လူသူတိတ်ဆိတ်နေတဲ့ တောင်ကုန်းတစ်လုံးပေါ်မှာ အိမ်ကလေးတစ်လုံး ရှိတယ်လို့ ဆိုကြပါစို့။ အဲဒီ အိမ်ကလေးမှာ ပြတင်းပေါက် သေးသေးလေး တစ်ခုရှိတယ်လို့ ဆိုကြပါစို့။ အဲဒီ ပြတင်းပေါက်ကလေး အနားမှာ ဝေ့၀ဲ တိုက်ခတ်နေတဲ့ ညင်သာလေကလေး ရှိတယ်လို့ ဆိုကြပါစို့။
ရာသီဥတု သာယာတဲ့ နံနက်ခင်းတစ်ခုမှာ အရင်က အမြဲတမ်း ပိတ်ထားခဲ့တဲ့ ပြတင်းပေါက် သေးသေးလေး ပွင့်သွားတယ်။ ပြတင်းပေါက်ကလေးကို အရင်က ဘာလို့ ပိတ်ထားခဲ့ပါလိမ့်။ တခုခု ၀င်လာမှာ စိုးလို့လား။ တခုခု ထွက်သွားမှာ စိုးလို့လား။
လေကလေး က ဟို့ဝေ့ဒီဝိုက် အကဲခတ်နေရာကနေ ဖွင့်ထားတဲ့ ပြတင်းပေါက်ကလေးထဲ စူးစူးစမ်းစမ်းနဲ့ ဖြတ်ကနဲ ခုန်ဝင်သွားတယ်။ မဲမှောင်နေတဲ့ အခန်းကျဉ်းကလေးထဲက ဖုန်မှုန့်တွေ ကြပ်ခိုးတွေကို လေကလေးက မှုတ်ထုတ်လိုက်တယ် ။ တောတောင်တွေကို ဖြတ်သန်း သယ်ဆောင်လာခဲ့တဲ့ စိမ်းစိုလတ်ဆတ်မှုတွေကို နေရာချပေးလိုက်တယ်။ ပြတင်းပေါက်ကလေးလည်း အံ့သြပျော်ရွှင်လို့။ လေညင်းကလေးလည်း ၀မ်းသာလို့။
ဒီလိုနဲ့ မနက်မနက်တွေရောက်ရင် လေညင်းကလေးက တောင်ကုန်းပေါ်ကို အပြေးကလေး ရွက်လွှင့်လာတယ်။ ပြတင်းပေါက်ကလေးက အဆင်သင့်ဖွင့်ပြီး စောင့်နေပေးတယ်။ နံနက်ခင်းရဲ့ လန်းဆန်းမှုတွေကို ကြည်ကြည်လင်လင် အေးအေးချမ်းချမ်းနဲ့ ဖလှယ်ကြတယ်။
လေ ဆိုတော့ အစိုးမရခဲ့။ ရာသီဥတု မသာယာတဲ့ တနေ့မှာ လေညင်းကလေးက လေရူးကလေး အဖြစ်ကို ကူးပြောင်းသွားခဲ့တယ်။ လေပွေလေရူးကလေးက ပြတင်းပေါက် ကလေးကို တိုးဝှေ့ပြီး မူးမူးမိုက်မိုက် ၀င်တိုက်ပစ်လိုက်တယ်။ ပြတင်းတံခါးတွေ လေရူးအဝှေ့မှာ ၀ုန်းဒိုင်း နဲ့ ပိတ်လိုက်ပွင့်လိုက် ဖြစ်သွားတယ်။ အိမ်ထဲမှာလည်း ပစ္စည်းတွေ ဟိုဒီ လွင့်စင်ကုန်တယ်။
ပြတင်းပေါက်ကလေးဟာ လေရူးရဲ့ သဘာဝကို တော်တော် လန့်သွားပုံပေါ်တယ်။ အဲဒီညက မိုးချုပ်လို့ ပိတ်လိုက်တဲ့ ပြတင်းတံခါးလေးဟာ နောက်တနေ့ မိုးလင်းချိန်မှာလည်း ပြန်ပွင့်မလာတော့ဘူး။

အခုတော့ လေရူးကလေးက လေနုအေးအဖြစ် ပြန်လည် ငြိမ်သက်သွားခဲ့ပြီ။ မနက် လင်းလာရင် လေညင်းကလေးက ပြတင်းပေါက်ကလေးကို သွားသွားချောင်းသတဲ့။ စေ့စေ့ပိတ်ထားတဲ့ ပြတင်းတံခါးနဲ့သာ ရင်ဘတ်အောင့်အောင် ၀င်တိုးမိပြီး လှည့်ပြန်ခဲ့ရတယ်။
ဒီလိုနဲ့ တစ်ရက် နှစ်ရက် သုံးရက်.. ။ ပြတင်းပေါက်ကလေးကတော့ ပွင့်မလာတော့ပါဘူးတဲ့။ လေညင်းကလေးဟာ ကြေကွဲလွန်းလို့ တောင်ကုန်းပေါ် တက်လိုက် ဆင်းလိုက် ဂနာမငြိမ်။ လေနုအေးကလေး အေးသထက် အေးလာတယ်။ လေကလေးဟာ ခိုက်ခိုက်တုန်အောင် ချမ်းလို့။ နောက်ဆုံးတော့ မျက်ရည်တွေ သွန်ချပြီး ချုံးပွဲချ ငိုကြွေးတော့တာပဲ။ အဲဒါကို မိုးရွာတယ်လို့ ခေါ်ကြသတဲ့။
လူသူတိတ်ဆိတ်နေတဲ့ တောင်ကုန်းကလေး တစ်လုံးပေါ်မှာ ပြတင်းပေါက်သေးသေးကို ခပ်တင်းတင်း ပိတ်ထားတဲ့ အိမ်ကလေးတစ်လုံးပေါ် မိုးတွေ သည်းသည်း ရွာ…လို့။ အဲဒီမြင်ကွင်းကို မြင်ရတာလောက် ဘယ်တုန်းကမှ ၀မ်းမနည်းခဲ့ဖူးဘူး။
**ပန်ဒိုရာ**

No comments:
Post a Comment