တစ်ခါက မျက်မမြင်တစ်ယောက်ဟာ တစ်ညမှာ သူ့မိတ်ဆွေရဲ့ အိမ်ကို အလည် ရောက်နေလေတယ်။ ပြန်ကာနီးကျတော့ မိတ်ဆွေလုပ်သူက မျက်မမြင်ကို လမ်းမှာ မှောင်လေတော့ အဆင်ပြေအောင် မီးအိမ်လေးတစ်လုံး ယူသွားပါလားလို့ ပြောတယ်။ ဒီတော့ မျက်မမြင်ဖြစ်သူက ဟားတိုက် ရယ်လိုက်ပြီး… “ သြော်.. မျက်မမြင်ပါဆိုမှ မီးအိမ်လာပေး နေတယ်။ ကျုပ်က သွားနေကြပါ။ အကန်းပေမယ့် ကျုပ်ရဲ့ အိမ်ကို ဘာအကူ အညီမှ မပါပဲ လျှောလျှောရှူရှူ သွားလာနိုင်ပါတယ်ဗျ ” လို့ ခပ်ပြတ်ပြတ် ပြောလိုက်မိတယ်။
ဒါနဲ့ မိတ်ဆွေဖြစ်သူက… “ ခင်ဗျားက သွားတတ်တယ်ဆိုပေမယ့် ဒီမီးအိမ်လေးပါတော့ ခင်ဗျားကို သူများတွေ မြင်ရင် ၀င်မတိုက်မိတော့ဘူးပေါ့ဗျာ..” လို့ ကောင်းမွန်စွာ ပြောပြတယ်။ ဒါနဲ့ မျက်မမြင်လည်း မိတ်ဆွေစကားကို အားနာတာနဲ့ မီးအိမ်ကို ယူသွားဖို့ ဆုံးဖြတ်လိုက်တယ်။
လမ်းပေါ်ရောက်လို့ အနည်းငယ် လျှောက်မိတယ်ဆိုရင်ပဲ မျက်မမြင်က လူတစ်ယောက်ကို ၀င်တိုးမိလေတော့တယ်။ ဒါနဲ့ အလန့်တကြား ဖြစ်သွားလျှက်က…“ ဟေး.. ဒီမှာ မင်းသာ မကန်းဘူးဆိုရင် မျက်မမြင်တစ်ယောက် လာနေတာကို လမ်းဖယ်ပေးသင့်တာပေါ့ကွ ” လို့ ဒေါသတကြီး အော်ငေါက်လိုက်မိပါရော။ ဒီလိုနဲ့ စိတ်တိုတိုနဲ့ ဆက်လျှောက်လာတုန်း သူ့ကို လူတစ်ယောက်က ထပ်ပြီး ၀င်တိုက်မိပြန်တယ်။ ဒီအခါမှာ သူက ဒေါသ ပိုထွက်လာမိပြီး … “ မင်း.. ကန်းနေသလား၊ ဟော့ဒီ လက်ထဲက မီးအိမ်ကို မမြင်ဘူးလား၊ မင်းလို လူမျိုးတွေ အဲ့ဒီလို ၀င်တိုက်မှာစိုးလို့ ဒီမီးအိမ်ကို ငါယူလာခဲ့တာကွ ” လို့ လက်ထဲက မီးအိမ်ကို မြှောက်ပြရင်း ဒေါသနဲ့ အော်ပြောလိုက်မိပြန်တယ်။ အဲ့ဒီမှာ ၀င်တိုက်မိတဲ့သူက… “ ခင်ဗျားကပဲ အော်ရသေးတယ်၊ အေးလေ.. ခင်ဗျားက မျက်မမြင်တစ်ယောက် ဖြစ်နေလေတော့ ခင်ဗျားရဲ့ မီးအိမ်လေးက မီးငြိမ်းနေတာကို ဘယ်မြင်ပါ့မလဲ ” လို့ ပြန်ပြောလေတော့ မျက်မမြင်လည်း ကြက်သေသေသွားတယ်။
