မင်းဘယ်ကိုသွားမလဲ။ ဘေးနားမှ လိုက်လာသော ဂျပန်လေးကိုမေးလိုက်သည်။
"ရွှေတိဂုံရောက်ဖူးချင်တယ်..."
အေးလေ.. သွားကြတာပေါ့။ တက္ကဆီပေါ်ရှိ GPS Map ပေါ်တွင် ရွှေတိဂုံကို ထောက်လိုက်သည်။
ကားက ညင်ညင်သာသာ မောင်းထွက်သွားသည်။
"နောက်ထပ် ၁၅ မိနစ်ကြာလျှင် ရွှေတိဂုံဘုရားတောင်ဘက်မုခ်ကို ဆိုက်ရောက်ပါမည်"
ကားမှ အလိုအလျောက်ဖြေကြားသံကို ဂျပန်လေးရော၊ နောက်ကထိုင်လိုက်လာသည့်
အမေရိကန်နှင့် အင်္ဂလိပ်ကောင်လေးပါ မျက်လုံး အဝိုင်းသားနှင့် ကြည့်နေကြသည်။
အော်.. ဒါမျိုး မောင်းသူမဲ့ တက္ကဆီဆိုတာ တကမ္ဘာလုံးမှာ ရန်ကုန်မှာပဲ ရှိသည်ကိုး။
ဒါလောက်တော့ ရှိမှာပေါ့။ လမ်းကြောနှင့် ယာဉ်ကြောပိတ်ဆို့မှု အခြေအနေကိုပါ
သိနိုင်ရန် အင်တာနက်နှင့် တိုက်ရိုက်ချိတ်ထားတာဆိုတော့ ရောက်မယ့် အချိန်ကို
သေချာတွက်နိုင်တယ်လေ။ သူတို့လေးတွေက ရန်ကုန်တက္ကသိုလ်ကို Foreign Student အနေနဲ့
နောက်ဆုံးနှစ် စာသင်ကြားဖို့ ရောက်လာကြတာ။ ဒီလိုမျိုးအခွင့်အရေးဆိုတာ အမေရိကန်၊
ဂျပန်၊ အင်္ဂလန် နိုင်ငံတွေမှာ တစ်ဘာသာအတွက် တစ်နိုင်ငံလုံးမှ တယောက်ပဲ
အခွင့်အရေးရတာ။ တန်းစဉ် ဂုဏ်ထူးနဲ့ ထူးထူးချွန်ချွန်အောင်မြင်ဦးမှ၊ IMLTS,
TOMFL (not IELTS, TOEFL) စတဲ့ မြန်မာစာ စာမေးပွဲတွေလဲ အမှတ်ကောင်းမှ ကျောင်းက
လက်ခံသလို၊ မြန်မာသံရုံးမှာလဲ ဗီဇာလျှောက်ရင်လွယ်တာ...။ ကျောင်းစာအာလုံးကလည်း
မြန်မာလိုပဲ သင်တာလေ။ တချို့က Student Visa နဲ့ အလုပ်ခိုးလုပ်ကြတာများလာတော့
နောက်ပိုင်း လေဆိပ်မှာ မြန်မာလို ထမင်းစားရေသောက်လောက်မှ မတတ်ရင်၊ ကိုယ်သင်မှ
ဘာသာကိုမှ မြန်မာလို မရှင်းပြတတ်ရင် ပြန်ပေတော့ပဲ။ စင်ကာပူဘက်က ကောင်တွေက
အဲဒီလိုလုပ်တာများတယ်။ မလေးဘက်က ကောင်တွေကျတော့ အလည်ဗီဇာနဲ့လာပြီး
အိုဗာစတေးတွေဖြစ်အောင်နေကြတာ။ ဒါကြောင့် အကျဉ်းဦးစီးမှာဆိုရင်
မလေးထောင်ဆိုပြီးတောင် သတ်သတ်ခွဲပြီး ဖွင့်ထားရသေး။ အခုနောက်ပိုင်း
အတော်ကြပ်မတ်ထားရတာ။
.....................
..........................
အခုဒီကောင်လေးတွေက ရန်ကုန်တက္ကသိုလ်မှာ ဆေးကျောင်းလာတက်ကြတာပေါ့။ ဟားဗတ်က
ကောင်လေးဆိုရင် ဒီကို ရောက်လာတာဟာ သူ့အတွက် အိပ်မက် မက်သလိုပါပဲတဲ့။ သူ့မှ
မဟုတ်ပါဘူး။ ကျန်တဲ့ တက္ကသိုလ်ကျောင်းသားတိုင်းအတွက် ရန်ကုန်တက္ကသိုလ်ဟာ
အိပ်မက်တခုပါပဲ။ ဆေး(၁)၊ ဆေး(၂) ဆိုပြီး မခွဲတော့ဘူး။ မြောက်ဥက္ကလာ Campus ၊
လမ်းမတော် Campus ဆိုပြီးပဲ ခွဲထားတော့တယ်။ သင်ကြားရေးကလဲ အဆင့်မြင့်တယ်လေ၊
လူအစစ်တွေနဲ့ သင်ရတာ။ ဆရာဝန်ကလဲ တနှစ်လုံးမှ တနိုင်ငံလုံးအတွက် အယောက် ၁၀၀
ပဲခေါ်တာ။ ဒီတော့ ကျောင်းတကျောင်းအတွက် ဆိုရင် ၂၅ ယောက်လောက်ပဲရှိတာ။ ဆရာဝန်လဲ
အများကြီးမလိုဘူးလေ။ အုပ်ချုပ်သူ၊ ခေါင်းဆောင်ဆရာဝန်တွေပဲလိုတာ၊ ကျန်တဲ့
ဆေးထိုး၊ ဆေးသွင်း၊ လူနာမှတ်တမ်းရေး ဒါတွေအတွက်က အင်္ဂလန်တို့၊ အမေရိကားတို့က
MRCP, MD ရတဲ့ လူတွေရဲ့အလုပ်။ M.B.,B.S သမားက Team တိုင်း၊ Project တိုင်း
Leader ချည်းပဲ။
အင်ဂျင်နီယာဘက်ကြည့်ဦးမလား။ AGTI ရပြီဆိုရင် သူများနိုင်ငံ Bachelor ဘွဲ့ရကို
ခိုင်းလို့ရပြီ။ ဘွဲ့ရတဲ့ နိုင်ငံချင်းကွာတာကိုး။ B.E (Engineering) ဆိုရင်တော့
ပြောမနေနဲ့။ အဲဒီလိုလူမျိုးတွေက ဆိုဒ်ထဲတောင်မလာဘူး။ ဖုန်း၊ အင်တာနက်တဆင့်ပဲ
လုပ်ငန်းကို လှမ်းစစ်ဆေးတော့တာ။ MCCI Level I, II, III (not LCCI) အောင်ထားမှ
ကုမ္ပဏီကြီးတွေမှာ စာရင်းကိုင်တို့ ဘာတို့အလုပ်ရဖို့လွယ်တာ။
ကွန်ပျူတာတက္ကသိုလ်ဆိုလဲ တချို့ဆိုကျောင်းမပြီးခင်ကတည်းက ကုမ္ပဏီတွေက
အလုပ်ခေါ်ထားကြပြီ။ MIT, Harvard, Oxford က ကွန်ပျူတာသမားတွေဆိုရင်တော့
ဒီမှာလုပ်ငန်းခွင်ကျွမ်းကျင်မှု
သင်တန်းတွေ၊ ဒီကအောင်လက်မှတ်တွေကိုရအောင်
ဖြေထားရတယ်။ ဒါမှလဲ အလုပ်လျှောက်ရင် မျက်နှာပန်းလှမှာကိုး..
ဇာတ်လမ်းကို ဒီလိုစတာဗျ...
