မြန်မာကားတွေထဲမှာ မျက်ကွင်းညိုညို နှုတ်ခမ်းဖျော့ဖျော့နဲ့ လူနာကလေးက
ချောင်းလေးတဟွတ်ဟွတ်ဆိုးပြီး မှာချင်တာတွေ မမောနိုင်မပန်းနိုင်မှာလို့အပြီးမှာ အနားကနှာရည်တွေတောက်တောက်ကျအောင်ငိုနေတဲ့ လူနာစောင့်က အလန့်တကြား လူနာနာမည်ကို
တ တပြီးငိုလိုက်ရင်း ''ဆရာ..ကယ်ပါဦးဆရာရယ်'' လို့ ပြောလာတဲ့အခါ ရုပ်တည်ကြီးနဲ့ ဆရာဝန်ဆိုတဲ့လူက
အသာလေး ခေါင်းရမ်းပြလိုက်ရင် ရပါပြီ။ တကယ့်တကယ် အပြင်လောကမှာ အသက်ထွက်သွားတဲ့
လူနာရှေ့မှောက်မှာ ဆရာဝန်တစ်ယောက်အနေနဲ့ တကယ်ကြီးသရုပ်ဆောင်ရတဲ့အခါမှာ ထင်သလောက်မလွယ်ပါဘူး။ ၀ါဝါ၀င်းရွှေကားကြည့်၊ မြင့်မြတ်ဗီဒီယိုကြည့်ပြီး လိုက်ငိုတတ်ကြတဲ့ မြန်မာလူမျိုးတွေဟာ အရှင်လတ်လတ်ကြီးကနေ အသေကောင်ပူပူနွေးနွေးကြီးဖြစ်သွားတဲ့ လူနာရှေ့မှာ ယူကြုံးမရ ပူဆွေးသောကရောက်နေရှာသူတွေကို တွေ့ရတဲ့အခါ
နှလုံးမသာမယာဖြစ်ရတာကတော့ သေချာတာပေါ့။ ဆရာဝန်တွေအဖို့မှာကျတော့ လူနာကရော လူနာရှင်ကရော နောက်ဆုံးကောက်ရိုးမျှင်လေးအဖြစ် ဆွဲမိဆွဲရာ လှမ်းဆွဲ အားကိုနေကြတဲ့အခါ
နှလုံးမသာမယာတာအပြင်မှာ ''ငါ ဘာမှလုပ်ပေးလို့ မရလိုက်ပါလား'' ဆိုတဲ့ နောင်တလည်း ပါနေပြန်ပါတယ်။
သူတို့ အသက်မွေးမှုက ဒီလိုအဖြစ်အပျက်မျိုးတွေမှာ ရအောင်ကယ်တင်နိုင်တယ်ဆိုတဲ့ ပီတိအပေါ်မှာ
အတ္တကိုတည်ဆောက်ထားတာမို့ ကိုယ့်လူနာတစ်ယောက် သေတိုင်း အတ္တပုံဆောင်ခဲတွေ
ပဲ့ကြွေသွားသလို ခံစားရပါတယ်။ ဘယ်ဆရာဝန်ကမှ အလောင်းစည်သူဘွဲ့ကို မလိုချင်ဘူးလေ။
ကျော်သူတို့ မသန်းမြင့်အောင်တို့နဲ့တောင် အရမ်းခင်သွားမှာစိုးလို့ ခပ်စိမ်းစိမ်းနေပါ့မယ် လုပ်နေကြတာ။
ဘယ်လိုပဲ ရှောင်နေနေပါလေ။ တနေ့မဟုတ်တနေ့တော့ တွေ့ကိုတွေ့ရမှာပ။
လူနာက ကိုယ့်ကို ''သေပြီဆရာ'' လို့ မတ်စိပို့လိုက်တဲ့အခါ ဆရာဝန်ဘက်ကတော့ အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားစရာတွေရှိပါတယ်။
ပထမဦးဆုံးအလုပ်ကတော့ လူနာတကယ်သေဆုံးပြီဆိုတာကို အတည်ပြုပေးရပါတယ်။
အတည်ပြုချက်ပေးလိုက်တာနဲ့ အချိန်၊ နာရီပါ မှတ်ပေးရတာပေါ့။ လူတစ်ယောက်မွေးဖွားလာတဲ့အခါ
နေ့ရက်အချိန်တွေမှတ်သလိုပဲ သူသေဆုံးသွားတဲ့အခါ မှတ်ပေးလိုက်ရတာပေါ့။ ဒါလည်း လွယ်လွယ်လေးလို့