အဲ့ဒီမှာ ၀င်တိုက်မိတဲ့သူက အခုလို ဆက်ပြောတယ်။ “ တောင်းပန်ပါတယ်ဗျာ။ ကျွန်တော်လည်း အကန်းတစ်ယောက်လို ဖြစ်သွားတယ်။ ခင်ဗျားဟာ မျက်မမြင်တစ်ယောက်ဖြစ်နေတာ သတိပြုမိဖို့ ကောင်းတာ ”။ ဒီတော့မှ မျက်မမြင်ဖြစ်သူက…“ မဟုတ်တာဗျာ။ ရိုင်းရိုင်းစိုင်းစိုင်း ပြောမိတဲ့ ကျွန်တော်ကသာ ခင်ဗျားကို တောင်းပန်ရမှာပါ ” လို့ တဖွဖွ အားနာစိတ်နဲ့ ပြန်ပြောတယ်။ တစ်လက်စထဲ မျက်မမြင်ရဲ့ မီးအိမ်ကို မီးအိမ်ကို ပြန်ကူညီထွန်းပေးရင်း သူတို့နှစ်ယောက် အချင်းချင်း ပြေပြေလည်လည် ဖြစ်သွားကြတယ်။
ဒါနဲ့ မျက်မမြင်လည်း တိုက်မိသူနဲ့လမ်းခွဲပြီး မီးအိမ်လေး တကိုင်ကိုင်နဲ့ ဆက်လျှောက်လာခဲ့ပြန်တယ်။ ဖြစ်ချင်တော့ အတော်လေးလျှောက်မိတဲ့ အချိန်မှာ သူ့ကို နောက်ထပ် လူတစ်ယောက်က ထပ်ပြီး ၀င်တိုက်တာကို ခံရပြန်ပါရော။ ဒီတစ်ခါတော့ မျက်မမြင်က ပထမတစ်ခါကလို သတိမလစ်တော့ပဲ… “ ခွင့်လွှတ်ပါဗျာ၊ ကျွန်တော့ မီးအိမ်လေးများ ငြိမ်းနေသလား မသိဘူး ” လို့ ကြည်လင်တဲ့ စိတ်လေးနဲ့ ယဉ်ယဉ်ကျေးကျေးလေး မေးလိုက်မိတယ်။ ဒီတော့ တစ်ဖက်က ၀င်တိုက်မိသူက.. “ အံ့ရောဗျာ..၊ ကျွန်တော်လည်း အခုပဲ ဒီမေးခွန်း ခင်ဗျားကို မေးတော့မလို့၊ ကျွန်တော့ မီးအိမ်လေးများ ငြိမ်းနေသလား မသိဘူးဆိုပြီိး ” လို့ ပြောလေတယ်။ အဲ့ဒီနောက် သူတို့နှစ်ယောက်ရဲ့ကြား တစ်ခဏတာမျှ တိတ်ဆိတ်သွားလျှက်က… “ ဒါဆို ခင်ဗျားက ကျွန်တော့်လို မျက်မမြင် တစ်ယောက်ပဲပေါ့ ” လို့ တစ်ယောက်ကို တစ်ယောက် စိတ်ထဲကနေ မေးခွန်းထုတ်နေမိတယ်။ ဒါပေမယ့် တကယ်တမ်း အပြင်မှာ အသံထွက်လိုက်မိတာကတော့..