လွန်ခဲ့တဲ့ နှစ် (၃၀) လောက်ကပေါ့...
ကုလသမဂ္ဂကြီးမှာ ရုံးသုံးဘာသာ (၆) မျိုးရှိတယ်။
- Arabic
- Chinese (Mandarin)
- English
- French
- Russian
- Spanish (Castilian)
အဲဒါတွေကို စံနှုန်းတူညီအောင်ဆိုပြီး ဘာသာတမျိုးထဲလုပ်ဖို့ပြင်ကြတယ်။ ပထမတော့
အင်္ဂလိပ်ဘာသာကို အဆိုတင်ကြတာပေါ့။ ဘာပြောကောင်းမလဲ တရုတ်ရော။ ကုလားပါ
ဝိုင်းကန့်ကွက်ကြတယ်။ နောက်ဆုံး ငြင်းကြခုန်ကြရင်း အဖြေတမျိုးကို သွားတွေ့တယ်။
အဲဒါက ပါဠိသာသာပေါ့။ သူကတခြားရှေးကျတဲ့ ဘာသာစကားတွေလိုပဲ စကားလုံးမရှိဘူး။
အသံထွက်ပဲရှိတယ်။ အဲဒီတော့ အဆင်ပြေတာပေါ့ဗျာ။ တခြား ဘယ်ဘာသာနဲ့ ရေးရေး
အဓိပ္ပာယ်မပြောင်းတော့ဘူးပေါ့။ တခြားနိုင်ငံတွေကလဲ သဘောတူကြတယ်။ တရုတ်ကလည်း
တရုတ်လို၊ ကုလားကလည်း ကုလားလိုဆက်ရေးလို့ရပြီကိုး။
အဲဒီမှာတင် ပြဿနာက စတာပဲ။ ကုလရုံးချုပ်မှာရှိတဲ့ကွန်ပျူတာ စနစ်တွေကို
ပါဠိဘာသာပြောင်းရမယ်။ ဒီဘာသာကို ကောင်းကောင်းနားလည်တာဆိုလို့ အိန္ဒိယနဲ့
မြန်မာလောက်ပဲရှိတာ။ အဲဒီတော့ အဲဒီနိုင်ငံက ကွန်ပျူတာကုမ္ပဏီတွေကို ခေါ်ပြီး
စနစ်အသစ်ရေးဖို့အတွက် နမူနာနဲ့ proposal တင်ခိုင်းရတာပေါ့။ နမူနာယူလာပြီး
တာဝန်ရှိတဲ့သူတွေကို စမ်းပြတာ မြန်မာနိုင်ငံက "ဘုန်းကြီးကျောင်းသား" ကုမ္ပဏီက
စနစ်တွေက အိန္ဒိယက အကောင်းဆုံးဆိုတဲ့ကုမ္ပဏီတွေ စနစ်တွေထက် ၁၀ဆလောက်
ပိုမြန်နေတယ်။ နောက်ပြီး ပိုပြီးလဲ အမှားကင်းနေတယ်။ ဒါနဲ့ အဲဒီက
မန်နေဂျာကိုခေါ်မေးတော့...