မမှတ်လိုက်ပါနဲ့လေ။ လူနာရှင်တွေကသူတို့ချစ်တဲ့လူနာ သေသွားပြီလို့ လွယ်လွယ်နဲ့ လက်မခံနိုင်သေးတာ ရှိတတ်ပါတယ်။
''ဟုတ်ရဲ့လားဆရာရယ်။ သေချာပြန်စမ်းသပ်ပေးစမ်းပါဦး'' လို့ ပုခုံးကြီးကို လာလာဆွဲခါပြီး ပြောလိုက်၊
အလောင်းကြီးကိုဖက်ပြီးငိုလိုက်နဲ့ မပြီးနိုင်မစီးနိုင် လေးငါးခါကျော့နေလို့ စိတ်တိုလာခဲ့ဖူးပါတယ်။
ရုပ်ရှင်ရိုက်ရင်တောင် အဲဒီတစ်ကဒ်ထဲ လေးငါးခါပြန်ရိုက်နေရရင် ဘယ်လိုနေမလဲ စဉ်းစားကြည့်။
တခါတုန်းကတော့ အဲဒီဇာတ်လမ်းမျိုးဖြစ်နေတုန်း အသက်ကုန်ပြီလို့ အတည်ပြုထားတာ
နာရီဝက်လောက်ရှိနေပြီဖြစ်တဲ့ အလောင်းကြီးရဲ့လက်တွေဟာ ကွေးလိုက် ဆန့်လိုက်နဲ့
ချိုမိုင်မိုင်ကပြနေတော့မှ ဖက်ငိုနေတဲ့သူလည်းထွက်ပြေး၊ ကိုယ်လဲ တအံ့တသြ တကယ်သေတာ ဟုတ်မဟုတ်
ပြန်စမ်းရပါတယ်။ သေတာတော့ သေချာပါတယ်။ အကြောမသေသေးတာနေမှာ။ အခေါင်းထဲရောက်မှ
ပြန်နိုးတယ်ဆိုတာမျိုး မဖြစ်ရလေအောင် ကိုယ့်ဘက်က သေချာသထက်သေချာအောင် စမ်းသပ်စစ်ဆေးရပါတယ်။
လူနာသေဆုံးကြောင်း အတည်ပြုပြီးရင် တဆက်တည်း မှတ်ချက်ပေးရတာကတော့
သေဆုံးရခြင်းအကြောင်းအရင်းပါပဲ။ စာအုပ်ထဲမှာသင်တယ်။ မယ်သီတာခိုးတာဘယ်သူလဲ လို့မေးရင် ကျွန်တော်မခိုးပါဘူးလို့ဖြေသလိုမျိုး လူနာဘာကြောင့်သေရသလဲလို့ မေးတဲ့အခါ ကျွန်တော်မသတ်ပါဘူးလို့
ဖြေလိုက်လို့မရသလို၊ ထင်တာတွေလျှောက်ခေါင်းစဉ်တပ်လို့လည်းမဖြစ်၊
မသိပါလို့ ဖြေလို့လဲမရ။ ပုလိပ်တွေ အမှုမပေါ်တဲ့အခါလုပ်တာပဲလို့ ပြောကြတဲ့ ၀ိဥာဉ်ခေါ်မေးတာမျိုးလည်း
လိုက်လုပ်လို့မရ။ ခက်လိုက်တာနော်။ ဘူတန်မှာတုန်းကတော့ သူတို့ဆီကဆရာဝန်အသစ်ကလေးတွေက
ဆေးရုံမှာ ဘာကြောင့်မှန်းမသိပဲ လူနာသေသွားရင် အလွယ်တကူကောက်တပ်လိုက်တဲ့ရောဂါတစ်ခုရှိတယ်။
ALD(Alcoholic Liver Disease)အရက်ကြောင့်ဖြစ်သော အသည်းရောဂါတဲ့။
ဘယ်လောက်အတပ်ကောင်းသလဲဆို ငါးယောက်သေရင် လေးယောက်က အဲဒီရောဂါဖြစ်နေလို့
သေစာရင်းထိန်းသိမ်းတဲ့ဆီက ထုချေလွှာအတောင်းခံရရော။ ကိုယ့်ဆီမှာလဲ ဒါမျိုးတွေအများကြီးရှိပါတယ်။ ဒီထက်ထူးဆန်းတာတွေတောင်ရှိသေး။ ရောဂါနာမည် တိတိကျကျကြီးသိလျက်နဲ့ စကားဦးတောင်
သမ်းလို့မရတာတွေအများကြီး။ ဥပမာ မွေးကင်းစကလေး မေးခိုင်ရောဂါလို့ တပ်ကြည့်လိုက်ပါ့လား။
ပြည်နယ်ကျန်းမာရေးဌာနကြီးတစ်ခုလုံး မိုးမီးလောင်သွားမှာစိုးလို့ စာအုပ်ရော
