ဘ၀ဆိုတာ တိုက်ပွဲ..တဲ့ ။
တိုက်ပွဲဆိုမှတော့ ရုန်းရင်းဆန်ခတ်မှုနဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ အနိုင်အရှုံးတွေနဲ့ ပရိယာယ် မာယာတွေနဲ့ လုံးထွေးရစ်ပတ်လို့ နပန်းသတ်ပြီးသားပါပဲနော်။ အူဝဲဆိုပြီး အမိဝမ်းကြာတိုက်က ရှင်သန်မွေးဖွားလာချိန်ကစပြီး နောက်ဆုံး အိုမင်းမစွမ်းဖြစ်၊ နာမကျန်းဖြစ်ပြီး ဒီလောကကြီးကို စွန့်ခွာလာရတဲ့အချိန်အထိ ကျွန်မတို့ဟာ ဘ၀တွေရဲ့ တိုက်ပွဲတွေကို တစ်ဖန်တလဲလဲ ဆင်နွှဲကြရတယ်။
အမေ့ဝမ်းထဲက မထွက်လာခင်ထဲက ၀မ်းဗိုက်ထဲမှာ ကန်ကျောက်ရုန်းကန်လို့။ ထွက်လာပြန်တော့ လည်း “ အူဝဲ… အူဝဲ ” ဆိုတဲ့ ငိုသံနဲ့အတူ လူ့ဘ၀ကို စပြီး မိတ်ဆက်ခွင့်ရတယ်။ နို့ဆာရင် အော်ငိုမယ်၊ ရှူရှူပေါက်ချင်ရင် အော်ငိုမယ်၊ အလိုမကျရင် အော်ငိုမယ်ဆိုပြီး လူ့လောကထဲ ရောက်လို့မှ လပိုင်းရှိသေး မိမိနေထိုင်ရှင်သန်ဖို့ကို သဘာဝရဲ့ ဗီဇအရ ရုန်းကန်ဆန္ဒပြရင်း တိုက်ပွဲဝင် တောင်းဆိုတတ်လာပြီ။ ဒီလိုနဲ့ တဖြည်းဖြည်းနဲ့ လူလားမြောက်လာတော့ ပညာတွေ ဆည်းပူးရပြန်တယ်။ အဲ့ဒီကနေ အရွယ်ရောက် ကြီးပြင်းလာပြန်တော့ စား၊၀တ်၊နေရေး ဆိုတဲ့ တို့တာဝန်အရေး (၃)ပါး အတွက် ရုန်းကန်လှုပ်ရှားရပြန်ပါရော။ သားရေး၊ သမီးရေး၊ ကြီးပွားရေး၊ စီးပွားရေးတွေနဲ့ ဘ၀မှာ လူတန်းသူတန်းစေ့ဖို့ ထွေးလုံးရစ်ပတ် တိုက်ပွဲဝင်ရပြန်တယ်။ အဲ့ဒီကတစ်ဖန် နုပျိုရာက ၀င်းမှည့်ပြီး ဘ၀ရဲ့ကြွေလုချိန် ရောက်ကာနီးပြန်တော့ ကျန်းမာရေး ကောင်းမွန်စွာနဲ့ အသက်ရှည်ရှည်နေနိုင်ဖို့အရေး၊ နောင်ဘ၀အတွက် သယ်ယူသွားရမယ့် မျိုးစေ့တွေ အပင်မှန်ရှင်သန်စေဖို့အရေး ကြိုတင်တွေးတောပြင်ဆင်ပြီး သတိဂရုပြုလို့ နေထိုင်တိုက်ပွဲဝင် ရပြန်လေတယ်။
