ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, August 3, 2011

တစ်ချိန်က မမေ့နိုင်သော မြန်မာ့ရုပ်ရှင် ဇာတ်ပို့ဇာတ်ရံများ

>

ယနေ့ ကိုရီးယား ဇာတ်ကားများ မြန်မာနိုင်ငံမှာ ခေတ်စားပြီး လူကြိုက် များနေတာ တွေ့ရတော့ ခေတ်ဟောင်း မြန်မာ့ ရုပ်ရှင်များကို သတိရပါတယ်။

ခေတ်ဟောင်း ဆိုတာမှာ လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ ရိုက်တဲ့ ကားများကို ဆိုလိုတာပါ။ ကျွန်တော်တို့က လွတ်လပ်ရေး ရပြီးမှ မွေးတာဆိုတော့ စစ်မဖြစ်မီက ရုပ်ရှင် ကားများကို မမီပါဘူး။ ဒါပေမဲ့ စစ်မဖြစ်မီက ရိုက်ခဲ့တဲ့ ဇာတ်ကားဟောင်းများကို မြန်မာ့ ရုပ်မြင်သံကြားက ပြန်ပြလို့ တချို့တလေတော့ ကြည့်ဖူးတယ်။ ငယ်ငယ်တုန်းကလည်း နယ်ရုပ်ရှင် ရုံတွေမှာ စစ်မဖြစ်မီက ကားတွေ ပြန်ပြတာ ကြည့်ဖူးတယ်။

အသံတိတ် ဇာတ်ကားဟောင်းတွေကိုတောင် တစ်ခါတစ်ရံ ပြန်ပြလို့ ကြည့်ဖူးတယ်။ လွတ်လပ်ရေး ရပြီးစ အချိန်ကတော့ အသံတိတ် အဆိုတော် လက်ကျန်တွေကလည်း ရှိသေးတော့ အသံတိတ် ကားတွေ ပြန်ပြရင် ရှေးက အတိုင်းပဲ တီးဝိုင်းနဲ့ ဇာတ်ကားကို ပို့ပေး နိုင်သေးတာကိုး။ နောက်တော့ အသံ တိတ်ကားတွေ လုံးလုံး ပျောက်သွားတယ်။ အသံထွက် ကားတွေဟာ စစ်မဖြစ်ခင် ကတည်းက ပေါ်ပေါက် ခေတ်စားနေပါပြီ။

အဓိက ပြောချင်တာကတော့ ခေတ်ဟောင်း မြန်မာ့ ရုပ်ရှင်ကားများဟာ ယနေ့ခေတ် ကိုရီးယား ဇာတ်ကားများ ကောင်းသလို ကောင်းခဲ့တဲ့ အကြောင်းပါ။ အဲဒါ ဘာကြောင့်လဲ ဆိုတော့ ဟိုတုန်းက မြန်မာ့ ရုပ်ရှင်ကားတွေဟာ မင်းသား၊ မင်းသမီး တစ်ဦး ကောင်းထားပြီး ရိုက်တာ မဟုတ်ဘူး။ ဇာတ်ပို့ဇာတ်ရံ ကောင်းကြီးတွေနဲ့ သိုင်းဝိုင်းပြီး ရိုက်တော့ ယနေ့ ကိုရီးယားကားများ ကောင်းသလို ကောင်းတာပါ။ ဒါကြောင့် ကျွန်တော်တို့ သိမီသလောက် ဇာတ်ပို့ ဇာတ်ရံကြီးတွေ အကြောင်း ပြောပါရစေ။ ဇာတ်ပို့ကြီးတွေဟာ ၀ါရင့် ပညာရှင်ကြီးတွေ ဆိုတော့ တော်ရုံမင်းသား၊ မင်းသမီးငယ်လေးတွေ ဆိုရင် သူတို့က သယ်ပိုး ဖေးမပြီး ဇာတ်ကို သရုပ်ဆောင် သွားနိုင်တယ်။

