စာရွက်စာတမ်း တစ်ထပ်ကြီးကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ ရုံးခန်းပြောင်းရမည် ဆိုတော့ သိမ်းတန်တာသိမ်း လွှင့်ပစ်တန်တာ လွှင့်ပစ် အလုပ်ရှုပ်ပေဦးမည်။ နေသားကျနေသော နေရာတစ်နေရာမှ နေရာအသစ် တာဝန်အသစ်ကို ပြောင်းရွှေ့ရန် မိမိကိုယ်တိုင်ပင် စိတ်လိုလက်ရ တောင်းဆိုခဲ့သည်လေ။
ကံက မည်သို့ဖန်လာသည်မသိ။ ဘ၀ တလျှောက်လုံးတွင် အိမ်ပြောင်း ကျောင်းပြောင်း အလုပ်ပြောင်း နေရာပြောင်း စသည်ဖြင့် အပြောင်းအလဲတွေ များလှပြီ။ တစ်မြို့မှ တစ်မြို့သို့ ပြောင်းသည်။ တစ်မြို့ထဲမှာပင် အိမ်ပြောင်းသည်။ အလုပ်တစ်ခုမှ တစ်ခု ပြောင်းသည်။ အလုပ်တစ်ခုထဲမှာပင် ဌာနပြောင်းသည်။ ပြောင်းရခြင်းတွေ အခုအထိတော့ လက်စမသတ်နိုင်သေး။
ပြောင်းတိုင်းပြောင်းတိုင်း မဖြစ်မနေကြုံရသည်မှာ သိမ်းဆည်း နေရာချထားရခြင်းပင် ဖြစ်သည်။ သာမန်အားဖြင့် ဖြစ်နိုင်လျှင် မည်သူမှ အလုပ်မရှုပ်ချင်ကြ။ အားစိုက် မထုတ်ချင်ကြ။ အကျွမ်းတ၀င် ဖြစ်ပြီးသော ပတ်ဝန်းကျင် တစ်ခုကို ခွာ၍ မရင်းနှီးသေးသော နယ်ပယ်တစ်ခုကို စတင်ရသည်မှာ စွန့်စားမှုလည်းရှိသည်။ သို့သော် လိုအပ်လာလျှင် လိုချင်လာလျှင် အပြောင်းအလဲ လုပ်ကြရသည်သာ။
အပြောင်းအလဲ လုပ်ကြရခြင်း နောက်ဝယ် အကြောင်းရင်းများစွာ ရှိနိုင်ပါသည်။ တချို့က လက်ရှိနေရာမှာ မပျော်ပိုက်လို့။ တချို့ကတော့ လက်ရှိက ကျေနပ်ဖွယ် ဖြစ်သော်လည်း ပိုမိုတိုးတက်ကောင်းမွန်သော အနေအထားတစ်ခုကို လိုချင်လို့။ တခါတလေကျတော့ ကိုယ်က မပြောင်းချင်လည်း ဘေးပတ်ဝန်းကျင် အခြေအနေတချို့က ဖိအားပေးလာ၍ ပြောင်းရသည်မျိုးလည်းရှိတတ်သည်။ တခါတလေ ကျတော့ ကိုယ်တစ်ဖက်တည်း ပြောင်းချင်၍မရ။ တခြားတဖက်မှ သဘောတူညီပါမှ အပြောင်းအလဲ ဖြစ်ရသည်မျိုးလည်း ရှိသည်။ အပြောင်းအလဲ ဖြစ်စေချင်လျှင် ဖြစ်လိုသူကတော့ ပို၍ အားစိုက်ထုတ်ရပေမည်။
မကြာမီကာလတွင် နေရာအသစ် ကွန်ပျူတာအသစ်ဖြင့် တာဝန်အသစ်များကို စလုပ်ရတော့မည်။ တာဝန်အသစ်က ကိုယ်နှင့်ပို၍ လိုက်ဖက်မည်၊ ကိုယ့်ကို တိုးတက်မှု ပိုပေးနိုင်မည်ဟု ယုံကြည်မှု ထားခဲ့သည်။ သေသေချာချာလည်း ကြိုတင်လေ့လာခဲ့သည်။ သို့သော် ကံသေကံမတော့ မပြောနိုင်။ အနည်းဆုံး သေချာတာကတော့ တစ်ယောက်တည်း လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သော ရုံးခန်းတစ်နေရာမှ အခြားလူများနှင့် ခွဲဝေထိုင်ရမည့် နေရာတစ်နေရာကို ရောက်ရတော့မည်။ အားလပ်ချိန်တွင် မြန်မာစာဖတ်နိုင်ရင် တပ်ဆင်ထားသော ကွန်ပျူတာ တစ်လုံးကိုထားခဲ့၍ ဘာပရိုဂရမ် ဘာဖောင့်အသစ်မှ မတပ်ဆင်နိုင်ရန် တားမြစ်ထားသော ကွန်ပျူတာတစ်လုံးကို သုံးရတော့မည်။ ရစရာက ရဖို့မသေချာခင် ပေးစရာကတော့ အသေအချာ ပေးဆပ်လိုက်ရပြီ။ လူ့ဘ၀ ဆိုတာကြီးကိုက နေရာတကာ သည်လိုပဲ မဟုတ်ပါလား။
အပြောင်းအလဲတိုင်းတွင် ရွှေရောင်ဝင်းလက်သော နေခြည်ဖြာ နံနက်ခင်း ရှိချင်ရှိမည်။ ရှိချင်မှလည်း ရှိမည်။ အပြောင်းအလဲတိုင်းတွင် အာမခံချက်များ ကျေနပ်မှုများ ရှိနိုင်သလို မရေရာမှုများ နာကျင်မှုများ လည်း ရောနှောပါဝင်လျက်ရှိသည်။ အပြောင်းအလဲ တစ်ခု အတွက် အကြီးမားဆုံး အဟန့်အတားကတော့ “ကြောက်စိတ်နှင့် ပျင်းရိမှု” ဖြစ်သည်။ အပြောင်းအလဲတစ်ခု ဖြစ်မြောက်လာရန် အကြီးမားဆုံး လှုံ့ဆော်မှုမှာ “မပြောင်းလျှင် မဖြစ်တော့ဘူး” ဆိုသည်ကို ပြတ်သားစွာ သိရှိနားလည် သဘောပေါက်ခြင်း ဖြစ်သည်။ စကားတစ်ခုတော့ ရှိသည်။ ကောင်းသော(good) အနေအထားတစ်ခုက အကောင်းဆုံး (best) အနေအထားသို့ ရောက်မလာအောင် အဟန့်အတားဖြစ်သွားတတ် သတဲ့။ လက်ရှိက တကယ်ပဲ ကောင်းသော အနေအထား ဟုတ်ပါသလား။ မပြောင်းလျှင် ဖြစ်မဖြစ် ပြောင်းဖို့လိုမလို သိနိုင်ရန်တော့ မျက်စိဖွင့် နားစွင့်ထားဖို့လိုပါသည်။ ထိုင်နေလို့တော့ဖြင့် ဘာမှ ဖြစ်မလာပါလေ။
**ပန်ဒိုရာ**

No comments:
Post a Comment