မြန်မာပြည်ဆေးလောကမှာ ပထမဦးဆုံးဆရာဝန်ဖြစ်ခဲ့တဲ့သူတွေကတော့ ရခိုင်နဲ့ တနင်္သာရီကမ်းရိုးတန်းက ဖြစ်လိမ့်မယ်ထင်ပါတယ်။ ဒေါက်တာရှောလူးတို့လိုပေါ့။ အဲဒီပြည်နယ်နှစ်ခုက ပြည်မကြီးထက်အရင် အင်္ဂလိပ်လက်အောက်ကို ရောက်ခဲ့တာကိုး။ သာသနာပြုအဖွဲ့တွေနဲ့အတူ ဥရောပနိုင်ငံတွေဘက်ကို ဦးဥိးဖျားဖျား ခြေဆန့်ခဲ့ကြပြီး အနောက်တိုင်း သိပ္ပံပညာတွေကို လေ့လာခွင့်ရတဲ့သူတွေပေါ့။ ပညာတွေစုံလာတဲ့အခါ ကိုယ့်တိုင်းပြည်ကိုယ်ပြန်လာပြီး ဆရာဝန်အဖြစ်နဲ့အသက်မွေးခဲ့ကြရာက ဆေးလောကမှာ စဦးတီထွင်သူ ဂုရုကြိးများ ဖြစ်လာကြပါတယ်။ ဘီအေ အိုင်အေ အောင်ရင် မြို့အုပ် ၀န်ထောက်လောက် ဖြစ်နိုင်တဲ့ခေတ်မှာ သူတို့ရဲ့ ဆရာဝန်ကြိးဆိုတဲ့ အရှိန်အ၀ါဟာလည်း နည်းနည်းနောနောတော့ မဟုတ်ပါဘူး။ ပညာတတ်ရှားပါးတဲ့ခေတ်မို့ အရေးပိုင်မင်း၊ ၀တ်လုံတော်ရမင်း၊ စက်ရှင်တရားသူကြိးမင်းတို့နဲ့ တန်းတူပဲ မင်းပေါက်စိုးပေါက်လို့ သတ်မှတ်ထားကြတာပါ။ ဒါကြောင့် ဒေါက်တာဘသန်းတို့ဆို ဆေးလောကထဲမှာ နံမည်တစ်လုံးနဲ့ ကျော်ကြားခဲ့သလို သားမက်ဖြစ်သူ ဦးနေ၀င်းကိုယ်တိုင်က ရှိန်တိန်တိန်ရှိရသူလို့ ကြားဖူးပါတယ်။ သူ့သမီးကစ်တီဘသန်းဆို သမ္မတကတော်မဖြစ်ခင်ကတည်းက မြန်မာလူဂုဏ်တန်အသိုင်းအ၀ိုင်းမှာ အင်မတန်မှ ထင်ရှားလှသူတစ်ဦးပါတဲ့။ အချီးနိဒါန်းကို ကြီးကြီးကျယ်ကျယ် ဆင်ကြီးဂဠုန်ချီနေရတဲ့အကြောင်းကတော့ မြန်မာပြည်မှာ ဆရာဝန်ကြီးဆိုတဲ့ရာထူးဟာ ဘယ်လောက် လူရိုသေ ရှင်ရိုသေရှိခဲ့သလဲဆိုတာ သိစေချင်လို့ပါ။
ဒီကနေ့ခေတ်မှာတော့ အဲဒီရာထူးကို မြို့နယ်ဆရာဝန်ကြီး အင်္ဂလိပ်လို TMO လို့ သုံးနှုန်းကြပြီး အရှည်ကိုလင်းရရင်ဖြင့် တောက်တိုမယ်ရအော်ဖစ်ဆာပါတဲ့။ ရွက်ထားရတဲ့ တာဝန်ရေအိုးလေးတွေကတော့ မရေမတွက်နိုင်အောင် ဆင့်ဆင့်ထားပြိး အထက်က အသံလေးပေးလိုက်တာနဲ့ ´ အိုးလေးလှုပ်ပါဟေ့..