(Indonesia helicopter crash kills 10)
** အင်ဒိုနီးရှား၌ ရဟတ်ရယာဉ်ပျက်ကျ၊ ရွှေမိုင်းတွင်းလုပ်သား ၁၀ ဦးသေဆုံး **
(ဂျကာတာ၊ သြဂုတ်လ ၄ ရက်)
အင်ဒိုနီးရှားနိုင်ငံ မြောက်စူလာဝေစီပြည်နယ်တွင် သြဂုတ်လ ၃ ရက်နေ့က ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ရာ ရဟတ်ယာဉ်ပေါ်လိုက်ပါလာသူ ၁၀ ဦးစလုံး သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှားကယ်ဆယ်ရေးအဖွဲ့များက သြဂုတ်လ ၄ ရက်နေ့၌ ပြောကြားသည်။ ၄င်း ရဟတ်ယာဉ်သည် ရူဒီယန်တိုမြို့ ဒူရာဆူဒါရာတောင်အနီး ပျက်ကျခဲ့ခြင်းဖြစ်ပြီး မြောက်ဆူလာဝေစီပြည်နယ်ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေတွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ (အင်တာနက်)

** ခန်းဝင်ပစ္စည်းများ အဆမတန်ပေးရမှုကြောင့် အိန္ဒိယမိန်းမချောလေးများ အိမ်ထောင်ပြုရန် အခက်ကြုံ **
(နယူးဒေလီ၊ သြဂုတ်လ ၄ ရက်)
အိန္ဒိယအမျိုးသမီးများသည် လှပင်လှငြားသော်လည်း သတို့သားမိသားစုဘက်သို့ ပေးရသော မင်္ဂလာခန်းဝင်ပစ္စည်းများ အဆမတန်များပြားနေခြင်းကြောင့် လက်ထပ်ထိမ်းမြားရန် အခက်ကြုံနေကြရကြောင်း သြဂုတ်လ ၃ ရက်နေ့က အင်တာနက်သတင်းတစ်ရပ်၌ ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံတွင် သတို့သမီးမိသားစုများက သတို့သားမိသားစုများသို့ မင်္ဂလာခန်းဝင်ပစ္စည်းပေးဆောင်ရသည်မှာ ထုံးတမ်းအစဉ်အလာတစ်ရပ်ကဲ့သို့ ဖြစ်နေသည်။ (အင်တာနက်)
** ရုရှားယာဉ်မှူးနှစ်ဦး အာကာသအတွင်းလမ်းလျှောက် **
(မော်စကို၊ သြဂုတ်လ ၄ ရက်)
နိုင်ငံတကာအာကာသယာဉ်စခန်း (အိုင်အက်စ်အက်စ်)သို့ ရောက်ရှိနေသော ရုရှားအာကာသယာဉ်မှူးနှစ်ဦးတို့သည် သြဂုတ်လ ၃ ရက်က နိုင်ငံတကာ အာကာသယာဉ်စခန်းမှ ကီဒါအမည်ရှိ ဂြိုဟ်တုငယ်တစ်လုံးကို ဖယ်ခွာပေးနိုင်ခဲ့သည့်အပြင် အာကာသအတွင်း ခြောက်နာရီကြာမျှ လမ်းလျှောက်ခဲ့ကြကြောင်း မော်စကိုမြို့အနီး အာကာသယာဉ်ထိန်းချုပ်ရေးစခန်းမှ သြဂုတ်လ ၄ ရက်နေ့၌ သတင်းထုတ်ပြန်သည်။ ရုရှားအာကာသယာဉ်မှူးနှစ်ဖြစ်သည့် ဆာဂျီဗိုလ်ကော့ဗ်နှင့် အလက်ဇန္ဒားဆာမိုကော့ယာယက်ဗ်တို့သည် အာကာသအတွင်း လမ်းလျှောက်ရန်သတ်မှတ်ချိန်ထက် မိနစ် ၂၀ နောက်ကျခဲ့ရသည်။ ယင်းမှာ ပြီးခဲ့သည့် ဇန်န၀ါရီလက နိုင်ငံတကာ အာကာသယာဉ်စခန်းသို့ ပေးပို့ထားသော ကီဒါဂြိုဟ်တုမှ အင်တင်နာနှစ်ချောင်းအနက် ပျောက်ဆုံးသွားသော အင်တင်နာတစ်ချောင်းကို ရှာဖွေနေ၍ဖြစ်သည်။ (အင်တာနက်)
** ဖိလစ်ပိုင်အလယ်ပိုင်းနှင့် မြောက်ပိုင်းသို့ မုန်တိုင်းတိုက်ခတ် **
(မနီလာ၊ သြဂုတ်လ ၄ ရက်)
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသတို့တွင် မူအီဖာအမည်ရှိ တိုင်ဖွန်းမုန်တိုင်း သြဂုတ်လ ၃ ရက်နေ့က ၀င်ရောက်တိုက်ခတ်မှုကြောင့် ဒေသခံငါးဦး သေဆုံးပြီး ငါးဦးဒဏ်ရာ ရရှိခဲ့ကြောင်း အိမ်များပျက်စီးခဲ့ပြီး ပြည်သူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ဖိလစ်ပိုင်နိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီက သြဂုတ်လ ၄ ရက်နေ့၌ သတင်းထုတ်ပြန်သည်။ ၄င်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းလျက်ရှိရာ ဘိုဟိုလ်ပြည်နယ်တွင် မြေပြိုမြှုဖစ်ပွားပြီး ကလေးငယ်နှစ်ဦး သေဆုံးခဲ့ရသည်။ (အင်တာနက်)
** ပလတ်စတစ်နှလုံးဖြင့် အစားထိုးကုသမှု ဗြိတိန်၌ ပထမဆုံးအကြိမ်အောင်မြင် **
(လန်ဒန်၊ သြဂုတ်လ ၄ ရက်)
ဗြိတိန်နိုင်ငံ ကင်းဘရစ်ရှိုင်းယားမြို့ ပက်ဝက်(သ်) ဆေးရုံ၌ နှလုံးရောဂါဖြင့် သေလုမျောပါးဖြစ်နေသော အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဦးသည် ပလတ်စတစ်နှလုံးအစားထိုး ကုသမှုခံယူပြီးနောက် ကျန်းမာစွာဖြင့် ဆေးရုံမှ ဆင်းသွားနိုင်ခဲ့ပြီဖြစ်ကြောင်း သြဂုတ်လ ၃ ရက်နေ့ အင်တာနက်သတင်းတွင် ဖော်ပြသည်။ အဆိုပါ အမျိုးသားမှာ မက်သရူးဂရင်းဆိုသူဖြစ်ပြီး ကျောနောက်ဘက်အတွင်း နှလုံးနှိုးစက်ထည့်သွင်းပေးလိုက်ခြင်းဖြင့် ၄င်း၏ ဘ၀သစ်ကို တစ်ဖန်မွေးဖွားပေးလိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ခွဲစိတ်ဆရာဝန် မစ္စတာစတီးဗင်တီဘွိုင်းက ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မိုးမြင့်လင်းလက် **
t

No comments:
Post a Comment