ဇာတ်ပို့ ဇာတ်ရံကြီးများ အဖြစ်နဲ့ တစ်သက်လုံး ခိုင်ခိုင်မာမာ အသက်မွေး သွားကြတာပါ။ ဇာတ်ပို့ကြီး ဒေါ်ဂျမ်းစိန် ဆိုရင် ရုပ်ရှင်သက် အလွန် ရှည်ခဲ့ပါတယ်။ နာမည်ရင်းက ဒေါ်စောရင်၊ အေ၀မ်း ရုပ်ရှင် လက်စွဲပေါ့။ ဟို-စစ်မဖြစ်ခင် ကတည်းက ရုပ်ရှင် သရုပ်ဆောင် လုပ်လာတာ။ စစ်ပြီးတော့လည်း ဆက်ပြီး အလုပ် လုပ်နေတာပဲ။ လွတ်လပ်ရေး ရပြီးစ ခေတ်မှာ ရိုက်တဲ့ ရတနာပုံ ရုပ်ရှင်ထဲမှာ ဆိုရင် ၀တ်လုံတော်ရ မောင်ထွန်းမြတ်ရဲ့ အစ်မကြီး နေရာက သရုပ်ဆောင် ခဲ့တာပေါ့။ မောင်ကို ဂရုစိုက်တဲ့ ချစ်တဲ့ အပျိုကြီး အခန်းက သရုပ်ဆောင်တာ အလွန်ပီပြင် လှပါတယ်။

မမထားနဲ့ အပါ ဆိုတဲ့ ဇာတ်ကားမှာတော့ သားကိုချစ်တဲ့ မိခင် နေရာက သရုပ် ဆောင်တော့လည်း ကောင်းတာပါပဲ။ ဒီကားဟာ ဟို-စစ်မဖြစ်မီကတော့ မောင်တင်မောင်၊ မေရှင်တို့ ပါဝင်ခဲ့တဲ့ မြားနတ်မောင် ဆိုတဲ့ ရုပ်ရှင်ကားပါ။ စစ်ပြီးလို့ ပြန်ရိုက်တော့ ညွန့်ဝင်းနဲ့ မြင့်မြင့်ခင် သရုပ်ဆောင်တယ်။ ကျွန်တော်တို့က မမထားနဲ့ အပါ ကိုတော့ မီပါတယ်။ ဒီကားမှာ ဒေါ်ဂျမ်းစိန်ကို သူ့ရဲ့ခင်ပွန်းက အလွန်ချစ်လို့ သူပြောသမျှစကား မှန်တယ်ဆိုပြီး “မစောပြောတာ မှန်တယ်” ဆိုတဲ့ စကား အသုံးလေးဟာ အရပ်ထဲမှာ ခေတ်စားခဲ့ပါတယ်။

ဦးသုခ ရိုက်တဲ့ ဘ၀ သံသရာ ဇာတ်ကားထဲမှာလည်း အဒေါ် နေရာက ပါဝင် သရုပ်ဆောင်တာ ကောင်းတာပါပဲ။ ဦးသုခနဲ့ မေသစ်က မောင်နှမ အဖြစ် သရုပ်ဆောင်တယ်။ မောင်နှမကြားမှာ ၀င်ပြီး ပြောရဆိုရတဲ့ အခန်းတွေဟာ သရုပ် ပီပြင်လှပါတယ်။ မောင်နှမ နှစ်ယောက်နဲ့ အတူ ထမင်းစားဝိုင်းမှာ မောင်က နှမကို ကြက်အသည်းလေး ထည့်ပေးလိုက်၊ နှမက မစားရက်လို့ မောင်ကို ပြန်ထည့်ပေးလိုက်။ မောင်က နှမကို ပြန်ထည့်ပေးလိုက် လုပ်နေတုန်း ဒေါ်ဂျမ်းစိန်က ကြားကယူပြီး “ငါပဲ စားလိုက်မယ်ကွယ်”ဆိုတဲ့ အခန်း ဟာ မောင်နှမ နှစ်ယောက်ကြားက အချစ်ကို စိတ်ထိခိုက် သွားစေတဲ့ သရုပ်ဆောင်မှုပါ။ ဒေါ်ဂျမ်းစိန်ဟာ ဇာတ်ကား တော်တော်များများ သရုပ် ဆောင်ခဲ့ပါတယ်။ ရုပ်ရှင်သက် အလွန်ရှည်ပါတယ်။ မျက်နှာဝိုင်းဝိုင်း ဖြူဖြူခံ့ခံ့ကြီး အလွန် ကျက်သရေ ရှိတာကိုး။ မင်းကတော်ကြီး အခန်းက သရုပ်ဆောင်တော့လည်း ကောင်းတာပဲ။ ဆင်းရဲတဲ့ အခန်းက သရုပ် ဆောင်တော့လည်း ပီပြင်တာပဲ။ တကယ့်ကို ဇာတ်ပို့ကောင်းတဲ့ မင်းသမီးကြီး တစ်ဦးပါ။

