** ဖယ်လ်ကာအို ပေါ်တိုနှင့် စာချုပ်သက်တမ်းတိုး
ချုပ်ဆို **
(လစ္စဘွန်း- ဇူလိုင်လ ၁၅ ရက်)
ဆရာဟောင်းရှိရာ ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့တော့မည်ဟု သတင်းများပေါ်ထွက်ရှိနေသည့် ရာဒါမယ်ဖယ်လ်ကာအိုသည် ယခုအချိန်တွင် ပေါ်တိုအသင်းနှင့် စာချုပ်သက်တမ်းတိုးချုပ်ဆိုလိုက်ပြီဖြစ်သည်။ ထို့ကြောင့် ချဲလ်ဆီးအသင်းက ခေါ်ယူရန် အဓိက ပစ်မှတ်ထားခဲ့သည့် ဖယ်လ်ကာအို၏ ယခင်တန်ကြေးမှာ ယူရိုသန်း ၃၀ သာရှိခဲ့သော်လည်း ယခုစာချုပ်သစ်ကြောင့် ၄င်း၏ တန်ကြေးမှာ ယူရို ၄၅ သန်းအထိ တက်လာခဲ့ပြီဖြစ်သည်။
** ရိုစီ Burberry ကုမ္ပဏီ၏ မော်ဒယ်လ်အဖြစ် ရွေးချယ်ခံရ **
ယခု ရက်သတ္တပတ်များအတွင်း အမေရိကန်နိုင်ငံတစ်ဝန်း၌ ရုံတင်ပြသလျက်ရှိပြီး ၀င်ငွေအကောင်းဆုံး ဇာတ်ကားဖြစ်ကာ နာမ်ကျော်လူကြိုက်များလျက်ရှိသော Trasformers: Dark of the Moon စက်ရုပ်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် မင်းသမီးချော ရိုစီဟန်သီတန်ဝှိုက်တလေသည် ဗြိတိသျှဖက်ရှင်ကုမ္ပဏီ Burberry ၏ ပထမဆုံး မော်ဒယ်လ်ဖြစ်လာပြီဖြစ်သည်။ Burberry ကုမ္ပဏီသည် အ၀တ်အထည် ရေမွှေးနှင့် ဖက်ရှင်အသုံးအဆောင်ပစ္စည်းကိရိယာများ ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီဖြစ်ပြီး မင်းသမီး ရိုစီက ယင်းကုမ္ပဏီမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းအမှတ်တံဆိပ်များကို ကြော်ငြာပေးရမည့် မော်ဒယ်လ်အဖြစ် အတူလက်တွဲကြမည်ဖြစ်သည်။
** စတီးဝပ်ဒေါင်းနင်းကို လီဗာပူးခေါ်ယူ **
(လီဗာပူး- ဇူလိုင်လ ၁၅ ရက်)
လီဗာပူးအသင်းသည် ဗီလာအသင်းမှ အင်္ဂလန်ကွင်းလယ်ကစားသမား စတီးဝပ်ဒေါင်းနင်းကို ပေါင်းသန်း ၂၀ ဖြင့် ခေါ်ယူနိုင်ခဲ့ပြီဟု သိရသည်။ လီဗာပူးအသင်းသည် စတီးဝပ်ဒေါင်းနင်းကို ယခင်က ပေါင် ၁၂ သန်းဖြင့်တစ်ကြိမ် ပေါင် ၁၅ သန်းဖြင့် တစ်ကြိမ် ကမ်းလှမ်းခဲ့ဖူးသော်လည်း နှစ်ကြိမ်လုံး ဗီလာအသင်း၏ ပယ်ချခြင်းကို ခံခဲ့ရသည်။ သို့သော် ယခုအချိန်တွင်မူ လီဗာပူးအသင်းက စတီးဝပ်ဒေါင်းနင်းအတွက် ပေါင်သန်း ၂၀ တိုးမြှင့်ကမ်းလှမ်းခဲ့ရာ ဗီလာအသင်းက လက်ခံသဘောတူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ စတီးဝပ်ဒေါင်းနင်းသည် လီဗာပူးအသင်းတွင် တစ်ပတ်လုပ်ခပေါင်း ၈၀၀၀၀ ရရှိမည်ဖြစ်ကာ လေးနှစ်စာချုပ်ချုပ်ဆိုခဲ့သည်ဟု သိရသည်။
** စုစည်းဘာသာပြန်- ဟန်သစ် **

No comments:
Post a Comment