ကံ့ကော်....။ ပွင့်ဖတ် ဖြူဖွေးသည်။ ၀တ်ဆံ ၀ါနုသည်။ မွှေးရနံ့ သင်းပျံ့ယဉ်သည်။ အပင်မြင့်ဝယ် တင့်တယ်သည်။ ရာသီအချိန်အခါဖြင့် ဖူးပွင့်လေ့ရှိသည်။
နိုင်ငံ အနှံ့အပြားတွင် တွေ့နိုင်သော ပန်းဖြစ်စေကာမူ ကံ့ကော်ဟု ဆိုလိုက်လျှင် တစ်နေရာကိုသာ ပြေးမြင်ယောင်လေ့ရှိကြသည်။ ကံ့ကော်သည် ရာဇ၀င်တွင် ထင်ရှား ခန်းနားခဲ့လေသည်။
နှစ်တိုင်း မိုးဦးစလျှင် သူရောက်လာမည်။ တခါတခါတွင် နှစ်ကူးပိတောက်နှင့် အပြိုင်။ ပြီးတော့ ကံ့ကော်က သူ့ချည်း အထီးကျန်မနေ။ ရေတမာတန်းတို့က စိမ်းလမ်းစွာ အလှကူဆင်ပေးသည်။ ငုဝါ၀ါနှင့် စိန်ပန်းနီပြာတို့ ၀န်းရံကာ ပနာရသည်။ စွယ်တော်ပွင့်တို့နှင့်လည်း ချစ်ကြည်စွာ ရွှေလမ်းငွေလမ်း ဖောက်ကြသည်။ သက်တမ်း ရင့်ရှည်ခဲ့ပြီ ဖြစ်သော သစ်ပင်အို ထီးထီးကြီးကမူ ကံ့ကော်ပျိုကို အမြဲ စောင့်ကြို နှုတ်ဆက်လေသည်။
ဖြောင့်တန်းသော လမ်းမ၏ထိပ်ဝယ် ဣနြေ္ဒဖြင့် မတ်မတ်ရပ်နေသော ညစ်ထေးထေး အဆောက်အဦ ကြီးသည် ကံ့ကော်ရောက်လာ လျှင်တော့ မပြုံးမရယ်ပဲမနေနိုင်။ လမ်းဘေး တဖက်တချက်မှ အနီရောင် အဖြူရောင် အဆောက်အဦ များလည်း ဆူဆူညံညံ စကားသံတို့ဖြင့် ပိုမိုအသက်ဝင်လာတော့သည်။ ရေတမာပင်များ ကြားက ဘုရားကျောင်း ရှည်ရှည်ကြီးထံမှ ခေါင်းလောင်းသံများကတော့ ပိုမို သွက်လက်လာသလိုလို။
ကံ့ကော်ဦးကိုမှ ဆွတ်ခူးပန်ဆင်လိုသူတို့ ရှိခဲ့ကြသည်။ ကံ့ကော်ပွင့်လို့မှ အလာမရောက်လျှင် စိတ်ကောက်သူတွေ ရှိခဲ့ကြသည်။ ကံ့ကော်သည် ပေါင်းကူးသဖွယ် ဖြစ်သည်။ ချစ်သူတို့လမ်းကြား တီးတိုးစကားများတွင် ကံ့ကော်ရနံ့တို့ဖြင့် လတ်ဆတ်ထုံသင်းခဲ့သည်။ စာအုပ်ကလေးများကြားဝယ် ကံ့ကော်ပန်းခြောက်တို့ လှပစွာ နေရာယူခဲ့ကြသည်။
ကံ့ကော်ကား ကျော်ကြားသော ဇာတ်လိုက် ဆိုလျှင်လည်း မမှား။ ဤဒေသ၏ ကြိုဆိုပွဲ၊ နှုတ်ဆက်ညစာစားပွဲ၊ ဈေးရောင်းပွဲ၊ အားကစားပွဲ၊ နေရာတကာ ကံ့ကော်တံဆိပ် ခပ်နှိပ်ခဲ့ကြသည်။ ကံ့ကော်၏ အိမ်နီးနားချင်း ကန်ရေပြင်ဝယ် လှိုင်းကြက်ခွပ်လေးများ ဟိုဒီပြေးလွှားနေချိန် ငယ်ရွယ်သူတို့၏ ပျိုမျစ်သော ရင်ခုန်သံတွင်လည်း ကံ့ကော်ရောင်နုနုဖြင့် လှိုင်းဘောင်ဘင်ထခဲ့သည်။ ငယ်သူတို့သာမက ရင့်ကျက်ပြီထင်ရသော နှလုံးသားပိုင်ရှင်များသည်ပင် ဒီနေရာ ဒီဒေသကို ရောက်လာကာ ကံ့ကော်ကို တွေ့လိုက်ရလျှင် အတိတ်ကို လွမ်းဆွတ်ကာ အသစ်တဖန် နုပျို လာကြတော့သည်။
သို့ရာတွင် ကံ့ကော်တို့၏ ဖြူလွသော ပွင့်လွှာနုနုဝယ် ရဲရဲနီသောသွေးစက်များ အကြိမ်ကြိမ် စွန်းပေ ခဲ့ရလေသည်။ ကံ့ကော်ပွင့်ကို ရင်မှာပိုက်ကာ ချစ်သူပျောက်ကို မျှော်သူများ ရင်နာစရာ မျက်ရည်စီးကြောင်းတို့ မခမ်းခြောက်နိုင်ကြသေး။ အခုတော့လည်း သက္ကရာဇ် ၁၉၂၀ က စခဲ့သော ကံ့ကော်၏ ရာဇ၀င် တစ်ရပ်သည် ၂၀၂၀ မတိုင်မီပင် အဆုံးသတ်သို့ ရောက်လုလု ဖြစ်နေလေပြီကော။ ကံ့ကော်ကား ကံဆိုးခဲ့လေပြီ။
အဓိပ္ပါယ်တို့ ဆိတ်သုဉ်းသွားရာ အရပ်ဒေသတစ်ခုတွင် ကံ့ကော်သည် ပွင့်ချိန်တန်လျှင် တာဝန်ကျေစွာ ခြောက်ခြောက်သွေ့သွေ့ ဆက်ပွင့်နေဆဲ။ သို့သော်...။
မနှောင်းခဲ့သော အတိတ်ကာလတစ်ခုမှာတော့ ကံ့ကော်ပန်းတို့ ၀င့်ဝင့်ထည်ထည် တင့်တယ်လန်းဆန်းစွာ သင်းပျံ့ခဲ့ဖူးလေသည်။
**ပန်ဒိုရာ**

No comments:
Post a Comment