နောက် ဇာတ်ပို့ဇာတ်ရံ မင်းသမီးကြီး တစ်ဦးကတော့ ဒေါ်မြလေးပါ။ ဒေါ်မြလေး က မိန်းမကြမ်း နေရာက သရုပ်ဆောင် ရတာ များတယ်။ ဟို-စစ်မဖြစ်မီကတော့ မိန်းမကြမ်း မြလေးလို့ ခေါ်ကြတယ်။ လူကြမ်း လှမောင်ကြီးနဲ့ အတွဲ အလွန်ညီတယ်။ ပိန်ပိန်ပါးပါးပဲ။ သူ့အသံက တစ်ဘာသာပဲ။ နှာသံလေးနဲ့။ အေ၀မ်းက ရိုက်တဲ့ ရတနာပုံ ဇာတ်ကားမှာလည်း ပါတာပေါ့။ ပွဲကြည့် ပရိသတ် အလွန်အမြင် ကတ်ပြီး မုန်းလောက် အောင် သရုပ်ဆောင် နိုင်ပါတယ်။ လွတ်လပ်ရေး ရပြီး နောက်ပိုင်းခေတ်မှာ စုန်းတစ္ဆေ နတ်သမိုင်းကားတွေ ခေတ်စားခဲ့ ဖူးတယ်။ ၁၉၆၀ ခုနှစ်လောက်ကပေါ့။ စုန်းတစ္ဆေ ကားတွေမှာ ဆိုရင် ဒေါ်မြလေးက ကဝေမကြီး နေရာက အမြဲတမ်း သရုပ်ဆောင် ဘွဲ့ကို ကန်ထရိုက် ယူထားသလား အောက်မေ့ရတယ်။ ကဝေမကြီး နေရာက သူပဲ အမြဲတမ်း သရုပ်ဆောင်တာပေါ့။ သူနဲ့ ကဝေမကြီး စရိုက်ကလည်း တယ်ပြီး လမိုင်းကပ်တာကိုး။ နောင်တော့ အသက်အရွယ် ရလာလို့ သရုပ်ဆောင်ပိုင်းမှာ ဟာသ နေရာကို လိုင်းပြောင်း သွားတယ်။

အေ၀မ်းရုပ်ရှင်က ရိုက်တဲ့ နှစ်မြွှာအသည်း ရုပ်ရှင်ကားမှာ ဆိုရင် စန္ဒာနှစ် ကိုယ်ခွဲကို ဇာတ်ပို့ပြီး သရုပ်ဆောင် သွားခဲ့တာ မမေ့နိုင်အောင်ပါဘဲ။ အဲဒီ ဇာတ်ကားမှာ သူ့ရဲ့လက်သုံးစကား ဖြစ်တဲ့ “ပြောကို မပြောချင်တော့ဘူး”ဆိုတဲ့ ပွဲကျ စကားလုံး ကလေးဟာ အရပ်ထဲမှာကို ပျံ့သွားပါတယ်။ မင်းသား၊ မင်းသမီးကို အလွန်ဇာတ်ပို့ ကောင်းတဲ့ သရုပ်ဆောင်ကောင်းကြီးတွေပါ။