ဘ၀တိုက်ပွဲတလျှောက်မှာ ပျော်ရွှင်ရတယ်။ ကြည်နုးရတယ်။ နာကျင်ရတယ်။ ငိုကြွေးရတယ်။ ၀မ်းနည်းရတယ်၊ ၀မ်းသာရတယ်။ ဗုံလုံတစ်လှည့်ငါးပျံတစ်လှည့်နဲ့ လောကဓံရဲ့ အထုအထောင်း အရိုက်အပုတ်ဒါဏ်တွေကို ရင်ကော့၊ ခေါင်းမော့တစ်ဖုံ။ အံကြိတ်တက်ခေါက်လို့ တစ်မျိုးနဲ့ ကျော်လွန်ဖြတ်သန်းကြရတယ်။
တိုက်ပွဲဝင်တယ်လို့ စကားလုံးလှလှလေးသုံးလိုက်တာပါ။ အမှန်ကတော့ ကျွန်မတို့ဟာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက အလွှာပါးပါးလေးကို အသက်ရှင်သန်နေစဉ် ကာလမှာ မပေါက်ပြဲ၊ မပျက်စီးရလေအောင် ကြိုးစားသတိပြု ထိမ်းသိမ်းနေကြရတယ်ဆို ပိုမှန်လေမလားမသိ။ ကျွန်မတို့က ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုခုမှာ ကြိုးပမ်းအားထုတ်တဲ့အခါ အခြားကျန်တဲ့အစိတ်အပိုင်းတွေဟာလည်း ပိုကောင်းမွန်လာတယ်လို့ ခံစားရလာတယ်။ ဘ၀ခရီးတစ်လျှောက် ကျွန်မတို့ လုပ်နေသမျှ အလုပ်တိုင်းက အရေးကြီးပါတယ်။ ကျွန်မတို့ဟာ ဘ၀တစ်လျှောက်မှာ ကျွန်မတို့ရဲ့ ပုံတူပန်းချီကား ကို ကိုယ်တိုင်ကိုယ်ကျရေးဆွဲနေသူများပါ။ ကျွန်မတို့ရဲ့ သမိုင်းကို ကျွန်မတို့လက်နဲ့၊ ကျွန်မတို့ရဲ့ နှလုံးသွေးနဲ့ကိုယ်တိုင် ထွင်းထုနေကြတာပါ။ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ဘ၀တွေကို ကျွန်မတို့ရဲ့ ပုံရိပ်နဲ့ ထပ်တူကြဖို့ မရပ်မနား အမြဲကျိုးပမ်းနေကြသူများပါ။
“ ထပ်တူကျအောင် ဖန်တီးခြင်းရဲ့လှို့ဝှက်ချက်က ဘာလဲ ” လို့ မြသွေးနီကို မေးလာရင် ..
“ တကယ်တော့ လှို့ဝျက်ချက်မရှိပါဘူး။ ဘ၀ကတကယ်ရိုးဖြောင့်လွန်းပါတယ်။ ပုံတူရေးဆွဲနိုင်ဖို့ ဆိုတဲ့ အထဲမှာက အသေးစိတ် အချက်လက်များစွာနဲ့အတူ အကြောင်းတရားတွေကလည်း ပါဝင်နေပါတယ် ” လို့ ဖြေလိုက်ဦးမှာ ။