ဒီမှာက ကွန်နက်ရှင်ကို 100 MBs လောက်ရှိတာနဲ့ စမ်းတာကိုးဗျ။ ကျနော်တို့
ရေးတုန်က ကွန်နက်ရှင် 5KBs လောက်ရှိရင် အလုပ်ဖြစ်အောင် ရေးထားတာ။ အဲဒီလောက်မှ
မရေးနိုင်ရင် မြန်မာမှာ လုပ်စားလို့ မရဘူး။ နောက်ပြီး ဒီမှာ အိမ်လောက်ရှိတဲ့
ဆာဗာနဲ့ စမ်းတာလေ။ ဟိုမှာ ဆာဗာဆိုတာ ခရီးဆောင်အိတ်လောက်ကြီးတဲ့ ဟာပဲရှိတာ။
အမှားကင်းတာတော့ ပြောမနေနဲ့။ နည်းနည်းယိုပေါက်ရှိတာနဲ့ မြန်မာနိုင်ငံက ကလိတဲ့
ဆရာတွေလက်ထဲမှာ သွားတာပဲ။ သူတို့ လက်ကလွတ်အောင်ရှောင်ရင်း ဒီလိုဖြစ်လာတာ။
ကုလမှ တာဝန်ရှိသူက ပါးစပ်အဟောင်းသား။ ဒီလိုနဲ့ ကုလရုံးချုပ်က
ပရောဂျက်ကြီးတခုလုံး မြန်မာကုမ္ပဏီလက်ထဲရောက်လာသည်။ အားလုံးကလည်း ချီးကျူးကြသည်။
အတွင်းရေးမှူးဦးသန့် တုန်းက ဘယ်လိုတော်တာ၊ မြန်မာတွေဘယ်လိုတော်တာ စသည်ဖြင့်။
ထို့နောက် အဆောက်အဦးတွင် ကြိုး၊ ကြိုးမဲ့ကွန်ယက်များ ချဲ့ထွင်ရန်လိုလာရာ
ပါဠိလိုတတ်သော မြန်မာနှင့် အိန္ဒိယကိုခေါ်ပြန်သည်။ အိန္ဒိယမှ ပညာရှင်များက
ခေတ်ဟောင်းကွန်ယက်နှင့် အမျိုးအစားကွဲပြားနေသောအချို့နေရာများကို
ကွန်ယက်အသစ်များဖြင့် အစားထိုးရမည်ဟုဆိုလာသည်။ ဒါကိုတာဝန်ရှိသူများက
သဘောမတူချင်။ အရေးကြီးသော နေရာများကို အပြောင်းအလဲမလုပ်ချင်ကြ။
မြန်မာအဖွဲ့ကတော့ ရှင်းသည်။ ဘယ်လောက်ပဲ ခေတ်နောက်ကျတဲ့ကွန်ယက်ဖြစ်ဖြစ်၊
ဘယ်လိုပဲ အမျိုးအစားကွဲကွဲ ရအောင်လုပ်ပေးမည် ဟုဆိုသည်။ တကယ်လဲ
ရအောင်လုပ်သွားသည်။ ဒါနဲ့သူတို့ကိုမေးကြည့်ရာ...
ကျနော်တို့ဆီမှာ ဖုန်းကွန်ယက်တင် ခြောက်မျိုးလောက်ရှိတယ်။ အဲ.. အင်တာနက်ကလဲ
အမျိုးအစားအများကြီးကွဲသေးတယ်။ တချို့ အင်တာနက်ဆိုင်တွေဆို လိုင်း ၂မျိုး၊ ၃
မျိုးယူထားတာ။ ဒါတွေကိုတောင် ရအောင်တွဲနိုင်တာ ဒါလောက်တော့ စာမဖွဲ့ပါဘူး။ အဲ..
ကွန်ယက် လုံခြုံရေးကတော့ စိတ်ချပါ။ ဆိုဒ်တွေ ကျော်တယ်၊ ခွတယ်ဆိုတာ မြန်မာမှာ
မူလတန်းကျောင်းသားတောင်လုပ်တတ်တယ်။ ကျော်နိုင်တဲ့ အရာမှန်သမျှ
မြန်မာမသိတာမရှိဘူး။ ဒီတော့ အဲဒါတွေ သုံးလို့ မရအောင် လုပ်ထားပေးတယ်...။
ဒီလိုနဲ့ ကုလရုံးချုပ် ကွန်ပျူတာလောကမှာ မြန်မာတွေကြီးစိုးလာသည်။ မြန်မာများကို
အလွန်ချီးကျူးကြသည်။ အလုပ်အဆင်ပြေအောင် ရုံးချုပ်မှာနေဆိုလဲ နေပေးတာပဲ။ အဲ..