ဟို-စစ်မဖြစ်မီက ခင်မောင်ရင်နဲ့ မေမေ၀င်း ပါတဲ့ ဗိုလ်အောင်ဒင် ကားမှာ ဆိုရင် မိန်းမကြမ်း မသိန်းရင်က ဇာတ်ပို့ကောင်းတဲ့ မိန်းမကြမ်း တစ်ယောက်ပါ။

မသိန်းရင်က မျက်နှာ အမူအရာ ကောင်းတယ်။ မျက်လုံးလေး စွေကြည့်ပြီး တစ်ပါးသူကို မလိုတမာ လုပ်တဲ့ အခန်းဆို သိပ်ကောင်းတာပေါ့။ သူနဲ့ အတွဲလူကြမ်း ရာမဆိုတာလည်း တော်တာပဲ။ ဒေါ်ဖွားနှစ် မိန်းမလည် သိန်းကြွယ်တို့လည်း မသိန်းရင်နဲ့ မိန်းမကြမ်း အတွဲတွေပေါ့။ ဒေါ်ဖွားနှစ်က သူတို့ အထဲမှာ အသက်နည်းနည်း ပိုကြီးတယ်။ မျက်မှန်ကြီး တပ်ပြီး အတင်းပြောတဲ့ အခန်း၊ တစ်ပါးသူကို မတရားကြံတဲ့ အခန်းတွေမှာ ပရိသတ်က ရုပ်ရှင်ကြည့်ရင်း ကော်ဆဲလောက် အောင် တော်ကြပါတယ်။

စစ်ပြီးဒီဘက် ပိုင်းမှာ ဒေါ်ဖွားနှစ်ကြီး ပြဇာတ်တွေထဲ မှာပါသေးတယ်။ လွတ်လပ်ရေးရပြီး ခေတ်မှာ ရိုက်တဲ့ရုပ်ရှင်တွေမှာ လူကြမ်း သိမ်းမောင်ကြီးလည်း ကောင်းတာပဲ။ နောင်တော့ လူကြီး သရုပ်ဆောင် ဦးသိမ်း မောင်ရယ်လို့ ဖြစ်သွားတယ်။ စကား ပြောသော အသည်းနှလုံး ဇာတ်ကားမှာ ဆိုရင် ကြည်ကြည်ဌေးနဲ့ အပြိုင်ကောင်းတာ။ မိဘ မေတ္တာကို ပရိသတ် မျက်ရည် ကျလောက်အောင် အပြောကောင်း၊ သရုပ်ဆောင် ကောင်းလို့ အကယ်ဒမီတောင် ရသွားတာပဲ။ ဒါရိုက်တာက ဦးသုခပါ။ ဟို-စစ်မဖြစ်မီကတော့ အသံ တိတ် ရုပ်ရှင်ခေတ်မှာ မြိုင်ရာဇာ ဖိုးစောကြီး ဆိုတာလည်း အလွန်တော်တဲ့ လူကြမ်း သရုပ်ဆောင်ပဲ။ မြဂနိုင် ဇာတ် ကားမှာ ပါတာပေါ့။ အသံတိတ်ခေတ် ကတော့ အသံ မပါလို့ သရုပ်ဆောင်တဲ့ အပိုင်းမှာ အမူအရာတွေဟာ ပိုပိုမိုမို သရုပ်ဆောင ရတာကလား။ အသံထွက် ခေတ်ရောက်တော့မှ ရုပ်ရှင် သရုပ်ဆောင် တွေရဲ့ အမူအရာတွေဟာ သဘာဝ ဘက်ကို တော်တော် ရောက်လာရတာပါ။ ဇာတ်ပို့ဇာတ်ရံ ဆိုတဲ့အတိုင်း ဇာတ်ကို ကောင်းအောင်၊ ဇာတ်လိုက်မင်းသား မင်းသမီးကို သရုပ်ဆောင်ကွက် ပီပြင်အောင် ပို့ပေးနိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ ဇာတ်ရံကြီးတွေပါ။

လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ ထွက်ခဲ့တဲ့ မြန်မာ့ ရုပ်ရှင်ကားတွေဟာ အရည်အသွေး တိုးတက်လာပါတယ်။ လူကြမ်းတွေကလည်း လူကြမ်း ဆိုပေမယ့် သဘာဝ ကျအောင် အလွမ်းအဆွေး တွေကို ပီပြင်အောင် သရုပ်ဆောင် နိုင်လာပါတယ်။ လူကြမ်း သရုပ်ဆောင် ဦးကျော်သောင်းကြီးဆိုလည်း တော် တာပါပဲ။ ဖြေလျော့ခွေ ရုပ်ရှင်ကားမှာ ချိုင်းထောက်ကြီးနဲ့ ဒုက္ခိတ အသွင် သရုပ်ဆောင်တာ ပီပြင်လှပါတယ်။ ဆင်းရဲသား လူတန်းစား အလုပ်သမား ဘက်က သရုပ်ဆောင်မှုတွေဟာ အလွန် ထိမိတာကလား။ မမေ့နိုင်ပါဘူး။ လူကြမ်းသရုပ်ဆောင် ဦးကျောက်လုံး ဆိုတာလည်း တော်တာပဲ။ မန္တလေး ရုပ်ရှင် ဤလူ့ဘောင်တွင် ဇာတ်ကားက စပြီး ရုပ်ရှင် သရုပ်ဆောင် ဖြစ်လာတဲ့ မန္တလေးသား တစ်ဦးပါ။ သူကျတော့ ပြုံးပြုံးလေးနဲ့ လေအေးအေးလေး ပြောပြီး တစ်ဖက်သားကို ချောက်ကျအောင် လုပ်တာ။ လူကြမ်း ဆိုပေမယ့် အသတ် အပုတ်တွေ တယ်ပြီး မများပါဘူး။ လေနဲ့ဟန်နဲ့ သရုပ်ဆောင်တာ များတယ်။ တစ်ဦးနဲ့ တစ်ဦးရဲ့ အသံနဲ့ လေဟာလည်း ကွဲပါတယ်။ ကိုယ်ပိုင်ပင် ကိုဟန်တွေ ရှိပါတယ်။

အဲဒီအချိန်က တော့ စာနယ်ဇင်းတို့၊ သတင်းစာတို့မှာ ရှင်လုံးတို့၊ စိန်ခင်မောင်ရီ၊ ဦးမောင် မောင်(ရန်ကုန်)တို့ကလည်း ရုပ်ရှင်ဝေဖန် ရေးတွေ ရေးကြတာကိုး။ ဒီတော့ ရုပ်ရှင် ကုမ္ပဏီတွေက သူ့ထက်ငါ ကောင်းအောင်ရိုက်တယ်။ သရုပ်ဆောင်တွေက ပီပြင်အောင် သရုပ်ဆောင်ကြတယ်။ လွမ်းစရာပါ။