ဘ၀ဟာ ဂေါက်သီးရိုက်ကစားနေရသလိုဘဲလို့ မြသွေးနီ ထင်မိပြန်တယ်။ ရိုက်ချက်ကောင်းကောင်း တစ်ချက်ရိုက်နိုင်ဖို့ စိတ်ထဲမှာ ပုံဖော်ကြည့်ရတယ်။ ဒူးကိုအနေတော်ညွတ်ရတယ်။ ဦးခေါင်းကလည်း တည်ငြိမ်နေဦးမှ။ ဆုတ်ကိုင်ထားမှုကလည်း သက်တောင့်သက်သာ ရှိနေရမယ်။ လှပညက်ညောစွာ လိုရာကို လွှဲရိုက်နိုင်ရမယ်။ အဲ့ဒီအချိန်မှာ စိတ်ထွေပြားမနေပဲ အာရုံစူးစိုက်မှုရှိနေရမယ်။ ကိုယ်တိုင်က လဲ စိတ်အေးစွာရှိနေရမယ်။ ဂေါက်ရိုက်တုတ်နံပါတ် ဘယ်လောက်ကို သုံးသင့်သလဲ ဆုံးဖြတ်နိုင်ရမယ်။
ဘယ်အရာမဆို အောင်မြင်ခြင်းက ကြီးမားတဲ့အရာတစ်ခုထဲကိုသာ မှန်မှန်လုပ်ခြင်းနဲ့ ရလာတဲ့ အကျိုးရလာဒ်မဟုတ်ပါဘူး။ ရာချီနေတဲ့ အရာတွေကို ကျွန်မတို့ ထပ်ခါထပ်ခါ ဆောင်ရွက်ခြင်းက နေရလာတာမျိုးပါ။ တိုးတက်မှုဆိုတာ အသေးအဖွဲအရာတစ်ခုဆီကနေ ပိုမိုကောင်းမွန်လာခြင်းရဲ့ ရလာဒ်လို့ ကျွန်မမြင်မိတာဘဲ။
ဘ၀မှာ ကံကောင်းဖို့အချိန်တစ်နေ့ရောက်လာမယ်လို့ အရှုံးသမားတွေက မျှော်လင့်တွေးအမြဲတွေးတယ်။ နေ့စဉ်နေ့တိုင်း အသေးအဖွဲ အရာအားလုံးမှာ အမြဲကြိုးပမ်းနေမယ်ဆိုရင်ဖြင့် ဘ၀က တိုးတက်ပြောင်းလဲလာနိုင်တယ်လို့ အောင်မြင်မှု ဘ၀ပန်းတိုင်ကို သွားမယ့်သူတွေက မြင်ပြီး ကိုယ်တိုင် တဖန်တလဲလဲ ရွက်ဆောင်ကြတယ်။ဘ၀ဟာ လှို့ဝှက်ချက်တွေ အများကြီးနဲ့လို့ ဆိုရင် အဓိကလျို့ဝှက်ချက်ကဘာလဲဆိုတော့ လှို့ဝှက်ချက်မရှိတာပါဘဲ။ လှို့ဝှက်လွန်းတဲ့ ဘ၀တွေက ရေရှည်မှာ အောင်မြင်မှု ယုတ်လာတတ် တယ်။ ဒါကြောင့် ဘ၀ဟာ ရိုးစင်းပါတယ်လို့ ပြောခဲ့တာပေါ့။
ပြီးပြည့်စုံတဲ့ ဘ၀ဆိုတာ ရှားပါတယ်ရှင်။ အပြစ်ရှာရင် သိကြားမင်းဖန်ဆင်းတဲ့ နွားတောင် ချိုကားတယ်ဖြစ်နေဦးမှာဘဲလေ။ Ralph Waldo Emerson ပြောတဲ့ စကားလေးကို ကျွန်မ သိပ်ကြိုက်တယ်။ "Anything worth doing is worth doing best ".. တဲ့ ။ " လုပ်ရမယ်ဆို အကောင်းဆုံးလုပ် " တဲ့။ ကျွန်မတို့ဘ၀တွေမှာ စိန်ခေါ်တာတွေ၊ လုပ်စရာတွေ ပုံနေတာပါ။ ဒါတွေက ဘယ်တော့မှ ဆုံးမှာမဟုတ်ဘူးလေ။ ဒီလိုပြောလို့ ဘ၀ဆိုတာ လုပ်ရမှာတွေ အားလုံးကို ပြီးစီးအောင်လုပ်ရမယ့် တာဝန်နဲ့ ဖြစ်စဉ်ကြီးလို့လည်း မယူဆစေချင်ဘူး။ အဲ့လိုယူဆလိုက်ရင် စိတ်တွေပင်ပန်းပြီး ဘ၀ရဲ့ဒဏ်တွေပိလာနိုင်ပြန်တယ်။
ဘ၀ဆိုတာ ကြုံသမျှကို အရေးပေါ်အားလုံးကို လိုက်ဖြေရှင်း နေရတာမျိုးလည်း မဖြစ်သင့်ပါဘူး။ အဲ့လိုသာဆို လိုရာခရီးကို ဘယ်လိုရောက်နိုင်ပါတော့မလဲနော်။ တခါတရံ မပြည့်ဝတဲ့ ဘ၀ရဲ့ လွဲချော်မှုတွေ၊ အံဝင်ခွင်ကျမဖြစ်မှုတွေကို ကျွန်မတို့ ကြုံတွေ့ ကြရမှာပါ။ ဘ၀မှာ ကြုံခဲ့တဲ့ အမှတ်ရစရာတွေကို သိမ်းထုတ်၊ အသေးအဖွဲတွေကို မေ့ပြစ်၊ ရင်ဆိုင်တိုက်ခိုက်ရမှာတွေ အတွက် ခွန်အားမွေးယူ၊ ပြသနာတွေကို ခေါင်းသုံးဖြေရှင်းရမှာပါ။ ကလေးက အတန်းထဲမှာ အဆင့်ကျသွားတာကို မိသားစုထမင်းဝိုင်းမှာ အရေးတယူ ဆူပူနေစရာ မလိုပါဘူး။ ဟင်းတွေ အစပ်ဟပ်မတည့်တာကလည်း ကြီးမားတဲ့ကိစ္စမှ မဟုတ်တာနော်။ အပန်းဖြေခရီးထွက်လို့ ပရုပ်ဆီဗူး မေ့ကျန်ခဲ့ယုံနဲ့ ဗျာမများသင့်ဘူး။ ကြုံရာမှာ ဆင်းဝယ်လိုက်တာပေါ့။ ဘာခက်တာမှတ်လို့။
တချို့ကပြောတယ်။ ဘ၀ဆိုတာ အားစမ်းမှုသာဖြစ်တယ်တဲ့။ ဟုတ်တယ်.. တကယ်သွေးတိုးစမ်းမှု မျှသာပါ။ ဘ၀ကို ရေးကြီးခွင်ကျယ် သတ်မှတ်လွန်းရင် တန်ဆေးလွန်ဘေးဖြစ်နိုင်တယ်။ ဘ၀ဆိုတာ စိန်ခေါ်မှုတွေနဲ့ ပြည့်နေတဲ့ အားစမ်းပွဲလို့မြင်တတ်လာရင် ကြုံသမျှ အခက်အခဲတွေက ကိုယ့်အစွမ်းအစကိုပြဖို့၊ လေ့ကျင့်သင်ယူဖို့ အခွင့်ကောင်းကြီးလို့ မြင်လာနိုင်တယ်။ ဒီလိုမြင်လာတာနဲ့အမျှ ပျော်ပျော်ကြီး တိုက်ပွဲဝင်နေရတာ ပျော်စရာကောင်းလာတတ်တယ်။ အောင်မြင်မှုတွေကလည်း များများကြုံလာရမယ်။ အဲ့လိုမဟုတ်ပဲ ပြသနာတိုင်းဟာ ဘ၀ရပ်တည်ရေးအတွက် ခြိမ်းခြောက်နေတဲ့ သေရေးရှင်ရေးကိစ္စတွေလို့ မြင်လာရင်တော့ လျှောက်ရတာ ကြမ်းတမ်းသလိုထင်လာပြီး စိတ်ပင်ပမ်းလာရလိမ့်မယ်။
ပုံပြင်လေးတစ်ပုဒ်ထဲမှာပေါ့။
လူတစ်ယောက်၊ ဖားလေးတစ်ကောင်နဲ့ ရေပုံးတစ်ပုံးရှိလေတယ်။ ပျော်ပျော်နေတတ်တဲ့ ဖားလေးကို လူက ရေနွေး ပွက်ပွက်ဆူထည့်ထားတဲ့ ရေပုံးထဲကို ပစ်ထည့်လိုက်တယ်။ ဖားက ဘယ်နေမလဲ။ “ ဒီနေရာ.. ပျော်စရာမကောင်းဘူး.. ပူတယ်...ငါသွားပြီ ” လို့ လူကို ပြောရင်း အပူရှိန်ကြောင့် ရေပုံးထဲကနေ ချက်ချင်းခုန်ထွက်တော့တာပေါ့။ ချက်ချင်းပဲ ဖားကဆုံးဖြတ်လိုက်တာ။
ဒီတော့ လူက ဥာဏ်များလေတော့ ဘယ်ရလေမလဲ။ နောက်..အဲ့ဒီဖားလေးကိုပဲယူ၊ “ မင်းကို အေးတဲ့နေရာ ငါပို့ပေးပါ့မယ် ” ဆိုပြီး ခုနက ရေနွေးပူတွေကို သွန်၊ ရေအေးတွေကို ပုံးထဲထည့်၊ ဖားကို ရေပုံးထဲပစ်ချ ပြန်ပါလေရော။ ပြီးမှ ရေပုံးကို မီးဖိုပေါ်တင်ပြီး တဖြည်းဖြည်းပူအောင်လုပ်၊ ဖားက ဒီတစ်ခါတော့ အေးဆေးပဲ။ အေးနေလေတော့ ခုန်မထွက်တော့ဘူးရယ်။ နောက်... မိနစ်အနည်းငယ်ကြလာတော့ ဖားက သူ့ဟာသူ ပြောလာတယ်။
“ ဒီနေရာက နည်းနည်းနွေးလာသလိုပဲ ” တဲ့။ မိနစ်သိပ် မကြာခင်အချိန်တွင်းမှာတော့ လူရဲ့လက်ထဲမှာ ချက်ပြီးသား ဖားသားဟင်းကို တွေ့ရလေတယ်။ ပုံပြင်လေးက ဒါပါဘဲ။
ဘ၀မှာ ရုတ်တရက်တွေ့နိုင်တဲ့ မူယာမာယာတွေ၊ အန္တရာယ်တွေ၊ ဘေးဒုက္ခတွေကို ကျွန်မတို့ ချက်ချင်းဖြေရှင်းနိုင်ပေမယ့် တဖြည်းဖြည်းနဲ့ ချဉ်းကပ်လာရင်တော့ သတိမမူမိတော့ပဲ ကျော့ကွင်းထဲမှာ လည်စင်းမိတတ်ကြပါတယ်။ သိလည်းသိရော သိပ်ကိုနောက်ကျသွားတတ်တာမျိုး ကျွန်မတို့ ကြုံဘူးကြမှာပါ။ ဖားလို အရူးလုပ်ခံရတာမျိုးတွေ ဘ၀မှာရှိလာတတ်ပါတယ်နော်။
ကျွန်မတို့တွေ အသိလေး၊ သတိလေးတော့ရှိနေမှ..။
{ ခဲလေသမျှတော့ သွားပါပြီ။ စိတ်ဓာတ်တွေကျနေလို့။ အခုတလော ဘာလုပ်လုပ်အဆင်မပြေဘူး။ လုပ်ထားသလောက် ဖြစ်လာပါ့မလား။ စိတ်တွေပူလို့ ညတောင် အိပ်မပျော်ဘူး လို့ မြသွေးနီကို ပြောလာတဲ့ သူများအတွက် စိတ်အဟာရလေး တစ်ခွက်ဖြစ်မယ်ဆိုရင်ဖြင့်.... }
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
**မြသွေးနီ**

No comments:
Post a Comment