက်)
**နယူးဇီလန်လေကြောင်း ခရီးသည်တင်လေယာဉ်အုတ်ကလန်မြို့၌ အရေးပေါ်ဆင်းသက်ရ**
(၀ယ်လင်တန်၊ ဇွန် ၉)
နယူးဇီလန်လေကြောင်းမှ ဘိုးအင်း- ၇၆၇ အမျိုးအစားခရီးသည်တင်လေယာဉ်တစ်စင်းသည် အုတ်ကလန်မြို့၌ ဇွန် ၉ ရက်က အရေးပေါ်ဆင်းသတ်ခဲ့ရကြောင်း အဆိုပါလေကြောင်းဌာနက ပြောကြားသည်။ နယူးဇီလန်လေကြောင်းမှ ဘိုးအင်းလေယာဉ်သည် လေဆိပ်မှ ပျံတက်ခဲ့ပြီးနောက် လေယာဉ်အင်ဂျင်စက်တစ်လုံးအတွင်းသို့ ငှက်အုပ်တစ်အုပ် ၀င်ရောက်သွားခဲ့သည်ဟုယူဆရသဖြင့် လေယာဉ်မှူးက အရေးပေါ်ဆင်းသက်ရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါလေယာဉ်သည် သြစတြေးလျနိုင်ငံ ပါ့သ်မြို့သို့ ဦးတည်ပျံသန်းရန် ခရီးသည် ၂၁၆ ဦးနှင့်အတူ အုတ်ကလန်လေဆိပ်မှ စတင်ပျံသန်းထွက်ခွာခဲ့သည်။ လေယာဉ် စတင်ပျံတက်အပြီး မကြာခင်မှာပင် ၀ဲဘက်အင်ဂျင်၌ ပြဿနာဖြစ်ပေါ်နေသည်ဟု လေယာဉ်မှူးက သတင်းပေးပို့ခဲ့သည်။ (အင်တာနက်)
**ဖိလစ်ပိုင်နိုင်ငံ၌ မိုးသည်းထန်ပြီးရေလွှမ်း၊ လေးဦးသေဆုံးခဲ့ရ**
(မနီလာ၊ ဇွန် ၉)
ဖိလစ်ပိုင်နိုင်ငံ နေရာဒေသအများအပြားတွင် မိုးသည်းထန်ပြီး ရေလွှမ်းမှုများဖြစ်ပွားရာ လေးဦးလေဆုံးခဲ့ရကြောင်းဖိလစ်ပိုင်အရာရှိများက ဇွန် ၉ ရက်၌ ပြောကြားသည်။ မိုးသည်းထန်းမှုကြောင့် မနီလာမြို့အပါအ၀င် မင်ဒါနာရိုကျွန်း တောင်ပိုင်းကမ်းခြေဒေသများတွင် မြစ်ရေများလျှံပြီး ရေလွှမ်းမှုများ ဖြစ်ပေါ်လျက်ရှိရာ ဒေသခံပြည်သူများ ရေဘေးဒုက္ခနှင့် ကြုံတွေရလျက်ရှိသည်။ ဖိလစ်ပိုင်နိုင်ငံရှိ မြို့ပေါင်း ၁၉ မြို့တွင် မိုးသည်ထန်စွာ အဆက်မပြတ်ရွာသွန်းနေမှုကြောင့် နေအိမ်များနှင့် ကားလမ်းများ ရေလွှမ်းလျက်ရှိသည်။ မနီလာမြို့နှင့် အနီးဝန်းကျင်ဒေသများရှိ စာသင်ကျောင်းများလည်း ပိတ်ထားရကြောင်း သတင်းထုတ်ပြန်ထားသည်။ (အင်တာနက်)
စုစည်းဘာသာပြန်- မိုးမြင့်လင်းလက်

No comments:
Post a Comment