အမျိုးသမီး ဇာတ်ပို့ထဲက ဒေါ်ခင် ညွန့်ဆိုလည်း အလွန်တော်တဲ့ လူကြီး သရုပ်ဆောင်ပါ။ မင်းကတော် စိုး ကတော်ခန်း ဆိုရင် အလွန်ဂိုက်ဆိုက် ကောင်းတာပေါ့။ ရွှေမျက်မှန်ကြီး တ၀င်းဝင်း၊ ဘီဆံထုံးကြီးနဲ့။ မာန ကြီးတဲ့အခန်းမျိုးတွေမှာ အလွန်ပိုင်တာ ပဲ။ ဒါပေမဲ့ ဒေါ်ခင်ညွန့်ဟာ အလွမ်း အဆွေးနဲ့ ဆင်းရဲတဲ့ အခန်းကျတော့ လည်း တော်ပြန်ရော။ ရှုမ၀ရုပ်ရှင်က ရိုက်တဲ့ ဒါရိုက်တာဦးကျော်ရဲ့ ရင်ဝယ် တသိမ့်သိမ့်မှာ ဒေါ်ခင်ညွန့် သရုပ် ဆောင်ပုံကလည်း ထိမိလှပါတယ်။ ဒီကားမှာ မြေးမလေး စန်းစန်းအေးက စန္ဒရားတီးချင်တယ် ဒါပေမဲ့ ဆင်းရဲလို့ ၀ယ်မပေးနိုင်ဘူး။ ဒီတော့ အဘွားဖြစ်တဲ့ ဒေါ်ခင်ညွန့်က သူ့ရဲ့ မျက်နှာကြီး တူမတွေ အိမ်က ပတ္တလားကြီးကို တောင်းပြီး ရွက်လာတယ်လေ။ သရုပ် ဆောင်ကွက် ကောင်းလွန်းလို့ မျက်စိထဲက ယနေ့ထိ မထွက်ဘူး။ ဒေါ်ခင်ညွန့် လည်း အကယ်ဒမီ ရဖူးပါတယ်။

ဒေါ်ခင်ညွန့်ရဲ့ ညီမ သီတာခင်ထွေးလည်း လူကြီး သရုပ်ဆောင်ခန်းမှာ တော်တဲ့ သူတစ်ဦးပါပဲ။ မနုဆိုရင် မိန်းမ ထိန်းအခန်းက အလွန် ပိုင်တာပေါ့။ တစ်ခါတလေ နတ်ကတော် လုပ်ရတယ်လေ။ ပြောမယ် ဆိုရင်တော့ ဟိုတုန်းက ရုပ်ရှင်ဇာတ်ပို့ သရုပ်ဆောင်တွေဟာ ပီပီပြင်ပြင် သရုပ်ဆောင် နိုင်ပါတယ်။ မင်းသား၊ မင်းသမီးကိုလည်း ပိုပြီး ကောင်းအောင် ပို့ပေးနိုင်တယ်။ ယုတ်စွအဆုံး အိမ်ဖော် အိမ်စေလုပ်တဲ့ သရုပ် ဆောင်တောင် ကျရာ ဇာတ်ရုပ်ကို ပီပြင်အောင် လုပ်သွားနိုင်တာပဲ။ ရုပ်ရှင်ဇာတ် ကားတွေမှာပါတဲ့ လူရွှင်တော်တွေ ကလည်း ဇာတ်ကို မအီအောင်၊ မအိုင်အောင် သူ့နေရာနဲ့သူ သယ်ပိုးသွားနိုင် တယ်မို့လား။

ဟို-စစ်မဖြစ်မီကတော့လူရွှင်တော် တွေဖြစ်တဲ့ အေ၀မ်းရုပ်ရှင်က ဖူးကြီး၊ စိုင်တမော့။ (စစ်ပြီးတော့ စိုင်လေးဆိုပြီး ပေါ်လာတယ်။) ရွဲ့ကြီး၊ ဦးသာဂေါင်တို့ဟာ အလွန်တော်တယ်။ စစ်ပြီးတော့ ချစ်မောင်၊ မြင့်ဖေ၊ သန်းနွဲ့တို့အတွဲဟာ အလွန်တော်တယ်။ ဒါရိုက်တာ လုပ်နိုင်တဲ့ အဆင့်တောင် ရှိတယ်။ ပြဇာတ်တွေ မှာလည်း ၀င်ကကြတာပဲ။ ကြယ်နီ၊ မစိန်ခင် ဆိုရင် တကယ့်လင်မယားလား မှတ်ရအောင် အတွဲ ညီလှပါတယ်။ နောက်တော့ ဂျော်လီဆွေ ဆိုတာ ပေါ်လာတယ်။ သူလည်း ကောင်းတာပဲ။ ကျော်တာပဲ။ သား ဗိုလ်အောင်ဒင် ဇာတ်ကားမှာ ဆိုရင် မင်းသားကျော်ဆွေကို ကောင်းကောင်း ဇာတ်ပို့ပေးနိုင်တဲ့ လူရွှင်တော်ပေါ့။ ဒါပေမဲ့ ဟိုတုန်းက လူရွှင်တော်တွေက ပရိသတ်ကို ရယ်အောင် အတင်း ကလိထိုးပြီး ရယ်ခိုင်းတာ မဟုတ်ဘူး။ သဘာဝ ကလေးနဲ့ ဟာသကို ရောစွက်ပြီး ရယ်ရအောင် လုပ်တာ။ ဟန်အမူအရာနဲ့ကို ရယ်ရတာ။ သရုပ် ဆောင်တဲ့ နေရာမှာ ပျာယာခတ် မနေဘူး။ သဘာဝ ကျကျနဲ့ ရယ်ရတာ။

