Drama ဇာတ်လမ်း အေးအေးလေးတွေ နှစ်သက်တဲ့ သူတွေအတွက် ရုံးပိတ်ရက်လေးမှာ ကြည့်ခဲ့တဲ့ Hachiko: A Dog's Story ဆိုတဲ့ ရုပ်ရှင်ကားလေးကို မျှဝေလိုက်ပါတယ်။ Richard Gere သရုပ်ဆောင်တဲ့ ရုပ်ရှင်ကား တော်တော်များများကို မလွတ်တမ်း ကြည့်ဖြစ်တဲ့ ကျမကတော့ Pretty Woman (1990) မှာကတည်း သူ့ရဲ့ သရုပ်ဆောင်ချက်တွေကို ကြိုက်ခဲ့တာပါ။ အခု ဒီဇာတ်လမ်းလေးကလည်း Drama ရိုးရိုးလေးနဲ့ စကားပြောခန်း သိပ်မပါပဲ သရုပ်ဆောင်ချက်လေးတွေ ပတ်ဝန်းကျင် အနေအထားလေးတွေကို ရိုက်ပြပြီး လိုချင်တာကို ပုံဖေါ်သွားတဲ့ ရုပ်ရှင်လေးပေါ့။
ချမ်းအေးလွန်းတဲ့ ဆောင်းညလေးမှာ ဘူတာရုံလေးနားကနေ ကောက်ရခဲ့တဲ့ ခွေးလေးတကောင်ကို သံယောစဉ်တွယ်ခဲ့သူ။ သားသမီး တယောက်လို ကျွေးမွေးခဲ့ပြီး ကြင်နာခဲ့တဲ့ သခင် အဖြစ်နဲ့ အနုပညာ ကောလိပ်က Professor အဖြစ် Richard Gere က သရုပ်ဆောင်ထားပါတယ်။ သခင်ဆိုတာ ဘယ်သူဘယ်ဝါမှန်း မသိဘဲ ခွေးပေါက်စလေး ဘ၀နဲ့ ရောက်ခဲ့ပြီး ကျွေးမွေးခဲ့တဲ့ သခင်ကို သွားလေရာ တကောက်ကောက်နဲ့ ရုံးပို့ ရုံးကြို တာဝန်ကျေတဲ့ ခွေးလေးအဖြစ် Hachiko တို့က သရုပ်ဆောင်ထားတာပါ။ Richard Gere ရဲ့ သရုပ်ဆောင်ချက်ကလည်း တကယ့်ကို မေတ္တာပြည့်ဝတဲ့ သခင်တယောက်ရဲ့ သရုပ်ကို ပီပြင်စေတယ်။ နှစ်ကာလတွေ ပြောင်းလဲသွားတာကို ဘူတာရုံလေးရှေ့က သစ်ပင်လေးနဲ့ ရိုက်ပြသွားတဲ့ ရိုက်ကွက်လေးက တကယ့်ကို အသက်ဝင်လှတယ်။ ခွေးလေးကိုလည်း အသက်ကြီးလာပြီး လမ်းလျှောက်တာကအစ ဖြေးဖြေးလေးနဲ့ ရိုက်ပြထားတာလေးကလည်း သဘာဝကျတယ်။
တရက်မှာတော့ အမှတ်မထင် စာသင်ရင်း နှလုံးရောဂါနဲ့ စာသင်ခန်းထဲမှာ ရုတ်တရက် ဆုံးပါးသွားပြီး ပြန်မလာနိုင်တော့တဲ့ သခင်ကို ဘူတာရုံလေးမှာ အချိန်မှန် စောင့်ကြိုနေခဲ့တဲ့ ခွေးလေးရဲ့ အဖြစ်။
သခင် အလုပ်သွားကို လိုက်ပို့လိုက်ပေမယ့် မှတ်မိနေတာကတော့ သူ့သခင် ပြန်မလာသေးဘူး ဆိုတာကိုပါပဲ။ သခင်ပြန်အလာကို (၉)နှစ်တိုင် စောင့်မျှော်ရင်း အဲဒီဘူတာရုံလေးရှေ့က သူစောင့်နေကြ အုတ်ခုံလေးမှာပဲ နှင်းတွေနဲ့အတူ သေဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့နောင်ဘ၀မှာတော့ သူချစ်တဲ့ သခင်နဲ့ ပြန်ဆုံတွေ့ခွင့်ရသွား သလို ပြကွက်လေးက ပရိသတ်ကို နှစ်သိမ့်ပေးလိုက်သလိုပါပဲလေ..။ ရုပ်ရှင်ပြီးသွားတဲ့အထိ ရင်ထဲမှာ နင့်ပြီး ကျန်ရစ်ခဲ့ပါတယ်။
ချစ်ခြင်း မေတ္တာတရားကို သခင်အပေါ်မှာ သက်ဆုံးတိုင်အထိ သစ္စာရှိသွားတဲ့ ဂျပန်နိုင်ငံက ခွေးလေး Hachiko ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာပါ။ လူတစ်ယောက်နဲ့ ခွေးလေးတကောင်ရဲ့ သံယောစဉ် မေတ္တာကို ဖေါ်ကျူးထားတဲ့ ဇတ်လမ်းလေးပေါ့။ သူ့ရဲ့ သခင်ကတော့ Tokyo University က Professor Dr. Eisaburo Ueno ဖြစ်ပြီး May 1925 မှာ ဆုံးပါးသွားခဲ့ပါတယ်။ Hachiko ကို 1923 မှာမွေးပြီး 1934 မှာ သေဆုံးခဲ့ပါတယ်။ Hachiko ရဲ့ သစ္စာတရားကို အလေးထားတဲ့ အနေနဲ့ ယနေ့အချိန်အထိ ဂျပန်နိုင်ငံ Shibuya Station ရှေ့မှာ Hachiko လေးရဲ သခင်ကို စောင့်မျှော်နေတဲ့ ရုပ်ထုလေးကို ထုလုပ်ထားတာ တွေ့ရဆဲပေါ့။
ခင်မင်လေးစားလျှက်
**ဒဏ္ဍာရီ**

No comments:
Post a Comment