မင်္ဂလာသတင်းပါခင်ဗျာ။ ဩဂုတ်လ ၁ ရက်နေ့က ပျောက်ဆုံးသွားတဲ့ အလုပ်သမားတဦးဖြစ်သူ {မောင်မျိုးမင်းလတ် - ၁၆ နှစ်} ဟာ အဲဒီနေ့ မနက် ၀၇း၀၀ နာရီလောက်တုန်းက ဘီဘီပီ အမှတ် ၂ အထည်ချုပ်စက် ရုံမှာ အတူလုပ်ကိုင်နေသူ {မျိုးမင်းထွေး - ၂၁ နှစ်ခန့်} ရဲ့ ခေါ်ဆောင်သွားမှုကြောင့် အမဖြစ်သူ (…..) က ဘယ်ရောက်လို့ ဘယ်ပျောက်မှန်းမသိ ဖြစ်ခဲ့ရပါတယ်။ အဲဒါနဲ့ပဲ နီးစပ်ရာ မိတ်ဆွေတွေ။ လုပ်ဖေါ်ကိုင်ဖက်တွေက အကြံပေးတာကြောင့် မြန်မာပြည်သားအဖွဲ့ (ခေါ်) မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီ (JACBA) ဆီ ကို ဆက်သွယ် အကူအညီတောင်းခံခဲ့ပါတယ်။ (JACBA) ကလည်း သေချာအောင်လို့ အမဖြစ်သူနဲ့အတူ မဲဆောက် ရဲစခန်း နှစ်ထပ်အချုပ်ခန်း။ ကောင်လေးသွားတတ်ရာ စက်ရုံ အလုပ်ရုံအချို့ကို ဩဂုတ်လ ၂ ရက်နေ့မှာ ကွင်းဆင်းစုံ စမ်းခဲ့ပါတယ်။ ဒါ့အပြင် မက်(ပ်) ဖောင်ဒေးရှင်း ရေဒီယိုကနေလည်း မွန်းလွဲ ၁ နာရီခန့်မှာ ကြားဖြတ် ကြော်ငြာအနေနဲ့ လူပျောက် ကြော်ငြာကို ၃ ကြိမ်တိုင်တိုင် ကျေညာပေးခဲ့ပါတယ်။ ဒီလိုနဲ့ မရှိတာ သေချာပြီဆိုတော့မှ ဩဂုတ်လ ၃ ရက်နေ့မှာ (JACBA) အဖွဲ့က မိမိတို့ရဲ့ မဟာမိတ် အဖွဲ့အစည်းကြီးဖြစ်တဲ့ ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ ဥပဒေ အထောက်အကူပြုဌာန (LLC) ဆီကို အမဖြစ်သူကို ခေါ်ဆောင်သွားပြီး မဲဆောက်ရဲစခန်းကို တိုင်ချက်ဖွင့်ခဲ့ပါတယ်။ ဟော…မနေ့ကပဲ မဲဆောက်ရဲစခန်းမှာ တိုင်ချက်ဖွင့်လိုက်တယ်။ တချိန်တည်းမှာပဲ မဲဆောက်မြို့က လူစည်ကားရာ လက်ဖက်ရည်ဆိုင်များ။ စားသောက်ဆိုင်များ။ အရပ်ရှစ်မျက်နှာက စက်ရုံ အလုပ်ရုံ လုပ်ငန်းခွင်များဆီကို ဟောဒီဓာတ်ပုံပါ လူပျောက်ကြော်ငြာကို တခါတည်း ကမ်းထည့်လိုက်တာ …. အားပါးပါး ဒီကနေ့များဆိုရင် ပျောက်ဆုံး သူမောင်လေးနဲ့ ရှာဖွေနေသူ မမတို့ ပြန်လည်ဆုံတွေ့ကြပြီလေ….
မိတ်ဆွေအလုပ်သမားများခင်ဗျား ….
ခင်ဗျားတို့ရဲ့ တဆင့်စကား တဆင့်အကြားကပဲ မောင်းတီးကောင်းတာလား
မက်(ပ်) ဖောင်ဒေးရှင်း ရေဒီယိုကပဲ ကြော်ငြာကောင်းတာလား
ဝမ်းတီးတူးကော် လက်ဖက်ရည်ဆိုင်တွေကပဲ ဗျို့ဟစ်ကောင်းတာလား
မဲဆောက် ရဲစခန်းက ကိုရွှေ ပုလိပ်တွေကပဲ အလိုက်ကောင်းတာလား
လား…လား …. လား …. လား ….လား …..လား
အားပါးပါး ….. အခုများမှာတော့ မမနဲ့ မောင်လေး ဆုံတွေ့ခန်းလေးက ကြည်နူးစရာ…။
*အဲဒါပြောတာပေါ့ ….
တယောက်တလက် တအားဆိုတာ
ထက်မြက်တဲ့ဓား
သွက်လက်တဲ့မြား…ပဲဆိုတာ ကျနော်တို့ မြန်မာပြည်သားအဖွဲ့က ၀ံ့ကြွားစွာပြောနေရတာပေါ့။
သတင်းမှတ်တမ်း - သောင်ရင်းနဂါး (မြန်မာပြည်သား)

No comments:
Post a Comment