ယနေ့ မြန်မာ့ ရုပ်ရှင်တွေမှာ မင်းသား၊ မင်းသမီးကိုပဲ ဦးစားပေး ရိုက်ရတာမို့လား။ ဇာတ်ပို့၊ ဇာတ်ရံ၊ လူရွှင်တော် ဆိုတာက ဖြစ်သလို လုပ်နေရတော့တယ်။ လူကြီး သရုပ်ဆောင် ဆိုရင်လည်း မင်းသမီးကျ၊ မင်းသားကျတွေက လူကြီးခန်း ၀င်ပြီး အဖေ၊ အမေ လုပ်နေရတော့ သရုပ်ဆောင်မင်းသား၊ မင်းသမီးနဲ့ အရွယ်ချင်းကလည်း သိပ်မကွာ၊ ဒီအထဲမှာ အဖေ၊ အမေ ဆိုပေမယ့် မင်းသား၊ မင်းသမီးနဲ့အပြိုင်လို ခြယ်သ ၀တ်ဆင်ထားတော့ ကြည့်ရတာ ပေါ့ပြက်ပြက်ပေါ့။ ဟိုတုန်းက လူကြီးခန်း သရုပ်ဆောင်ကြီးတွေ ဆိုရင် ခံ့ခံ့ညား ညားပေါ့။ အေ၀မ်းက ဦးထွန်းတင်တို့၊ ဦးဖိုးသောင်းတို့ ဆိုရင် တယ်ခံ့တာကိုး။ ရတနာပုံ ဇာတ်ကားမှာ သရုပ်ဆောင် သွားတဲ့ ဦးထွန်းတင် ဆိုရင် သမီး ခင်စိန်ကြည်ကို ချစ်လွန်းလို့ စီးပွား ပျက်နေတာကိုတောင် သမီးမသိအောင် ဟန်ဆောင်ပြီး နေထိုင် သွားပုံဟာ သရုပ်ပီပြင် လှပါတယ်။

ဟိုတုန်းက ရုပ်ရှင်ဇာတ်ပို့ ဇာတ်ရံတွေ အကြောင်းကတော့ ပြော မကုန်ပေါ့။ မှတ်မိသရွေ့ ပြောရတာ၊ အများကြီး ကျန်သေးတာပေါ့။ ဒါပေမဲ့ အဓိက ပြောချင်တာကတော့ ရုပ်ရှင် ဇာတ်ကားကောင်း တစ်ကား ဖြစ်ဖို့ဆိုတာ မင်းသား၊ မင်းသမီး တစ်ဦးကောင်း ရိုက်လို့ မရဘူး။ ဇာတ်ပို့ဇာတ်ရံ တွေ ကောင်းမှ ဖြစ်တာ မဟုတ်လား။ ဒါကြောင့် တစ်ချိန်က မြန်မာ့ရုပ်ရှင် ဇာတ်ပို့ဇာတ်ရံ ကောင်းများကို ယနေ့တိုင် မမေ့ နိုင်ကြောင်းပါဗျာ။

**သစ္စာမေတ္တာ ကိုကိုအောင်**
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၁)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)