လိုအပ်လို့ နိုက်ဂျူတီဆိုလဲ မငြင်းဘူးဗျ။ နေ့ပိုင်းဂျူတီသမားကို
ညပိုင်းခဏလာခိုင်းလဲ လာတယ်ဗျ။ ဒါနဲ့ မြန်မာတွေကိုမေးကြည့်တော့။ ကဲဗျာ..
အပြင်မှာနေရင် အခန်းခကုန်ဦးမယ်။ အဲ.. ရုံးချုပ်မှာ အခန်းရတယ်။
ဘယ်လောက်ကောင်းလဲ ပိုလဲကျယ်တယ်ဗျ။ နိုက်ဂျူတီဆိုတာ ထိုင်နေရုံပဲလေ။ ပင်ပန်းတာမှ
မဟုတ်တာ။ နောက်နေ့ တရက်နားရတယ်။ အဲဒီအချိန် လျှောက်လည်လို့ရတယ်။ ညဘက်နားရရင်
လျှောက်လည်စရာလဲ မရှိ။ ညပိုင်း on call လှမ်းခေါ်ရင် ပိုတောင် ဝမ်းသာသေး။
ထမင်းချိန်နဲ့ တိုက်နေရင် ထမင်းစားရသေး။ နည်းနည်းကြာသွားရင် နောက်နေ့
တရက်နားရသေးတယ်ဗျာ...။ အော်... သူပြောတော့လဲ ဟုတ်သား..။
ထိုနှစ်ပိုင်းအတွင်းမှာပင် ကုလအခြေစိုက်ရာ အမေရိကန်နိုင်ငံတွင်
နိုင်ငံရေးအပြောင်းအလဲဖြစ်လာသည်။ မက်ဒေါနယ် ဘာဂါ နဲ့ KFC ကြက်ကြော်၊ stars
buck Coffee မည်မျှပင်ကောင်းစေကာမူ ငပိရည်နှင့် တို့စရာ ကိုပြောင်းလဲ၍
အရသာခံလိုသည့် လူတို့၏ သဘာဝအတိုင်း အမေရိကန်ပြည်သူများသည် နှစ်ပေါင်းရာချီ
ကြီးစိုးလာခဲ့သော ဒီမိုကရက်နှင့် ရီပတ်ဗလီကန်တို့ကို မဲမထည့်ပဲ အဟောကောင်း
အပြောကောင်းသည့် ကွန်မြူနစ်များကို ရွေးချယ်လိုက်ကြသည်။
ကွန်မြူနစ်များအာဏာရလာသည့်အခါ ပစ္စည်းမဲ့ လူတန်းစားတည်ဆောက်မည်ဟုဆိုကာ
Microsoft, Apple, Google, Facebook စသည့် ကုမ္ပဏီကြီးများကို
ပြည်သူပိုင်သိမ်းလေတော့သည်။ ထို့နောက် ကြိုးနီစနစ်ဖြင့် တင်းကျပ်သော
ဆင်ဆာတည်းဖြတ်မှုများကို ပြုလုပ်သောအခါ ထိုကုမ္ပဏီများ၏ ပုံရိပ်နှင့်အရည်အသွေးမှာ
ကျဆင်းလာတော့သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံမှ 'နောက်ဖေးပေါက်' Operating
System က ဝင်းဒိုးကို၎င်း၊ 'ကျောက်သင်ပုန်း' Tablet က iPad, iPhone တို့ကို၎င်း၊
'စသုံးလုံး' (စပ်စုစိန်) Search Engine မှ Google ကို ၎င်း၊ 'စုံစီနဖာ' Social
Network က Facebook ကို၎င်း အသီးသီး အစားထိုးကာ နေရာယူလာကြသည်။
ထိုကဲ့သို့ အမေရိကန်စီးပွားရေးကျဆင်းလာသောအခါ ပြည်သူများက