´ လို့လည်း ညီညီညာညာ ကပြရသေးတာ။ သြဇာတွေက အမြီးနှုတ် ခေါင်းနှုတ်နဲ့ ဘာမှ မကျန်တော့သလောက် မာလကဈာန်ကြွမယ့် မာလကာတွေသာ တမျိုးပြီးတမျိုး ရိုးပဲမရိုးရအောင် တက်တက်လာပါတော့တယ်။ ရေစီးရေလာကတော့ ကြံရည်ဖန်ရ် ဥာဏ်ရည် သာရင်သာသလို တာသွားပြီး အရပ်ထဲမှာတော့ လူမလေးခွေးမခန့်တဲ့ ကိုပါကြီးဘ၀ကို ရောက်နေကြပါပြီ။ သူ့ခမျာ ဆေးကောင်းကောင်းကုရတယ်လို့မှ မရှိပဲ။ အစုံလုပ်သည် ဦးကြယ်နီဘ၀နဲ့ ကော်မတီဖွဲ့ အစည်းအဝေးတက်၊ လက်ခုပ်တီး အလှူခံထွက်ရတဲ့ မင်းခယောင်္ကျားကြီးသက်သက် ဖြစ်လို့နေပါပေါ့။ ဒါကြောင့် ဒိတခါ သူတို့ဘက်က ရှေ့နေလိုက်ကြည့်မယ်။ အာရကေ ဖရီးတို့ လာစေသတည်းဗျား။
ကလေးဘ၀တုန်းက ပထမဆုံးတွေ့ဖူးတဲ့ တီအမ်အိုကြီးကတော့ အညာကနေ ရန်ကုန်လာပြီး ကားဝယ်တာဗျ။ ဘောင်းဘီအိပ်ထဲက ရွှေချောင်းကြိးနဲ့ ငွေချေပြိး ဂျစ်ကားဝယ်သွားတဲ့ ဆရာဝန်ကြီးဟာ အဲဒိတုန်းက ကိုယ်နဲ့သိတဲ့သူတွေထဲမှာ အချမ်းသာဆုံးပါပဲ။ (အိမ်မှာဆို မရှိဝမ်းစာ ရှိတန်းဆာနဲ့ ရွှေဆိုတာ လည်ပင်းတလှည့် အပေါင်ဆိုင်တလှည့်ရောက်နေရတာ မဟုတ်လား) အဲဒီတုန်းက ဒုတိယတန်းမှာ ဆရာမက တခါမှလည်း သင်မပေးပဲနဲ့ မြန်မာပြည်မြေပုံကြီးကို အိမ်မှာဆွဲခဲ့ရမယ်လို့ အိမ်စာပေးလိုက်တာ စာရွက်တွေသာ ပြဲပြဲသွားတယ်။ ပုံထွက်မလာလို့ ထိုင်ငိုနေရော။ အဲဒီဆရာဝန်ကြီးက အလွယ်ဆုံးမြေပုံဆွဲနည်းကို အကွက်ချပြိး သင်ပေးသွားတော့ `ဆရာဝန်ဆိုတာ အကုန်တတ်သဟ´ ဆို အထင်တွေကြီးသွားတာ ဒိနေ့အထိ မမေ့တော့ဘူး။ ကြိးလာလို့ အလုပ်ထဲရောက်တော့ ပင်စင်ယူသွားပြိဖြစ်တဲ့ ဆရာဝန်ကြီးအကြောင်းကို သူနဲ့အတူဆုံဖူးတဲ့ ဆရာဝန်တွေဆီမေးကြည့်တဲ့အခါ သူ့ပုံရိပ်တွေက သိပ်မကောင်းလှပါဘူး။ သူ့မြို့နယ်ထဲမှာ ဂျီပီဖွင့်ရင် တပည့်တွေနဲ့ ဆေးခန်းရှေ့လာပြိး ရုပ်ရှင်ထဲက သူကြီးသား ထန်းရည်မူးတဲ့အခန်းမျိုး ရိုက်တတ်ပါသတဲ့။ အံ့သြသွားသလားဆိုရင် မအံ့သြပါဘူး။ နယ်မှာ တီအမ်အိုတွေ တော်တော်များများ အဲသလိုပဲ လုပ်တတ်သတဲ့။ ခွဲခန်းကိုသော့ခတ်ထားတတ်သတဲ့ စတဲ့ တီအမ်အိုပုံပြင်တွေ ကြားရတဲ့အခါကျတော့ နယ်တောင် မသွားရဲအောင် ဖြစ်လာပါတယ်။ ကောင်းတဲ့သူတွေ အများကြီးမှန်းသိပေမယ့် ဆိုးတဲ့သူနဲ့တွေ့ရင် ဂိတ်ဆုံးအောင် ဆိုးပြလိမ့်မယ်လို့ မျှော်လင့်ထားမိတာပေါ့။