“ အေးဗျ.. ကျွန်တော်တို့ မီးအိမ်တွေ ငြိမ်းကုန်လောက်ပြီ ”
နှစ်ယောက်သား ပြိုင်တူ ပြောလို့ ရယ်မောမိကြရင်းက နှစ်ယောက်သား ဘ၀တူမျက်မမြင်တွေ ဖြစ်နေကြတာကို သိလိုက်ရတယ်။ ဒါနဲ့ တစ်ယောက်မှာ ပါလာတဲ့ မီးခြစ်လေးကို အသုံးပြုလို့ လက်ကလေးတွေက စမ်းတမ်း စမ်းတမ်းနဲ့ တစ်ယောက်ရဲ့ မီးအိမ်ကို တစ်ယောက် ကူညီလို့ ပြန်လည် ထွန်းပေးဖို့ ကြိုးစားမိကြတယ်။
အဲ့ဒီအခိုက်မှာပဲ လူတစ်ယောက်ဟာ သူတို့ အနားကို ဖြတ်လျှောက်လာတယ်။ မျက်မမြင် နှစ်ယောက်ရဲ့ တစ်ဖျတ်ဖျတ် လင်းလက်နေတဲ့ မီးခြစ်က မီးရောင်လေးတွေအောက်မှာ စမ်းတ၀ါးဝါးနဲ့ မီးထွန်းနေကြတာ၊ မျက်မမြင်တွေမှန်း သူက တွေ့တာပေါ့။ ဒါနဲ့ သူတို့ကို မတိုက်မိလေအောင် သတိထားပြီး အသာကပ်ရှောင်ခဲ့တယ်။ သူ့အနေနဲ့ ဒီလို အခြေအနေမျိုးမှာ ကူညီပေးရမယ် ဆိုတာမျိုးကို သူရဲ့ ပင်ကိုယ် စိတ်အရ သတိမပြုမိခဲ့ဘူး။ ဒါပေမယ့် သူတို့ကို ရှောင်ကွင်းလျှောက်လာရင်း စိတ်ထဲကတော့…“ငါလည်းပဲ အမှောင်ထဲမှာ မီးအိမ်တစ်လုံး ယူလာသင့်တယ်။ ဒါဆို ငါ့လမ်းကို ပိုမြင်နိုင်လိမ့်မယ် ” လို့ တွေးလိုက်မိတယ်။ မျက်မမြင် နှစ်ယောက်ကတော့ သည်လူ ဖြတ်လျှောက်သွားတာ သိတောင် မသိလိုက်ရှာပါဘူး။
ဘယ်သူမှ သတိမထားမိလိုက်တာ တစ်ခုကတော့ ဟိုးဇာတ်လမ်းအစက ပါခဲ့တဲ့ မျက်မမြင်ကို မီးအိမ်ယူသွားဖို့ ပြောခဲ့တဲ့ မိတ်ဆွေကြီးကတော့ .. “ အင်း.. ငါ့မိတ်ဆွေ မျက်မမြင် တစ်ယောက် မီးအိမ်တစ်လုံးနဲ့ သူ့ရဲ့ အိမ်အပြန်လမ်းမှာ သေချာ ဂရုစိုက်ရင်းဘေးကင်း လုံခြုံမှုရနေလောက်ပြီ။ လမ်းတစ်လျှောက်မှာ ဒီမီးအိမ်လေး ယူသွားတဲ့ အတွက် သူ့ကိုယ်သူရော၊ သူ့ရဲ့ ပတ်ဝန်းကျင်ကိုပါ အကျိုးပြု သွားနိုင်တယ်ဆိုတာ သူသိလာတော့မယ် ” လို့ မျှော်လင့်ရင်း ပြုံးနေမိတာကိုပါဘဲ။
………………..@@@…………………
ကျွန်မတို့ ကိုယ်တိုင်လည်း မျက်မမြင်လေးယောက်ထဲမှာ ဘယ်လိုမျက်မမြင်မျိုးအဖြစ် ပါဝင်ခဲ့ဘူးသလဲ..? ဒါမှမဟုတ် မျက်မမြင်ကို မီးအိမ်ပေးခဲ့ဘူးသူများ ဖြစ်ခဲ့လေမလား…?
Shian ၏ The Four Blind Men ကို ဆီလျှော်အောင် ပြန်ဆိုပြီး ဖြည့်စွက်ရေးထားပါသည်။
*ပို့စ်အဟောင်းလေး ဆားပြန်ချက်လိုက်တာပါ။ *
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။
** မြသွေးနီ**

No comments:
Post a Comment