မခံမရပ်နိုင်ဖြစ်လာကြသည်။ ဆန္ဒပြမှုများဖြစ်လာသောအခါ ကွန်မြူနစ်များက
ရွေးကောက်ပွဲမလုပ်တော့ အာဏာသိမ်းကာ နှိမ်နင်းတော့သည်။ ထိုအကြောင်းကို
ကုလသမဂ္ဂတွင် ဆွေးနွေးသောအခါ ကွန်မြူနစ်များက ကုလရုံးချုပ်ကို
၎င်းတို့မြေတွင်မထားနိုင်တော့ကြောင်းဆိုလာသည်။ ထိုအခါ ရုံးချုပ်ရွှေ့ရန်အတွက်
အကြောင်းဖန်လာသည်။
ကုလရုံးချုပ်တွင်ပြန်ကြည့်သောအခါ မြန်မာအမှုထမ်းများက လူဦးရေ၏
သုံးပုံတစ်ပုံခန့်ရှိနေခြင်း၊ မြန်မာပြည်သည်လည်း အတော်အသင့်တိုးတက်နေသဖြင့်
မြန်မာနိုင်ငံ ပြင်ဦးလွင်တွင် အခြေစိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။ သို့ဖြင့်
ကုလရုံးချုပ်သည် မြန်မာနိုင်ငံသို့ရောက်လာသည်။ 'ကျွဲကူးရေပါ' ဆိုသကဲ့သို့
ကုလရုံးချုပ်ပြောင်းရွှေ့ခြင်းနှင့်အတူ အလုပ်အကိုင် အခွင့်အလန်းများစွာ
ပေါ်ထွန်းလာသည်။ ကုလရုံးချုပ်သို့ တာဝန်ဖြင့်လာရောက်သူများ၊ ၎င်းတို့၏
ဆွေမျိုးသားချင်းများ မှတဆင့် မြန်မာနိုင်ငံ၏ ရေမြေသဘာဝအလှအပများကို
လာရောက်လေ့လာသူများ များပြားလာသည်။
မြိတ်ကျွန်းစုတွင်လည်း ယခင်ကကဲ့သို့ သဘာဝပုလဲများကို ထုတ်ရောင်းစရာမလိုပဲ ပုလဲ၊
သန္တာကျောက်တန်းများကို လာရောက်လေ့လာသူများ ဖြင့်ပင် ဝင်ငွေရွှင်ကြသည်။
ဖားကန့်တွင်လည်း ကျောက်စိမ်းများကိုတူးဖော်စရာမလိုပဲ
မြေကြီးထဲရှိကျောက်စိမ်းကြောများကို ပြသထားပြီး ကမ္ဘာတွင် တစ်နေရာတည်းရှိသော
ရတနာတန်းဝင်ကျောက်စိမ်းကြောများကို အခပေးကြည့်ရှုရုံမျှဖြင့် ဝင်ငွေကို
သဲ့ယူကြရသည်။ ယခင်က အလကားခေါ်လျှင်တောင် သွားမည့်သူမရှိသည့်
ကိုကိုးကျွန်းသည်လည်း ဟာဝိုင်အီ ထက်ပင် စည်ကားသော ကမ်းခြေဖြစ်လာသည်။
အစိုးရမှလည်း နိုင်ငံသားများကို အိမ်ထောင်စုတစ်စုလျှင် အိမ်တစ်လုံး
အနည်းဆုံးပိုင်ဆိုင်နိုင်စေရန် ချေးငွေထုတ်ပေးသည်။ စီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးလာသည်နှင့်အမျှ နိုင်ငံခြားမှလာရောက်နေထိုင်သူများပြားလာသောအခါ အိမ်၊
ခြံမြေပိုင်ဆိုင်သူ နိုင်ငံသားများမှာ ငှားစားရုံမျှဖြင့်
မိသားစုဝင်ငွေရလာကြသည်။ အချို့ဆိုလျှင် ရန်ကုန်ရှိအိမ်ကို ငှားထားပြီး
