တစ်ခါတစ်ခါ သူပျင်းသည်။ မကြာမကြာ သူပျင်းသည်။ အခါခါ သူပျင်းသည်။ တအာအာ သူပျင်းသည်။ သို့သော် ပျင်းသည်ကို ပျင်းသည်ဟု ပြောလျှင် သူမကြိုက်။ ဟိုဟို ဒီဒီ ဆင်ခြေ ပေးတတ်သည်။ ထိုထို ဤဤ အထင်တွေ ပေးတတ်သည်။ ပျင်းလိုက် တင်းလိုက် ဆင်ခြေပေးလိုက် အထင်တွေ ပေးလိုက်ဖြင့် သူ့ နေ့တဓူဝကို လွယ်လင့်တကူ ဖြတ်သန်းစေတတ်သည်။ ဖောဖောသီသီ နေ၀င်နေထွက်ခြင်းကို ခွင့်ပြုတတ်သည်။ တစ်နေကုန်တိုင်း စာရင်းချုပ်ကြည့်လိုက်တော့ ဘာအမြတ်ကျန်သနည်း။ ကုသိုလ် ဥစ္စာ ပညာ တန်ခိုး။ နိုး နိုး နိုး။ ဒီပုံစံနဲ့ဆို ဂိုးပြတ်သွင်း ခံရချေသေးတော့သည်။ ချမ်းသာလိုက်သည့် အချိန်တွေပါတကား။
ဒီပုံစံနဲ့တော့ မဖြစ်ချေသေး။ ကဲ... သူကြီးမင်း လိုက်ဆိုစမ်း (သူ့ဖာသာ သူပြောခြင်းဖြစ်သည်)။ ဟုတ်ကဲ့။ သုံးခေါက် တိတိ လိုက်ဆို။ ဟုတ်ကဲ့။ နေ့တိုင်း ကိုယ်ပိုင် မိုတို အနေနဲ့ ရွတ်ဆို။ ဟုတ်ကဲ့။ ပြီးရင် ရွတ်ဆိုတဲ့ အတိုင်း လိုက်နာ ကျင့်သုံး၊ ဟုတ်ပြီလား။ ဟုတ်ကဲ့။
"ငါသည်"
"ငါသည်"
"ဘိလပ်သို့ ပညာသင်ဖို့ ရောက်လာသည်"
"ဘိလပ်သို့ ပညာသင်ဖို့ ရောက်လာသည်"
"ပျင်းနေ၍ မဖြစ်"
"ပျင်းနေ၍ မဖြစ်"
"ပျင်းရင် ဖျင်းလိမ့်မည်"
"ပျင်းရင် ဖျင်းလိမ့်မည်"
"အလကား နေ၍ မဖြစ်"
"အလကား နေ၍ မဖြစ်"
"အလကားနေရင် အလကား လူ ဖြစ်လိမ့်မည်"
"အလကားနေရင် အလကား လူ ဖြစ်လိမ့်မည်"
"ထို့ကြောင့် ပညာကို မနားမနေ ကြိုးစားသင်ယူမည်"

("သန္နိဋ္ဌာန်")
("သန္နိဋ္ဌာန်")
ဤသို့ဤနှယ် သူ့ကိုယ်သူ နှစ်ကိုယ်ခွဲကာ ကိုယ်ပိုင် မိုတိုလေးကို သုံးခေါက်တိတိ သံန္နိဋ္ဌာန်ချ ကြွေးကြော်ပြီးနောက် သူ့ဝသီအတိုင်း ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ တနေကွယ် အစချီ ဒွေးဆစ်ကလေးအား သူ့ရင်တွင်းဖြစ်သို့ ဆွဲငင်ယူလိုက်လေတော့သတည်း။
ကုဋေကြွယ်*
မြေ*၀ယ်*ဖို့ လာကာ မြူး။
တွေ့တော့ကာ ၀ယ်ဘူးပြင်ပါနဲ့
ကုဋေကြွယ်တာ အသာထားရင်ဖြင့်
(မြေ၀ယ်တာ အခါခါမှားပါလိမ့်)
မြေယာဝယ် တကယ်မှားပါလိမ့်
အား မကျဘူး*။
(ကိုကိုမောင်၊ ၀၇၊၀၇၊၂၀၁၁ ဗုဒ္ဓဟူး)
ခက်ဆစ်
*ကုဋေကြွယ် = အချိန်ပေါကြွယ်ဝခြင်း
*မြေ = ရည်မှန်းချက်
*၀ယ် = ကြိုးစားခြင်း
*အားမကျဘူး = အတုမယူသင့်ဘူး။
တနေကွယ်
သေနယ်သို့ တခါကူး။
မေ့လျော့ကာ သေဘူးထင်ပါနဲ့
နေကွယ်တာ အခါများရင်ဖြင့်
(သေနယ်ရွာ တခါသွားပါလိမ့်)
သေရွာကွယ် တကယ်သွားပါလိမ့်
တားမရဘူး။
(လယ်တီဆရာတော်)
မှတ်ချက်။
ဆရာတော်ဘုရားကြီး၏ ဒွေးဆစ်ကလေးသည် အချိန်နှင့်နေရာအချို့၏ တိုက်စားမှုကြောင့် အသွင်သဏ္ဍာန် အနည်းငယ် ပြောင်းနေသော်လည်း မူရင်းအဓိပ္ပါယ် မပျောက်ပျက်သေးသည်မှာ ၀မ်းသာရမည်ဖြစ်၏။ သေရွာကွယ် တကယ်သွားပါလိမ့်။ သေနယ်ရွာ တစ်ခါသွားပါလိမ့်။ သေနယ်ရွာ တစ်ကြိမ်သွားပါလိမ့် တဲ့။ ဒုတိယအပိုဒ်ရဲ့ တတိယ အကြောင်းမှာ။ ။
.
۩ကိုကိုမောင်(ပန်းရနံ့)

No comments:
Post a Comment