ကိုယ်ကိုယ်တိုင် နယ်ရောက်သွားပြီး တကယ့်တီအမ်အိုအစစ်တွေနဲ့ နဖူးတွေ့ဒူးတွေ့ တွေ့ရတဲ့အခါကျတော့ သူတို့တတွေ ကောင်းတယ် ဆိုးတယ် ဆိုတာထက် ဘာတွေကို ဘယ်လိုလုပ်နေကြရသလဲဆိုတာတွေကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတာပေါ့။ သူတို့အတွက် သင့်တော်တဲ့ နာမ၀ိသေသနဆိုတာ good ဆိုတဲ့ ကောင်းသော လည်းမဟုတ်ဘူး။ bad ဆိုတဲ့ ဆိုးသော လည်းမဟုတ်ဘူး။ wonderful လို့ခေါ်မယ့် အံ့သြစရာကြီး။ ချီးကျူးနေတာလား ကဲ့ရဲ့နေတာလားလို့တောင် ကိုယ့်ဘာသာမပြောနိုင်တော့ဘူး။ အံ့သြပါရဲ့ လို့ပဲ ပြောရတော့မယ်။
ဆရာဝန်မို့လို့ ကုသရေးပိုင်းမှာပါရမယ်ဆိုတာကတော့ ပြောစရာမလို၊ သဘောပေါက်ပြီးသားပေမယ့် သူတို့ဘ၀မှာ အဲဒီကုသရေးဆိုတာကြီးက ဟိုး နောက်ဆုံးတကာ့ နောက်ဆုံးဦးစားပေးမှာ ပါတာပါ။ (တကယ့်တီအမ်အို အစစ်ကိုပြောတာနော်) အဓိကကတော့ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု၊ နောက်တော့ ရောဂါကာကွယ်ရေးတို့ တိုက်ဖျက်ရေးတို့ ခိုင်းချင်တာခိုင်း ခုမဆိုင်း တာဝန်တွေပေါ့။ ဆေးရုံကြီးလာလေလေ ကိုယ့်အဆင့်မြင့်လာလေလေ၊ ကုသရေးနဲ့ ကိုယ်နဲ့ ဝေးကွာသွားလေလေဖြစ်လိမ့်မယ်။ ဒါပေမယ့် စိတ်မလျှော့ပါနဲ့။ လူတစ်ယောက်ချင်းကုတဲ့အလုပ်တွေကို တပည့်တွေနဲ့ လွှဲထားပြိး လူ့အသိုင်းအ၀ိုင်း ရပ်ရွာတစ်ခုလုံးကို ကုသပေးနေတာလို့ သဘောထား။ သူတို့လည်း အဲသလိုပဲ ပြောကြတယ်။
တကယ်အလုပ်လုပ်တဲ့သူတွေအတွက်တော့ အဲဒိစီမံခန့်ခွဲမှု နဲ့ အုပ်ချုပ်မှု ဆိုတာ ကျားမြိးဆွဲပြီး မီးခဲကိုင်ရတဲ့ ကိစ္စပါ။ ဆေးရုံတစ်ရုံလုံး အိမ်သာထဲ ရေမလာတာ၊ ခွဲခန်းထဲ မီးစလောင်းမလင်းတာ၊ အလုပ်သမား ပိုက်ဆံတောင်းတာ၊ ဆရာမ လစာမဲ့ခွင့်ယူတာ၊ ဆရာဝန်နဲ့လူနာ အတိုင်အတော ပြဿနာပေါင်းစုံကို ဒိုင်ခံဖြေရှင်းပေးရတာမို့ စစ်ပွဲတစ်ရာလည်း နွှဲလိုက်ချင်ပါတယ် ဖြစ်သွားမယ်။ အောင် မယ် .. ကိုယ့်ဆေးရုံက နံမယ်တွေ ဘာတွေကြီးပြီး ဘီဘီစီ အာရ်အက်ဖ်အေထဲ ကြော်ငြာဝင်သွားလို့များကတော့ ခေါင်းဆင်နင်းပြီသာမှတ်။ ကိုဒါသတို့ ဆေးရုံရောက်လာရင်လည်း မိုးကြိုးပစ်တာမဟုတ်ပေမယ့် ကိုယ်လည်း စက်ကွင်းမလွတ်ဘူးဆိုတာ သဘောပေါက်ထား။ ကိုယ့်ဆေးရုံနဲ့ ပတ်သက်သမျှ ကိစ္စအ၀၀တို့ကို ခေါင်းခံရမယ့် အဓိကတာဝန်ရှိသူကြီးပေါ့။
အဲဒီနောက် ၀ရချီးလည်အောင် လုပ်ရမယ့်တာဝန်ဝတ္တရားကတော့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတာဝန်များပါပဲ။ မြွေကိုက်တာချည့်ပဲ ကြောက်နေလို့မရဘူး။ ခြင်ကိုက်မှာလည်း ကြောက်ရသေးတယ်။ ဖုံး သွန် လဲ စစ်၊ ခြင်ထောင်ဝေ၊ ခြင်ဆေးဖြန်းတင် မကဘူး။ တစ်အိမ်တက်ဆင်း အိမ်သာတွေလိုက်ရှူချင် ရှူရသေးတာ။ ကလေးတွေ ညောင်ပင်တစ္ဆေ ဝေလေလေ ဆော့သလို `နင်ဘယ်ရေသောက် ညောင်ရေသောက်´ ဆို ´မှန်းစမ်း အဲဒိရေ´ ဆို ဓါတ်ခွဲခန်းပို့ အပေါ့အငံမြည်းနဲ့ ညောင်ရေအိုးက ကျွမ်းထိုးကောင်နှယ်လည်း လတ်လျားလတ်လျား လုပ်ရသေးတယ်။ မနက်အိပ်ရာထတာနဲ့ ရပ်ထဲရွာထဲက ခုနှစ်ရက်သားသမိးတွေ ကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာသာ ပို့သထား။ မတော်လို့များ ကြက်တုတ်ကွေး၊ ၀က်နားရွက်ပြာ၊ ဂျပန်ဦးနှောက်ရောင်၊ AH1N1 ဆိုတာတွေ ကောလာဟလထွက်လာလို့ကတော့ ဇယားလည်းရှုပ် ပျားလည်းတုပ်တော့မှာ။ ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေးစောင့်ရှောက်မှု၊ ငါးနှစ်အောက်ကလေး ကာကွယ်ဆေးဆိုတာတွေကတော့ ရေပက်မ၀င်အောင် ဖွတ်ဖွတ်ညက်ညက်ကျေနေအောင် တစ်ချက်ကလေးမှ မလစ်ဟင်းရအောင် ဂရုစိုက်ရလိမ့်မယ်ဗျား။ ဒီနေရာမှာတော့ အလုပ်တာဝန် စီမံခန့်ခွဲမှုနဲ့တင် မရတော့ဘူး။ ဘတ်ဂျက်ဝေမျှစီးဆင်းရေးပါ မနိုင်ရင် အတိုင်ခံရလို့ တိုင်နဲ့ခေါင်းနဲ့ဆောင့်နေရမယ်။ အောက်ကလူတွေက ကိုယ့်ထက် ဘတ်ဂျက်ကျေတယ်ဆိုတာ သိလာလိမ့်မယ်။