ဈေးပေါသော(ရန်ကုန်နှင့်ယှဉ်လျှင်) စင်ကာပူတွင်
သွားရောက်နေထိုင်ကြသူများလည်းရှိသည်။
မြန်မာနိုင်ငံတွင် ထားဝယ်ဆိပ်ကမ်း၊ ဒလဆိပ်ကမ်း နှင့်ကျောက်ဖြူဆိပ်ကမ်းတို့
လုပ်ငန်းစတင်လည်ပတ်ကတည်းက စင်ကာပူမှာတွင် ဆိပ်ကမ်းလုပ်ငန်းများကောင်းစွာ
မလည်ပတ်နိုင်တော့ပဲ နိုင်ငံမှာ မျက်ဖြူဆိုက်ရသော အခြေအနေသို့ရောက်လာသည်။
စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းခြင်းနှင့်အတူ အလုပ်အကိုင်အခွင့်အလန်း
နည်းပါးမှုကြောင့် လာရောက်နေထိုင်သူနည်းပါးသွားရာ အိမ်ခြံမြေ ဈေးကွက်မှာလဲ
ဇောက်ထိုးဆင်းသွားတော့သည်။ နောက်ပိုင်းတွင် မြန်မာကဲ့သို့ ချမ်းသာသောနိုင်ငံမှ
လာရောက်နေထိုင်သူများကို သာ မှီခို၍နေရသည်။ ပတ်စ်ပို့ အနီရောင်
ကိုင်သွားလျှင်ပင် ကာစီနို၊ ဘား ဘယ်သွားသွား စလုံးသူလေးတွေ
ဝိုင်းဝိုင်းလည်နေတော့သည်။
ဟုတ်တော့လည်းဟုတ်ပါတယ်။ မြန်မာနိုင်ငံသား တစ်ယောက်ကိုရအောင်ဖန်နိုင်လျှင်
ထိုသူနဲ့ အိမ်ထောင်ကျပါက မြန်မာအစိုးရကအိမ်ထောင်တစ်ခုအတွက် အိမ်တလုံးစာ
ချေးငွေပေးလျှင် ထိုအိမ်ကို ငှားစားကာ စင်ကာပူတွင် အေးဆေးလာနေနိုင်သည်မဟုတ်လား။
အိမ်တစ်လ ငှားခသည်ပင် စင်ကာပူတွင် ၆ လလောက် ဖြုန်းနိုင်တယ်လေ။ ဒါကြောင့်
စာအုပ်အနီကိုင်နိုင်လျှင် မင်းကုသလို ရုပ်ဆိုးရင်တောင် ပပဝတီလို
ချောသူများရနိုင်သည်။ မြန်မာနိုင်ငံမှ ကိုရွှေတို့ကလည်း ကိုရီးယားသူ၊ ဂျပန်သူ
အလန်းလေးတွေမှ စိတ်ဝင်စားတာ။ စလုံးပြန် မြန်မာလုပ်သားဟောင်းများအဖွဲ့ကလည်း
ပင်နီဆူလာ ပလာဇာတစ်ခုလုံးကို အပြတ်ဝယ်ကာ အားလုံးအမှတ်တရအဖြစ်
ပြတိုက်လုပ်ထားသည်။
အိမ်နီးချင်းထိုင်းနိုင်ငံသည်လည်း မြေဆီလွှာများပျက်စီးမှုကြောင့်
ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုလွန်စွာ ကျဆင်းရာ မြေဆီလွှာကောင်းမွန်သော
မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်ကြရသည်။ သာမန် တစ်ပိုင်တစ်နိုင်
လယ်သမားတစ်ဦးပင်လျှင် ထိုင်းသူရင်းဌား ဆယ်ယောက်ခန့် ဌားထားရသည်။
