**ဂျပန်နိုင်ငံ မြောက်ပိုင်း၌ ရေလွှမ်းမှုဖြစ်ပွား၊ ဒေသခံ ၄၀၀၀၀၀ ခန့် ရွှေ့ပြောင်းပေးခဲ့ရ**
(တိုကျို၊ ဇူလိုင် ၃၀)
ဂျပန်နိုင်ငံမြောက်ပိုင်း နီအီဂါတာနှင့်ဖူကူရှီးမားစီရင်စုတို့တွင် ဇူလိုင် ၃၀ ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သဖြင့် ဒေသခံပြည်သူ ၄၀၀၀၀၀ ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ကျိုဒိုသတင်းဌာနက သတင်းထုတ်ပြန်သည်။ မိုးသည်းထန်ပြီး ရေလွှမ်းမှုများကြောင့် အဆိုပါစီရင်စုများတွင် အမျိုးသားတစ်ဦးသေဆုံးပြီးငါးဦးပျောက်ဆုံးလျက်ရှိကြောင်း၊ နီအီဂါတာစီရင်စုတွင် အီဂါရာရှိမြစ်ရေလျှံမှုကြောင့် ဆန်ဂျိုအရပ်၌ ရေလွှမ်းမှုများဖြစ်ပေါ်နေသဖြင့် ဒေသခံများအားဘေးကင်းရာသို့ ရွှေ့ပြောင်းနေရကြောင်း ၄င်းသတင်း၌ ဆက်လက်ဖော်ပြသည်။ ရေလွှမ်းမှုများကြောင့် အဆိုပါစီရင်စုနှစ်စုမှာ မြို့ကြီးနှစ်မြို့နှင့်အခြားမြို့ ၁၁ မြို့တို့မှာ ဒေသခံစုစုပေါင်း ၃၈၀၀၀၀ ခန့်အား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနေရသည်။ (အင်တာနက်)

**ကွန်ဂိုနိုင်ငံ၌ သင်္ဘောနှစ်စင်းတိုက်မိ၊ လူ ၁၀၀ ကျော်သေဆုံး**
(ကင်ရှာဆာ၊ ဇူလိုင် ၃၀)
ကွန်ဂိုနိုင်ငံ အီကွတ်တာပြည်နယ်အတွင်းရှိ မြစ်တစ်မြစ်တွင် သင်္ဘောနှစ်စင်း ဇူလိုင် ၂၈ ရက် ညပိုင်းက တိုက်မိ၍ လူ ၁၀၀ ကျော် သေဆုံးကြောင်း အသက်ရှင်ကျန်ရစ်သူတစ်ဦးက ဇူလိုင် ၂၉ ရက်၌ ပြောကြားသည်။ အသက်ရှင်ကျန်ရစ်သူ တစ်ဦးဖြစ်သည့် အဲလ်ဖရက် လွမ်ပါကာ ဆိုသူက တိုက်မိသင်္ဘောနှစ်စင်းတွင် လူ ၂၀၀ ကျော်စီးနင်းလာကြောင်း၊ အသက်ဘေးမှလွတ်ခဲ့သူ ၈၃ ဦးခန့်ရှိကြောင်း၊ သူစီးခဲ့သည့် သင်္ဘောမှာ ပြည်တွင်းလုပ်သင်္ဘောတစ်စင်းဖြစ်ပြီး ကနူးလှေငယ်သုံးစင်းကို ၄င်းသင်္ဘောနှင့်တွဲချည်ထားကြောင်း၊ မီးမပါဘဲ ညအမှောက်ထဲခုတ်မောင်းလာစဉ် အခြားမီးမပါသည့် သင်္ဘောတစ်စင်းနှင့် တိုက်မိကြခြင်းဖြစ်ကြောင်း ပြောဆိုသည်။ (အမ်အင်န်အေ၊ ရိုက်တာ)

(16 dead, 10 missing in Ukraine mine...)
**ယူကရိန်းတွင် မိုင်းတွင်းပေါက်ကွဲ၊ ၁၆ ဦးသေဆုံး**
(လုဂျန်ခ်၊ ဇူလိုင် ၃၀)
ယူကရိန်းနိုင်ငံအရှေ့ပိုင်း လုဂျန်ခ်ဒေသအတွင်းရှိ မိုင်းတွင်းတစ်တွင်း ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၅၇ မိနစ်က ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ အနည်းဆုံး ၁၆ ဦးသေဆုံးခဲ့သည်ဟု အရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ ယင်းပေါက်ကွဲမှုအတွင်း ပျောက်ဆုံးစာရင်းမှာ ၁၀ ဦးထက်ပိုကြောင်းနှင့် မိုင်းလုပ်သားနှစ်ဦး ဆေးရုံတွင် ကုသမှုခံယူလျက်ရှိကြောင်း သတင်းတွင် ဖော်ပြသည်။ (အင်တာနက်)
**ဂျပန်နိုင်ငံ၌ ဂျက်လေယာဉ်ပျက်ကျ၊ သုံးဦးသေဆုံး**
ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းတွင် ဇူလိုင် ၂၈ ရက်က ဂျက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ သုံးဦးသေဆုံးခဲ့ကြောင်း၊ ၄င်းလေယာဉ်မှာ ဟော့ကိုင်းဒိုးကျွန်းရှိ အိုဘီဟီရိုလေဆိပ်မှ ယင်းနေ့နံနက်က နည်းပြနှစ်ဦးနှင့် လေယာဉ်အမောင်းသင်နှစ်ဦးတို့ကိုတင်ဆောင်ကာ လေ့ကျင့် ပျံသန်းရန် ထွက်ခွာလာစဉ် ရုတ်တရတ်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အင်န်အိတ်ခ်ျကေသတင်းဌာန ဇူလိုင် ၂၉ ရက်က သတင်းထုတ်ပြန်သည်။ (အင်တာနက်)
**နော့တန်မုန်တိုင်း တရုတ်နိုင်ငံတောင်ပိုင်း၌တိုက်ခတ်**
(ပေကျင်း၊ ဇူလိုင် ၃၀)
ယခုနှစ်၏ ရှစ်ခုမြောက် မုန်းတိုင်းဖြစ်သ်ည့ နော့တန်မုန်တိုင်းသည် တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းသို့ ၀င်ရောက်တိုက်ခတ်ခဲ့ကြောင်း ဆင်ဟွာအင်တာနက်သတင်းတွင် ဇူလိုင် ၃၀ ရက်က ဖော်ပြသည်။ ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်း၌ ၀န်ချန်မြို့တွင်းသို့ လေတိုက်နှုန်းတစ်စက္ကန့်လျှင် ၃၀ မီတာခန့်ဖြင့် တိုက်ခတ်သွားခဲ့ကြောင်း၊ တာဝန်ရှိသူများက လူ ၇၅၀၀၀ ခန့်အား ဘေးလွတ်ရာရွှေ့ပြောင်းထားရကြောင်း သိရသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်၊ ဇော်ဦးခိုင်

No comments:
Post a Comment