မှတ်တမ်းပါ အသစ်ပြန်ရေးပေးရလိမ့်မယ်။ ရင်ခွဲစစ်ဆေးမှတ်တမ်းမှာတောင် သေနတ်ဒဏ်ရာလို့
ရေးလို့မရတာတွေရှိတယ်လေ။ ကိုယ်တိုင်မြင်ရတာမှမဟုတ်ပဲ။
ဒီလိုတိတိကျကျသိတာတွေ့တာတွေကိုတောင် အကြောင်းကြောင်းတို့ထောက်ထားလို့
မပေါက်ကြားအောင် ထိန်းသိမ်းထားရတဲ့ကျင့်ဝတ်တွေရှိတယ်ဆိုရင် ကိုယ်တိုင်မသေချာပဲနဲ့ စိတ်ထဲကအထင်နဲ့
ဒီလူနာသေဆုံးရတာမှာ ဘယ်ဆရာဝန်လုပ်လိုက်လို့။ ဒါမှမဟုတ် ဘာမလုပ်လိုက်မိလို့ စတဲ့ စွပ်စွဲချက်၊
ထင်မြင်ချက်တွေကို ကျန်ရစ်သူ လူနာရှင်ရှေ့မှာ မပြောမိအောင် ထိန်းသိမ်းဖို့ လိုတယ်လို့ရော မထင်ဘူးလားဗျာ။
အဲဒါ ဆရာဝန်တွေ ထိန်းသိမ်းရမယ့် ကျင့်ဝတ်သိက္ခာထဲမှာ ပါပါတယ်။ မေ့နေမှာစိုးလို့ သတိပေးတာပါနော်။
ဘယ်သူတွေဘယ်တုန်းက ဘာတွေဖွသွားတယ်လို့ ထပ်ပြီးမဖွချင်တော့ပါဘူး။ သေတဲ့လူက
သေပြီလေ။ သေပြီဆရာကနေ ဆရာသေပြီ မဖြစ်အောင် အလျှောက်ကောင်းမှ အထောင်းသက်သာမယ့်
အခြေအနေတွေလည်း ရှိတတ်ပါတယ်။
ကျွန်တော်တို့ရဲ့ ပါမောက္ခဆရာကြီးများဟာ မြန်မာတစ်နိုင်ငံလုံးက မနိုင်လို့ လွှဲပို့လိုက်ရတဲ့
မနိုင်ရင်ကာ ရောဂါသည်များကို နောက်ထပ်တဖန်လွှဲစရာမကျန်တော့ပဲ ရှိသမျှ ပညာကုန်သုံးလို့ စွန့်စွန့်စားစား
ခွဲစိတ်ကြရပါတယ်။ နဂိုက ရောဂါရှုပ်ထွေးဆန်းပြားလွန်းလို့ မျက်ကလဲဆန်ပြာ လူနာရော ဆရာပါ မျက်ဖြူဆိုက်အောင်ခွဲစိတ်ရတဲ့လူနာများဟာ အဖိတ်အစင်လဲ များတတ်တယ်ဆိုတာ နားလည်နိုင်ပါလိမ့်မယ်။
မလွှဲမရှောင်သာ ဘယ်လိုမှမတတ်နိုင်တော့တဲ့အခါ ခွဲခန်းထဲမှာတင် အသက်ဆုံးသွားတဲ့လူနာတွေလည်း ရှိလာတတ်ပါတယ်။ ဒီအခါမျိုးမှာ ခွဲခန်းအပြင်ဘက်က မျှော်လင့်တကြီး စောင့်နေကြတဲ့ လူနာရှင်တွေကို ဘယ်မျက်နှာနဲ့ ရှင်းပြကြမလဲဆိုတာ လွယ်ကူတဲ့ပြဿနာမဟုတ်ပါဘူး။ ကျွန်တော့ဆရာကြီးတစ်ယောက်ကတော့ အဲလိုမျိုးဖြစ်လာရင်တည်တည်ငြိမ်ငြိမ်နဲ့ သူကိုယ်တိုင်ထွက်ပြီး ရှင်းပြပါတယ်။ လူနာနဲ့ ရောဂါအခြေအနေနဲ့ ခွဲစိတ်ဖို့ပြင်ဆင်ထားတာက
ဘယ်လိုအနေအထား(မခွဲခင်ကတည်းက ရှင်းပြီးသားပါ) ခွဲစိတ်နေစဉ်မှာ ဒီလိုဒီလို အခြေအနေတွေကြောင့်
နောက်ဆုံး ဒီလိုဒီလိုဖြစ်သွားပါတယ်။ စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ တတ်နိုင်ဆုံးကြိုးစားခဲ့ပါတယ်...
