**ဖာဘရီဂက်စ်၏ အပြောင်းအရွှေ့ကိစ္စ ရှုပ်ထွေးနေဆဲ**
(လန်ဒန်၊ ဇူလိုင် ၂၇)
ဘာစီလိုနာအသင်းအနေဖြင့် အာဆင်နယ်အသင်းခေါင်းဆောင် ဖာဘရီဂက်စ်ကို ယူရိုသန်း ၄၀ ဖြင့် ခေါ်ယူရန် အလွတ်သဘောတူညီမှုရရှိခဲ့ပြီဟု ဆိုသော်လည်း ယင်းအပြောင်းအရွှေ့ကိစ္စမှာ အလွန်ရှုပ်ထွေးသည့် အဆင့်တွင်သာ ရှိနေသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဘာစီလိုနာအသင်းသည် တိုက်စစ်မှူး ဆန်ချက်ဇ်ကို ခေါ်ယူပြီးနောက်တွင် ၄င်းတို့၏ ဒုတိယပစ်မှတ်မှာ ဖာဘရီဂက်စ်ဖြစ်သည်ဟု ဆိုသည်။ ဘာစီလိုနာအသင်း တာဝန်ရှိသူများက ယခုနွေရာသီအပြောင်းအရွှေ့ ဈေးကွက်မပိတ်မီအဆိုပါ စပိန်သားကို အရခေါ်ယူသွားမည်ဟု ထုတ်ဖော်ပြောကြားလာသည်။
** မန်စီးတီးအသင်း ဆာဂျီယိုအဂူရိုနှင့် အပြီးသတ်စာချုပ်တော့မည် **
(လန်ဒန်၊ ဇူလိုင်လ ၂၇ ရက်)
မန်စီးတီးအသင်းသည် အက်သလက်တီကို မက်ဒရစ်အသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး ဆာဂျီယိုအဂူရိုကို ပေါင် ၃၉ သန်းဖြင့် ယနေ့တွင် အပြီးသတ် ခေါ်ယူစာချုပ်တော့မည်ဟု ဆိုသည်။ အာဂျင်တီးနား ဂန္တ၀င်ကစားသမား မာရာဒိုနာ ၏ သားသမက်ဖြစ်သူ အသက် (၂၃)နှစ်ရှိ ဆာဂျီယိုအဂူရိုနှင့် မန်စီးတီးအသင်းတို့သည် ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုမည် ဖြစ်ပြီး မန်စီးတီးအသင်းအနေဖြင့် အဆိုပါ ကစားသမားကို တစ်ပတ်လုပ်ခ ပေါင် တစ်သိန်းခုနစ်သောင်း ပေးရမည်ဖြစ်သည်။
** ဘောလုံးလောက အပြောင်းအရွှေ့ **
(လန်ဒန်၊ ဇူလိုင်လ ၂၇ ရက်)
ဘွန်ဂါနီကူမာလို (စပါးမှ ရီဒင်း)၊ ဒင်နီရယ်ဂက်ဘ်ဘီဒန် (၀က်စ်ဟမ်းမှ ကျူပီအာ)၊ ကာဆာမီ (ပါလာမိုမှ ဖူလ်ဟမ်)၊ ဒေးဗစ်စတော့ဒေးလ် (ဖူလ်ဟမ်မှ အစ်ဆွစ်ခ်ျတောင်း)၊ ကင်နီမေလ်လာ (ဘူဆာစပေါမှ ကာဒက်ဖ်စီးတီး)နှင့် ဂျေးအင်မင်နျူရယ်သောမစ် (အာဆင်နယ်မှ အစ်ဆွစ်ခ်ျတောင်း)တို့ပင် ဖြစ်သည်။
** စုစည်းဘာသာပြန်- ဟန်သစ် **

No comments:
Post a Comment