(Indonesia receives six MI 17 helicopters from Russia )
**ရုရှားအမ်အိုင် - ၁၇ ရဟတ်ယာဉ်ခြောက်စင်း အင်ဒိုနီးရှားအစိုးရ ၀ယ်ယူ**
(ဂျကာတာ၊ သြဂုတ် ၂၇)
အင်ဒိုနီးရှားတပ်မတော်က ရုရှားလုပ် အိမ်အိုင်-၁၇ ရဟတ်ယာဉ် နောက်ထပ်ခြောက်စင်းကို သြဂုတ် ၂၇ ရက်၌ ၀ယ်ယူလက်ခံရရှိကြောင်း၊ နောက်ထပ်အဆိုပါ အမျိုးအစားရဟတ်ယာဉ် ခြောက်စင်းကိုလည်း ၀ယ်ယူရန်အမှာပို့ထားကြောင်း သိရသည်။ ယခုအခါ အင်ဒိုနီးရားနိုင်ငံ၌ ဘက်စုံသုံးရဟတ်ယာဉ် စုစုပေါင်း ၁၈ စင်းရှိသွားပြီဖြစ်ကြောင်း အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ပါနိုမိုက သြဂုတ် ၂၇ ရက်၌ ပြောကြားသည်။ အင်ဒိုနီးရှားနိုင်ငံသည် ပြီးခဲ့သည့်နှစ်က ၀ယ်ယူခဲ့သည့် အမ်အိုင်-၁၇ ရဟတ်ယာဉ် ခြောက်စင်းကိုလည်း ကာကွယ်ရေးနှင့် စစ်ဆင်ရေးလုပ်ငန်းများ၌ သုံးစွဲလျက်ရှိသည်။ အင်ဒိုနီးရှားနိုင်ငံက အမ်အိုင်-၁၇ ရဟတ်ယာဉ်များအပြင် အမ်အိုင်-၁၅ လက်နက်ကိုင်နှိမ်နင်းေ၇း ရဟတ်ယာဉ်ငါးစင်းကိုလည်း အသုံးပြုလျက်ရှိသည်။ အင်ဒိုနီးရှား အစိုးရအနေဖြင့် ယခုနှစ်၌ စစ်ပစ္စည်းအမေရိကန်ဒေါ်လာ ၅၆ သန်း ဖိုးဝယ်ယူရန် လျာထားသတ်မှတ်ထားသည်ဟု ဆိုသည်။ (အင်တာနက်)
**အမေရိကန်နိင်ငံသို့ အီရီနေမုန်တိုင်း ၀င်ရောက်တိုက်ခတ်**
(၀ါရှင်တန်၊ သြဂုတ် ၂၇)
အီရီနေဟာရီကိန်းမုန်တိုင်းသည် ဟေတီနှင့် ဒိုမီနီကန်နိုင်ငံများသို့ ပြီးခဲ့သည့်ရက်များက ၀င်ရောက်တိုက်ခတ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံအရှေ့ဘက်ကမ်းခြေဒေသများသို့ သြဂုတ် ၂၇ ရက်နံနက်က ၀င်ရောက်တိုက်ခတ်၇ာ နေအိမ်အချို့ပျက်စီးပြီး လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းကာ ဒေသခံနှစ်သန်းကျော် ဘေးကင်းရာသို့ရွှေ့ပြောင်းခဲ့ရသည်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် နယူးယောက်မြို့မြေအောက်ရထားများ ရပ်ဆိုင်းခဲ့ရသည်။ မြောက်ကာရိုလိုင်းနားပြည်နယ်တွင်လည်း ဒေသခံများဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ပြီး အိမ်နှင့်အဆောက်အအုံအမိုးများပျက်စီးကာ သစ်ပင်များ လဲပြိုကျခဲ့သည်။ တစ်နာရီ မိုင် ၉၀ နှုန်းခန့်တိုက်ခတ်သောမုန်တိုင်းဒဏ်ကြောင့် အရေးပေါ်သတိပေးချက်များထုတ်ပြန်ထားပြီး နယူးဂျာစီပြည်နယ်မှ ပြည်သူ ၂၀၀၀၀၀ နှင့် ဒီလာဝါရီပြည်နယ်မှ ပြည်သူ ၁၀၀၀၀၀ ခန့်အပါအ၀င် ပြည်သူ ၂ ဒသမ ၃ သန်းခန့်အား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ (အင်တာနက်)
**ခရီးသည်ပိုတင်ထားသည့် ကူးတို့ယာဉ် အင်ဒိုနီးရှားနိုင်ငံ၌ နစ်မြုပ်၊ ၁၀ ဦးသေဆုံး**
(ဂျကာတာ၊ သြဂုတ် ၂၇)
အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းကမ်းလွန်တွင် သြဂုတ် ၂၆ ရက် နံနက်စောစောပိုင်းက ကူးတို့ယာဉ်တစ်စင်းနစ်မြုပ်ခဲ့ရာ ၁၀ ဦးသေဆုံးပြီး ၉၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အင်ဒိုနီးရှားရဲ့တပ်ဖွဲ့က သြဂုတ် ၂၇ရက်၌ ပြောကြားသည်။ ၄င်းကူးတို့ယာဉ်မှာ ဘာဂျိုဘွန်းမြို့မှ ကိုလာကာမြို့သို့ ခုတ်မောင်းလာစဉ် ဆူလာဝေစီပြည်နယ်တောင်ပိုင်းကမ်းလွန်၌ ရေလှိုင်းကြီးများရိုက်ခတ်ခံရမှုကြောင့် နစ်မြုစ်ခဲ့ခြင်းဖြစ်သည်။ ကူးတို့ယာဉ်နစ်မြုပ်ချိန်တွင် ခရီးသည်အများစု အိပ်ပျော်နေချိန်ဖြစ်သည်။ သင်္ဘောတင်စာရင်းအရ ကူးတို့ယာဉ်ပေါ်တွင် ခရီးသည်ဦးရေမှာ ၅၇ ဦးရှိပြီး ကူးတို့ယာဉ်ဝန်ထမ်း ၂၀ ဟုဖော်ပြထားသော်လည်း ၄င်းကူးတို့ယာဉ်ပေါ်၌ ခရီသည် အဆမတန် ပိုတင်ထားခဲ့ခြင်းဖြစ်ရာ ခရီးသည်ဦးရေ အတိအကျမသိရှိရသေးချေ။ အဆိုပါ ကူးတို့ယာဉ်နစ်မြုပ်ရာသို့ သင်္ဘောခြောက်စင်းနှင့် အမြန်ရေယာဉ်တစ်စင်းတို့ သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ပျောက်ဆုံးနေသူများကို ရှာဖွေလျက်ရှိသည်။ နစ်မြုပ်ခဲ့သည့် ကူးတို့ယာဉ်အတွင်း ခရီးသည်များရှိနိုင်သေးကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment