(ရှေ့မှာထိုင်နေသောအင်္ကျီအနက်ရောင်နှင့် ပုဂ္ဂိုလ်---ရှေ့နေထနူး)
............................................
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က တာ့(ခ်)ခရိုင် အုပ်ချုပ်ရေးမှူးနိုင်းဆမတ်လွိုင်ဖားက “တာ့(ခ်)ခရိုင်ထဲက ရွှေ့ပြောင်းအလုပ်သမားတွေဆီက အခွန်ကောက်ခံမှာဖြစ်ကြောင်း” ပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုချက်နဲ့ပတ်သက်ပြီး “ထိုင်းဥပဒေအရ ထိုင်းနိုင်ငံသားပဲဖြစ်ဖြစ်၊ ရွှေ့ပြောင်းအလုပ်သမားပဲဖြစ်ဖြစ်၊ လာစဉ်ဝင်ငွေ ဘတ်နှစ်သောင်းမရှိပါက ၄င်းကို အခွန်မကောက်ခံနိုင်ကြောင်း” ယမန်နေ့က ကျင်းပတဲ့ ထိုင်းရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန (LLC) ရဲ့ (၆) လပတ်လုပ်ငန်းဆိုင်ရာ ပြန်လည်သုံးသပ်ဆွေးနွေးပွဲမှာ ရှေ့နေ - ခွန်းထနူးအေကချွတ်က ပြောဆိုလိုက်ပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲကို ထိုင်း - မြန်မာနယ်စပ်မဲဆောက်မြို့က ထိုင်းရှေ့နေများ ကောင်စီဥပဒေ အထောက်အကူပြုဌာန (LLC) ၊ ထိုင်းနိုင်ငံလူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (HRDF) က ထိုင်းရှေ့နေများ၊ LLC ရဲ့ ရှေ့နေအထောက်အကူပြု ကွန်ယက်အဖွဲ့ဝင် အဖွဲ့စည်းများဖြစ်ကြတဲ့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)၊ မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) ဥပဒေ အထောက်အကူပြုဌာန၊ ရခိုင်အလုပ်သမား လှုပ်ရှားမှုအဖွဲ့ (ALC)၊ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUB)၊ ရခိုင်အလုပ်သမားများသမဂ္ဂ (AWU)၊ မြန်မာနိုင်ငံအလုပ်သမားသွေးစည်းညီညွှတ်ရေးအဖွဲ့ (BLSO)၊ ပန်းကံ့ကော်အလုပ်သမားများအဖွဲ့… စတဲ့ လူထုအခြေပြုအဖွဲ့စည်းတွေက တာဝန်ရှိသူတွေလည်းတက်ရောက်ဆွေးနွေးကြတာတွေ့ရပါတယ်။
ဆွေးနွေးပွဲမှာ LLC ရဲ့ (၆) လတာ လှုပ်ရှားမှုကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားအမှု (၂၃) မှုသာရှိခဲ့တာမို့အရင်ကထက်စာရင်အမှုနည်းပါးသွားကြောင်း၊ အခုလိုအမှုနည်းပါးသွားတာဟာအလုပ်သမားတွေအခွင့်အရေး ပိုကောင်းနေလို့ ဟုတ်၏၊ မဟုတ်၏၊ အကျိုးအကြောင်းအဆက်အစပ်များ၊ မဲဆောက်ရဲတပ်ဖွဲ့တာဝန်ရှိသူများက ရွှေ့ပြောင်းအလုပ်သမားပြဿနာများကို တိုက်ရိုက်ကွင်းဆင်းကိုင်တွယ်ဖြေရှင်းနေတဲ့ကိစ္စအပေါ် ဝေဖန်ချက်များ၊ တာ့(ခ်)ခရိုင်အတွင်း သက်မှတ်လုပ်အားခ (၁၆၂) ဘတ်ပေးသော စက်ရုံ (၅)ခုသာရှိတာမို့အခြားစက်ရုံအလုပ်ရုံတွေရဲ့အခြေအနေသုံးသပ်ချက်များ၊ မဲဆောက်အပါအ၀င် တာ့(ခ်)ခရိုင်အတွင်း အလုပ်သမားလက်မှတ်လုပ်ဆောင်ထားသူ (၃၇၀၀၀) ကျော်သာရှိသေးတဲ့ ကိစ္စအပါအ၀င် ရွှေ့ပြောင်းအလုပ်သမားရေးရာတွေကို သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် မဲဆောက်မြို့မှာ အရင်က အခြေစိုက်ဖြေရှင်းပေးခဲ့တဲ့ အလုပ်သမားကာကွယ်ရေးရုံး (ဆ၀ါဒီကန်)ဟာလည်း တာ့(ခ်)မြို့ဆီကို ရွှေ့ပြောင်းအခြေစိုက်တော့မယ့်ကိစ္စ၊ ကလေးကူးသန်းရောင်းဝယ်ခြင်းနဲ့ လူကုန်ကူးခြင်းကိစ္စ… စတာတွေကိုလည်း ယေဘုယျ သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။
**သတင်း--သောင်ရင်းနဂါး(မြန်မာပြည်သား)**

No comments:
Post a Comment