** ပြည်ပလုပ်သားမှတ်ပုံတင်ရေး အထူးလုပ်ငန်း မလေးရှား၌ အကောင်အထည်ဖော်လျက်ရှိ **
(ကွာလာလမ်ပူ- ဇူလိုင်လ ၁၅ ရက်)
မလေးရှားနိုင်ငံ၌ နိုင်ငံခြားသားအလုပ်သမားများအားလုံး မှတ်ပုံတင်ရေးအထူးလုပ်ငန်းတစ်ရပ်ကို အကောင်အထည်ဖော်လျက်ရှိကြောင်း မလေးရှားသတင်းဌာနများက ဇူလိုင်လ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ မလေးရှားနိုင်ငံတွင် တရားမ၀င်လုပ်ကိုင်နေသူ အလုပ်သမားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့် အမိန့်အာဏာသည် သြဂုတ်လတွင်စ၍ အာဏာသက်ဝင်လာခြင်းမရှိမီ တရားဝင်လုပ်ကိုင်နေသော အလုပ်သမားများကို စာရင်းကောက်ယူလျက်ရှိသည်။ နိုင်ငံခြားအလုပ်သမားများသည် မြို့တော်ကွာလာလမ်ပူရှိ လူဝင်မှုကြီးကြပ်ရေးဌနာတွင် ၄င်းတို့၏ လက်ဗွေရာများကို ပေးအပ်ကြရမည်ဖြစ်သည်။ မလေးရှားအစိုးရ၏ ရည်ရွယ်ချက်မှာ နိုင်ငံအတွင်းရှိ နိုင်ငံခြားသား အလုပ်သမားများအားလုံးနှင့် သက်ဆိုင်နေသော ကိုယ်ရေးအချက်အလက်များကို တစုတစည်းတည်း စုဆောင်းထားရှိနိုင်ရန်ဖြစ်သည်။

** ပေါက်ကွဲနေသော မီးတောင်အနီးမှ လေယာဉ်များပျံသန်းခြင်းမပြုရန် အင်ဒိုနီးရှား၌ သတိပေး **
(ဂျကာတာ- ဇူလိုင်လ ၁၅ ရက်)
အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း ဆူလာဝေစီပြည်နယ်၌ မီးတောင်ပေါက်ကွဲလျက်ရှိသဖြင့် ခရီးသည်တင်လေယာဉ်များ အနေဖြင့် ပေါက်ကွဲမှုဖြစ်ပွားနေသော မီးတောင်အနီးအပါးမှ ပျံသန်းခြင်းမပြုကြရန် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက သတိပေးထားကြောင်း အထက်တန်းတာဝန်ရှိသူတစ်ဦးက ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြောကြားသည်။ လိုကွန်မီးတောင်သည် ဇူလိုင်လ ၁၄ ရက်နေ့ သန်းခေါင်က ထပ်မံပေါက်ကွဲခဲ့သည် မီးတောင်မှ ပြာမှုန်များကို အမြင့်မီတာ ၂၀၀၀ အထိ မှုတ်ထုတ်လျက်ရှိသည်။ မီးတောင်ရပ်ဝန်းဒေသကို ခရီးသည် တင်လေယာဉ်များ ဖြတ်သန်းခြင်းမပြုဘဲ လမ်းကြောင်းပြောင်း ပျံသန်းကြရန် သတိပေးချက် ထုတ်ပြန်ထားကြောင်း လေကြောင်းသယ်ယူပို့ဆောင်ရေးဌာနညွှန်ကြားရေးမှူးချုပ် တယ်ရီဘာကာတီဇူနေက ပြောကြားသည်။
** ရေကြောင်းနယ်နိမိတ် သတ်မှတ်မှုဆိုင်ရာပြဿနာ အစ္စရေးနှင့် လက်ဘနွန် အငြင်းပွား **
(ဂျေရုဆလင် ဇူလိုင်လ ၁၅ ရက်)
လက်ဘနွန်နိုင်ငံ၏ နယ်နိမိတ်အပိုင်းအခြားနှင့် ရေကြောင်းဆိုင်ရာ ရပိုင်ခွင့်များကို အစ္စရေးနိုင်ငံက ထိပါးလာခဲ့ပါက မိမိတို့အနေဖြင့် ကာကွယ်ရလိမ့်မ်ဖြစ်ကြောင်း ဟစ်ဇိုလာလက်နက်ကိုင်အုပ်စု လက်ထောက်အကြီးအကဲက ဇူလိုင်လ ၁၄ ရက်နေ့တွင် သတိပေးပြောကြားခဲ့သည်။ ကုလသမဂက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် ဟစ်ဇိုလာအဖွဲ့နှင့် အစ္စရေးနိုင်ငံတို့အကြား လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခမှာ မြေထဲပင်လယ်အရှေ့ဘက်က်းလွန်ရေပြင်ရှိ သဘာဝဓာတ်ငွေ့လုပ်ကွက်နှင့်ခုအား အစ္စရေးနိုင်ငံက ရယူနိုင်မည့် ပင်လယ်ရေကြောင်းနယ်နိမိတ်သတ်မှတ်မှုနှင့် ပတ်သက်ကြောင်း ဂျေရဆလင်ပို့စ်သတင်းစာက ဖော်ပြသည်။
** ကမာ့အင်အားအကြီးဆုံး သံလိုက်စက်ကွင်းဇုန် အမေရိကန်၌ တည်ဆောက် **
(တယ်လာဟတ်စ်- ဇူလိုင်လ ၁၅ ရက်)
သိပ္ပံသုတေသနဆိုင်ရာ တော်လှန်ရေးလှုပ်ရှားမှုတစ်ရပ်အဖြစ် မှတ်ယူနိုင်မည့် ကမာ့စွမ်းအင်အကြီးဆုံး သံလိုက်စက်ကွင်း ဇုန်တစ်ခုကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်၌ တည်ဆောက်ခဲ့ပြီးဖြစ်ကြောင်း သိပ္ပံပညာရှင်များက ဇူလိုင်လ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ဖလော်ရီဒါပြည်နယ် တက္ကသိုလ်အမျိုးသားအဆင့်မြင့် သံလိုက်စက်ကွင်း ဓာတ်ခွဲခန်း၌ တည်ဆောက်ခဲ့သော အဆိုပါ သံလိုက်စက်ကွင်းဇုန်သည် ခွဲဖြာသံလိုက်စက်ကွင်းစနစ် (Split maget) ဖြစ်ပြီး သံလိုက်စက်ကွင်း အင်အားယူနစ်အရ ၂၅ တတ်စ်လာရှိ၍ ကမာ့စံချိန်တင်ကြောင်း သိရသည်။
စုစည်းဘာသာပြန် - ကောင်းမြတ်သူ၊ မိုးမြင့်လင်းလက်

No comments:
Post a Comment