ဒါတောင်ခိုးဝင်ပြီး တရားမဝင်နေထိုင်သူအရမ်းများလို့ ဖမ်းဆီးကာ
ယာယီနိုင်ငံကူးလက်မှတ်တွေ လုပ်ပေးရသည်။
အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည်လည်း လူသာများပြီး နည်းပညာနိမ့်သဖြင့်
မြန်မာနိုင်ငံမှ out source ချပေးသော လုပ်ငန်းများဖြင့် ရပ်တည်နေရသည်။
နည်းပညာကုမ္ပဏီများသည်လည်း လုပ်ခနည်းသော အဆိုပါနိုင်ငံများတွင် ဆာဗာများ၊ သုတေသန
ဌာနများ ကိုထူထောင်ထားကြသည်။
အော်.. ဘာလိုလိုနဲ့ ရွှေတိဂုံကိုရောက်လာပြီ။
ဘုရားပုရဝုဏ်ထဲကို ခြေချလိုက်သည်နှင့် ဘုရားပန်းရောင်းသော ဈေးသည်များ
အလုအယက်ပြေးလာကြသည်။ သူတို့ပန်းကို ဝယ်ပါရန်ပြောကြသည်။ မြန်မာသံ သိပ်မပီသဖြင့်
သိသာသည်။ ထိုပန်းရောင်းသော ဈေးသည်အားလုံးမှာ ထိုင်းသူများသာဖြစ်သည်။
ရုပ်ခြင်းအနည်းငယ်ဆင်သော်လည်း မြန်မာများကတော့သိသည်။ ထိုကဲ့သို့
ဈေးသည်အလုပ်များမှာ ပြင်ပနိုင်ငံများမှ အလုပ်လာလုပ်သူများသာ
လုပ်သည့်အလုပ်ဖြစ်သည်။ အော်.. ရေမြင့်လျှင်ကြာတင့်ပြီး၊ မြေနိမ့်ရာ လှံစိုက်
ဆိုတာ ဒါမျိုးတွေပဲဖြစ်မယ်ထင်တယ်။
ဒီည ကျည်ဆန်ရထားနဲ့ ပူတာအိုသို့သွားကာ ရေခဲတောင် စကိတ်စီးရန်
ကျောင်းသားလေးတွေကိုလိုက်ပို့ပေးရဦးမည်။ နောက် ၂ရက်နေလျှင် အောင်ဆန်းကွင်းတွင်
ကမ္ဘာ့ဖလားဗိုလ်လုပွဲလဲလိုက်ပြရဦးမည်။ မြန်မာနှင့် ဘရာဇီး.. ကြေးကတော့ မြန်မာက
အပေါ်ကြေး ၃လေး ၁လေး (သို့) မြန်မာဘက်က၂ ဂိုးအရှုံးဖြစ်သည်။
ဒါတောင်မြန်မာဘက်ကလောင်းသူများသာရှိသည်။ အင်းလေ.. ၂ နှစ်ဆက်တိုက်
ချန်ပီယံဖလားရထားတဲ့ အသင်းဆိုတော့လည်း ဒီလောက်တော့ရှိမှာပေါ့။ အစဉ်အလာနဲ့
သမ္ဘာကလည်း စကားပြောသေးတာကိုး။ ပီလီခေတ်က ဘယ်လောက်တော်ခဲ့ တော်ခဲ့ ခုချိန်မှာ
ပီလီဆိုတာ ရှိမှမရှိတော့ပဲ။ ယခုမျိုးဆက်က ရွှေမြန်မာတွေမျိုးဆက်မဟုတ်လား။
ပန်းစည်တစ်စည်းဝယ်ကာ ဘုရားပေါ်တွင် ဆုတောင်းခဲ့သည်။ မြန်မာအသင်း ဗိုလ်လုပွဲကို
ဂိုးပြတ်နဲ့ နိုင်ပါစေကြောင်း။ (နိုင်မှာကတော့ သေချာပါတယ်။
ဂိုးများများပြတ်အောင်ပေါ့)
http://www.facebook.com/myanmarjokes
**Mya YaMin **

No comments:
Post a Comment