စသဖြင့် ကျေနပ်သည်အထိ အေးအေးဆေးဆေး ရှင်းပြပါတယ်။ ခြေကုန်လက်ပန်းကျအောင် အသည်းအသန်
ခွဲစိတ်ပြီး မမောနိုင် မပန်းနိုင် အေးအေးဆေးဆေး ရှင်းပြရတဲ့အကြောင်းကတော့ ''မင်းတို့ကိုထွက်ရှင်းခိုင်းလို့ မဖြစ်ပါဘူး။ မင်းတို့ပြောမှာက ခင်ဗျားတို့လူနာလေ ဆရာကြီးတွေခွဲလိုက်တာ ရှောသွားပြီဗျ။ သွေးတွေထွက်လိုက်တာမှ မတရား။
အခု သေပြီလေ။ ခုံပေါ်မှာတင်သေတာဗျလို့ပြောမှာ။ စိတ်ချရတဲ့ကောင်တွေမဟုတ်ဖူး'' လို့ ရယ်ရယ်မောမောပြောလေ့ရှိပါတယ်။ ဒါလည်း လေ့လာမှတ်သားထားသင့်တဲ့ ပညာပါပဲ။ ကိုယ်လုပ်ထားတဲ့ အလုပ်တစ်ခု ကောင်းတာပဲဖြစ်ဖြစ်။ ဆိုးတာပဲဖြစ်ဖြစ်။ ပြီးအောင်တော့ လက်စသတ်ရဦးမယ်မဟုတ်လား။
ဆရာဝန်ဆိုတာမျိုးက ရှင်မယ့်လူနာတွေကိုချည့် ရွေးကုလို့မရသလို ကိုယ်ကုသမျှလူနာတိုင်းဟာ
ရှင်ကို ရှင်ရမယ်လို့လဲ မျှော်လင့်ထားလို့မရပါဘူး။ မတတ်သာလို့ လက်လျှော့လိုက်ရတဲ့အခါမှာ တခြားအလုပ်တွေလို
တော်ပြီ၊ မလုပ်ချင်တော့ဘူး၊ ဒီနေရာတင်ရပ်တယ်လို့ လုပ်လို့မရပါဘူး။ ကုမရလို့ သေဆုံးသွားရမယ့်လူနာကို
သိက္ခာရှိရှိ(with Dignity) တည်တည်ငြိမ်ငြိမ် သခြင်းတရားကို ရင်ဆိုင်နိုင်ဖို့ ကူညီရပါဦးမယ်။ စစ်အတွင်းမှာ ဒဏ်ရာရလို့ သေလုမျောပါးဖြစ်နေတဲ့ စစ်သားတွေကို မရှင်နိုင်တော့ဘူး ထားပစ်ခဲ့လို့ လုပ်လို့မရသလိုပါပဲ။
''ရောဂါကျွမ်းနေပြီ။ ကုလို့မရတော့ဘူး။ အလွန်ဆုံးခံ ဘယ်လောက်ဘယ်လောက်ပဲနေရတော့မှာ။ အိမ်ပြန်သယ်သွားပါလား'' လို့ ကိုယ့်လက်ကလွတ်အောင် အတင်းတွန်းပို့လို့မရပါဘူး။ တချို့နိုင်ငံတွေမှာတော့ အဲလိုလူနာမျိုးတွေကို
ကာယကံရှင်ရဲ့ ဆန္ဒအလျောက် ညင်ညင်သာသာသက်တမ်းကုန်ဆုံးခွင့်ရအောင်ကူညီတဲ့
ယူသာနာဆီဆိုတာ နိုင်ငံတော်တော်များများမှာတော့ လူသတ်မှုအဖြစ်နဲ့ပဲ မြင်နေပါသေးတယ်။