ရူးချင်စရာအကောင်းဆုံးအလုပ်ကတော့ ဒေတာလို့ခေါ်တဲ့ ကျန်းမာရေးစီမံကိန်း စာရင်းအင်းတွေ ကိုင်တွယ်ဖြေရျင်းမှုပါပဲ။ စာရင်းစစ်ဝင်ရင် အိပ်မယ်မကြံနဲ့။ တကယ်ကို ရူးချင်စရာပါ။ အမှန်အတိုင်းချည့် ပြလို့လည်း မရဘူး။ မမှန်မကန် အင်ထုလို့လည်း မရဘူး။ ကုလားကားထဲမှာ ကခုန်နေကြတဲ့ လူအုပ်ကြီးကို မြင်ဖူးတယ် မဟုတ်လား။ မင်းသား မင်းသမီးက သူ့ဘာသာ ၀တ်ချင်တာဝတ်ပြိး ကချင်သလို ကလိမ့်မယ်။ ဒါ သူတို့အလုပ်။ ကိုယ်က နောက်က လူအုပ်ထဲမှာ ပါနေတာ။ ဘယ်နေရာမှာမှ မထင်ရှားစေနဲ့။ သူများလှုပ်သလိုလှုပ်၊ သူများခါသလို လိုက်ခါ၊ ညီနေဖို့သာ အဓိက။ နည်းနည်းလေးလွဲသွားတာနဲ့။ ကိုယ်ကသာ မသိတာ သူများအမြင်မှာ ကားယားကြီး ကျန်နေခဲ့လိမ့်မယ်။ ကျန်းမာရေးစာရင်းအင်းတွေလည်း ဒီအတိုင်းပဲ။ တစ်ယောက်မှ မသေဘူးလို့ လာမပြောနဲ့။ သေလိုက်တာ သောက်သောက်လဲလို့လည်း လာမပြနဲ့။ သူများတွေ သေသလောက်သာ မှန်မှန်လိုက်သေ။ လတွေ နှစ်တွေ ကိုယ့်ဘာသာ လိုတိုးပိုလျော့လုပ်ယူ။ မပြီးသေးဘူး။ ကိုယ်ကမသေဘူးပြောထားရင် အလောင်းစည်သူလည်း လာမလုပ်နဲ့ မမြင်ချင်ဘူး။ အလိမ်ပေါ်ရင် ပိုဆိုးတယ်။ ပိရိပစေ။ ဘုမသိ ဘမသိ တွေ့တဲ့အတိုင်း ကောက်တင်လိုက်မိတာ ဌာနတစ်ခုလုံး သူများအပြောအဆိုခံ ပြဿနာတွေတက်သွားလို့ ဖြေရှင်းမဆုံးဖြစ်နေရရင် ဘယ်လောက် မျက်နှာပူစရာကောင်းသလဲ။ ဒါကြောင့်မို့ တီအမ်အိုလုပ်ချင် ၀ါတွင်းသီလယူဖို့မစဉ်းစားနဲ့။ သီချင်းဆိုမိနေဦးမယ်။ `တောင်ကြိးမောက်မယ် ရှားလာလာလာ လား´ လို့။
ဒါတွေကတော့ ထားပါတော့လေ။ ကိုယ်က အစိုးရ၀န်ထမ်းမို့လို့ ပေးအပ်သောတာဝန်တို့ကို ဦးလည်မသုန် ထမ်းရွက်ကြဖို့ တာဝန်ရှိသည်လေ။ အဲဒီတာဝန်တွေပေါ်မှာ ဗူးလေးရာ ဖယုံဆင့်ထားတာတွေကလည်း ရှိသေးသဗျား။ အန်ဂျီအိုများနဲ့ အလှူ့ရှင်များရဲ့ အလှူဒါန ပြုကြသူငါ အစီအစဉ်တွေပါ။ သူတို့ဘာသူတို့ သဒ္ဒါပေါက်လို့ လာရောက်လှူဒါန်းကြပါသော်ငြား စေတနာသုံးတန် မပြတ်သားကြဘူးလားမသိပါဘူး။ ဖိဘက်ဒေတာလေးတွေ လိုချင်ပြန်ပါသတဲ့။ ဆရာဝန်တွေကိုများ သူများလို ဖြတ်စားလာဘ်စားမှတ်လို့ စော်တကား မော်တကား။ (မဟုတ်ရင်တော့ ပြောအားရှိသပေါ့လေ) လူနာဘယ်နှစ်ယောက်ကို ဘယ်နှစ်လအတွင်း ကုလိုက်တာ ကောင်းသွားတာ ဘယ်နှစ်ယောက် ၊ သေသွားတာဘ.ယ်နှစ်ယောက် ပြန်မလာတာဘယ်နှစ်ယောက်၊ ဘာလို့သေရတာလဲ။ ဘာလို့ပြန်မလာတာလဲ။ အိမ်လိုက်မခေါ်ဘူးလား။ အနည်းဆုံး သုံးလတစ်ခါလောက်မှ အစီရင်ခံစာမတက်ရင် နေ့ပြန်တိုးချေးတဲ့ ကြွေးရှင်တွေထက်ဆိုးတယ်။ တဂျီဂျီတောင်းတော့တာ။ စောင့်ကြည့်စစ်ဆေး အကဲခတ်တဲ့အဖွဲ့များကလည်း အားအားယားယား လာလည်းလာနိုင်ပါပေ့။ သူတို့လိုပဲ ကိုယ့်ကို ဒီအလုပ်တစ်ခုတည်းနဲ့ လုပ်စားနေတယ်လို့ ထင်နေကြပါလိမ့်မယ်။ ပြည်တွင်းက ဒါနရှင် ၀ိသာခါကြီးများကလည်း တမျိုးဗျား။ သူတို့ဘာသူတို့ ကိုယ့်ရပ်ကိုယ့်ရွာမှာ ဆေးပေးခန်းကလေးဆောက်ပြီး ဘုန်းကြီးရေစက်ချ အမျှဝေလိုက်ရင် ကုသိုလ်တွေရသွားပေမယ့် ကိုယ်တွေမှာတော့ အဲဒီဆေးရုံတည်ဆောက်ပုံဒီဇိုင်း ကြီးက ၀န်ကြီးဌာနက ခွင့်ပြုထားတဲ့ ပုံစံနဲ့ကိုက်မကိုက်၊ အဲဒီရပ်ရွာမှာ ဒီလိုဆေးခန်းထားလောက်တဲ့ ဖွဲ့စည်းပုံရှိမရှိ၊ အဲဒီဆေးရုံအတွက် ခန့်ပေးရမယ့်ဆရာဝန်အတွက် လစာဘတ်ဂျက်ရှိမရှိ၊ စသည်ဖြင့် ငရဲတွေငအုံတွေ ကြီးရတော့တာပဲ။ ဆေးခန်းဖြစ်မလာမချင်း လှူတဲ့သူက အလကားလှူထားပါလျှက် ကိုယ်ကပဲ အဖြစ်မရှိလို့ မနာလိုတိုရှည်ဖြစ်လို့နဲ့ အငြိုငြင်ခံရတတ်ပါသေးတယ်။
အောင်မယ်လေး။ မြခြေကျင်းငွေမြိုင်လို ´ရှိသမျှမြိုင်တွေကုန်အောင် မပြောပါရစီနဲ့ မောလှချည်ရဲ့´ လို့ ညည်းရတော့မယ်။ အများကြီး ကျန်ပါသေးတယ်။ တခြားတာဝန်တွေ။ ပုံမှန်အစည်းအဝေး၊ ကြားဖြတ်အစည်းအဝေး၊ အရေးပေါ်အစည်းအဝေး၊ သြ၀ါဒခံယူပွဲ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲ တို့ကစလို့ ဘုရားထီးတင်ပွဲ၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးပပျောက်ရေး၊ သစ်ပင်စိုက်ပျိုးရေး သပ္ပဒနံပေါင်း စုံနေအောင် ပါရလိမ့်မယ်။ ကျောင်းအပ်နှံရေး ရက်သတ္တပါတ်၊ စာကြည့်တိုက်အုတ်မြစ်ချပွဲ၊ အလှူငွေပေးအပ်ပွဲ၊ ကြက်ဆူစိုက်ပွဲ၊ ဆိုင်းဘုတ်တင်ပွဲ အပွဲပွဲတွေလည်း နွှဲရဦးမယ်။ ယောင်္ကျားကြီးတန်မဲ့ အမျိုးသမီးရေးရာကော်မတီမှာလည်း ၀င်ပါရမှာပဲ။ ဒါတွေက အပြောပဲ ရှိသေးတာတောင် ဘယ်လောက်မောသလဲ။ လက်တွေ့လုပ်ကြည့်စမ်းပါလေ။ ဧည့်ကောင်းစောင်ကောင်း ၀န်ကြီးတိုင်းမှူးလောက်များ အလည်လာလို့ကတော့ နေရာတော်ခင်းကစလို့ မှန်နင်းကီးကြောင်းပါဖရား အလယ် လိုအပ်သည်များကို မှာစားထားသည်များပါ မလစ်ဟင်းစေရဘူးဗျ။ ပြိးရင် ဗျာဒိတ်တော် သြ၀ါဒများကို အချိန်နဲ့တပြေးညီတို့ နိုင်ငံတော်အကြိးအကဲ၏မူဝါဒလမ်းညွှန်ချက်အရဆိုတာတွေကို အမြှုတ်ထွက်အောင်ရွတ်ပြီး ကိုယ်ပြောသမျှ နားထောင်ချင်ယောင်ဆောင်ရင်း အိပ်ငိုက်နေတဲ့ တပည့်ကျော်ပဲလှော်တွေကို ဆက်ပြီး ကျွဲပါးစောင်းတီး လုပ်ရပြန်ပါတယ်။ ဒီ့ထက်ပြည့်ပြည့်စုံစုံသိရအောင် ကိုယ်တိုင်လုပ်နေတဲ့ဆရာကြီးတွေကိုသာ ဆက်ပြီး အင်တာဗျူးကြည့်ပါတော့။ သို့မို့ကြောင့် ၀ါစာကမ္မာ သည်မောင့်စာကို နာကြားဖတ်ရှု အို ဆရာဝန်ဆေးကျောင်းသားအပေါင်းထုတို့ရေ။ မတော်လို့များ ပြည်သူ့ကျန်းမာရေးဆေးပညာစာမေးပွဲအတွက် မြို့နယ်ဆရာဝန်တစ်ယောက်၏ တာဝန်ဝတ္တရားများဆိုတာကို ရေးဖြေနှုတ်ဖြေ ဖြေကြားရတော့မယ်ဆိုရင်ဖြင့် အထက်ကဖော်ပြပါအချက်အလက်တို့ကို မှီငြမ်းကိုးကားဖြေဆိုကြမယ်ဆိုရင်ဖြင့် ဧကန်မုချ စာမေးပွဲကျလိမ့်မည်ဖြစ်ကြောင်း ရဲရဲကြီး အာမခံလိုက်ရပါတယ်ခင်ဗျား။
**Soe Min**
http://www.facebook.com/notes/soe-min/%E1%80%B1%E1%80%92%E1%80%AB%E1%80%80%E1%80%B9%E1%80%90%E1%80%AC%E1%80%98%E1%80%AD%E1%80%AF%E1%80%B1%E1%80%90%E1%80%AC%E1%80%80%E1%80%B9/10150384046588902
t

No comments:
Post a Comment