လူ့အသက်ဆိုတာ ဘုရားသခင်မှတပါး ကစားခွင့် ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးတဲ့။ မြန်မာပြည်မှာဆိုရင်တော့''ဆရာရယ်၊ အသက်ကယ်ဆေးလေး ထိုးပေးပါဦး'' ''သက်တောင့်သက်သာလေး အသက်ထွက်အောင်ဆေးပေးပါဦး''
''သူ့မြေးလေးက မနက်ဖြန်မှရောက်မှာမို့ တစ်ရက်လောက်ဆွဲထားပေးပါဦး'' စသဖြင့် မဟုတ်ကဟုတ်ကတွေ
ပူဆာလေ့ရှိကြပါတယ်။ ဆရာဝန်ရဲ့ ၀တ္တရားက အဲဒီမှာမရှိပါဘူး။ သူလုပ်ရမှာ လူနာခံစားနေရတဲ့ ဝေဒနာတွေ အထိုက်အလျောက်သက်သာအောင် ကူညီနိုင်သလား။ မကူညီနိုင်လည်း ကိစ္စမရှိပါဘူး။
အချိန်တစ်ခုရောက်ရင်လူနာကိုယ်တိုင်လည်း သူ နာသလား မနာဘူးလား မခံစားနိုင်တော့ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် လူနာရဲ့ နောက်ဆုံးအချိန်မှာတော့ ဆရာဝန်၊ ဒါမှမဟုတ် ကျန်းမာရေးဝန်ထမ်းတစ်ဦးဦးရဲ့ လက်တကမ်းမှာရှိနေတာဟာ လူနာအတွက် မကျိုးမထူးရင်တောင် ကျန်ရစ်သူမိသားစုအတွက် နောင်တကင်းတဲ့
ဖြေသိမ့်မှုတစ်ခုကို ပေးစွမ်းနိုင်ပါတယ်။ လူနာရဲ့ နောက်ဆုံးဆန္ဒကိုက မိသားစုနဲ့အတူ အိမ်မှာပဲ
အသက်ကုန်ချင်တာဆိုရင်တော့ တမျိုးပေါ့။ လူတစ်ဦး တစ်ယောက် အနိစ္စရောက်သွားတဲ့အခါမှာ ကျန်ရစ်သူမိသားစုအနေနဲ့ ကိုယ်စိတ်နှလုံး ဆင်းရဲဒုက္ခရောက်စရာ အကြောင်းအရာတော်တော်များများ ရှိပါတယ်။
အဲဒီအကြောင်းအရာပေါင်းစုံတွေကြားထဲမှာ ဆရာဝန်တွေကလည်းတမျိုးလို့ နတ်သျှင်သူ့ကြောင့် တရေးမမှောင့်စေချင်ပါဘူး။
အဲဒီလိုမဖြစ်စေဖို့အတွက် ဆရာဝန်တွေဘက်ကလည်း ညက်ညက်ညောညောနဲ့ ကိုင်တွယ်ဖြေရှင်းတတ်ဖို့လိုတယ်ဆိုတာကို သတိပြုမိစေချင်လို့ သေချင်စော်နံသွားလောက်အောင် သေခြင်းရဲ့တံခါးများကို ခေါက်နေရပါတယ်။ လူနာတွေပို့ပို့ပေးတိုင်းသာ
သေမင်းဆီက ကော်မရှင် ရရရင်ဖြင့် အသက်ရှည်ရချေသေးရဲ့နော်။
**Soe Min**
http://www.facebook.com/note.php?note_id=10150370360698902
htar* htar

No comments:
Post a Comment