ချစ်ရတဲ့မိန်းမရေ....
မိဘအိမ်မှာ နေရတာကောင်းလား? ငါ့ကိုစိတ်ကောက်ပြီး နင်မိဘအိမ်ပြန်သွားတာ အခုဆိုရင် (၃၈)နာရီရဲ့ (၃၇)မိနစ်ရှိသွားပြီ။ ဒါဟာ အိမ်ကိုခွာတဲ့နင့်သမိုင်းမှာ အမြင့်ဆုံးမှတ်တမ်းဖြစ်ဖို့ အချိန်(၄)နာရီနဲ့(၂၁)မိနစ်ပဲ လိုတော့တယ်။ အိမ်တိုင်ရာရောက် ငါလာတောင်းပန်ဖို့ကို နင်စောင့်နေခဲ့မှာပဲ။ ငါလည်း အဲဒီလိုလုပ်ဖို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် နင်တောင့်ခံပါဦး... ဒါဟာ နင့်သမိုင်းမှာ အိမ်ကနေထွက်သွားတဲ့ အမြင့်ဆုံးမှတ်တမ်းဖြစ်ဖို့ နင်တောင့်ခံလိုက်ပါဦး...
အိမ်မှာ ငါအရာရာ အဆင်ပြေပါတယ်။ နင် စိတ်မပူပါနဲ့။ ငွေစုစာအုပ်ကို နင်ယူသွားလည်း ငါ့မှာ ခရစ်တစ်ကတ်တော့ ကျန်ခဲ့ပါတယ်။ ဒါကြောင့် နင်စိတ်မပူပါနဲ့။ ခရစ်တစ်ကတ်က သုံးရတာ အဆင်ပြေတယ်။ ငါ အင်္ကျီငါးထည် ဝယ်ပြီးပြီ၊ အဝတ်ခံဘောင်းဘီ(၇)ထည်နဲ့ ခြေအိတ်တစ်ဒါဇင်လည်း ဝယ်ထားပြီးပြီ။ တစ်နေ့တစ်စုံနှုန်းနဲ့ နင်ပြန်လာတဲ့အထိ ငါလှဲဝတ်လို့ရတယ်။ ဝယ်ထားတဲ့အဝတ်တွေက ဈေးနည်းနည်းကြီးတယ်ဆိုပေမယ့် နာမည်ရှိတဲ့တံဆိပ်တွေပါပဲ။
ငါ့ရဲ့ရိက္ခာအတွက်လည်း နင်စိတ်မပူပါနဲ့။ အသစ်ဖွင့်တဲ့ဆိုင်သစ်(၇)ဆိုင်မှာ ငါသွားစားခဲ့ပြီးပြီ။ ငါတစ်ယောက်တည်း အထီးကျန်မှာစိုးလို့ဆိုတဲ့ ငါ့သူငယ်ချင်းသုံးယောက်နဲ့ပေါ့။ သူတို့က ငါ့ကိုနေ့တိုင်း အဖော်ပြုတယ်။ သူတို့ကလည်း စားကောင်းသောက်ကောင်းတွေပဲ မှာစားနေတော့တာပဲ။ ငါ မတတ်နိုင်ဘူး။ ငါဟာ မျက်နှာသာရချင်သူဆိုတာ နင်လဲသိတယ်လေ။
ခုတလောငါ့ကို စိတ်ရှုပ်စေတာက မျက်နှာချင်းဆိုင်အိမ်က အသစ်ပြောင်းလာတဲ့ ကောင်မလေးပဲ။ သူက နေ့တိုင်းလိုလို အိမ်ရောက်လာပြီး ကြက်သွန်ချေးပါ။ ငံပြာရည်ချေးပါ လုပ်နေတယ်။ ဒါကိုလည်း နင်စိတ်ချပါ... ငါ ဘာအမှားမှ ကျူးလွန်ဖို့ မစဉ်းစားခဲ့ပါဘူး။ ဒါကိုတော့ နင်ငါ့ကို စိတ်ချယုံကြည်ပါ။
အိမ်မှာစိုက်ထားတဲ့ ပန်းတွေကိုလည်း သဲကန္တာရဥတုလေး ခံစားတတ်အောင် ငါရေမလောင်းဘူးလို့ ဆုံးဖြတ်ထားတယ်။ ဒါဟာ အပင်တွေရဲ့ဆင့်ကဲဖြစ်စဉ်ကို အကျိုးဖြစ်စေတာပဲ မဟုတ်လား။ အော်... မေ့လို့ ... အိမ်က ကြောင်မလေးရော! နင်နဲ့အတူ လိုက်သွားတာလား? အိမ်မှာသူ့ကို မတွေ့တာ ၂ ရက်လောက်ရှိနေပြီ။
ဟို ချစ်စရာကောင်းတဲ့ ယောက်ဖနှစ်ယောက် ငါ့ကို လာရန်ရှာမှာကိုလဲ နင်မစိုးရိမ်ပါနဲ့။ မနေ့က သူတို့ကိုဖိတ်ပြီး နင်နဲ့ငါ့ကြားကအကြောင်းတချို့ ပြောပြပြီး ငါပေါက်ကွဲခဲ့ပြီးပြီ။ ငါပြောတာတွေကို နားထောင်ပြီး သူတို့က ငိုငိုယိုယိုနဲ့ "အစ်ကိုရယ်... နင် ပင်ပန်းလွန်းပါတယ်" လို့ ငါ့လက်ကိုဆွဲပြီး ပြောသွားခဲ့တယ်။
နင့်ကို ငါလာခေါ်ပြီး ငါတောင်းပန်မှာပါ.. ဒါပေမယ့် မိဘအိမ်မှာပဲ အေးအေးဆေးဆေး နင်နေလိုက်ပါဦး.. သူတို့လည်း နင့်ကိုလွမ်းနေလောက်ရော့ပေါ့။
စာကြွင်း.... မနက်ဖြန် နင်မပြန်လာဘူးဆိုရင် ဆွေဆွေက ငါ့ကိုပီဇာကျွေးဖို့ ချိန်းထားတာ ငါသွားလိုက်မယ်။ အားနေတော့လည်း အားနေတာပဲလေ.. လူများချိန်းတာကို ခဏခဏငြင်းရတာလည်း မကောင်းပါဘူး။ သူကလည်း ငါ့လုပ်ဖော်ကိုင်ဖက်ပဲလေ....
နင်ချစ်တဲ့ နင့်ရဲ့ယောက်ျား
++++++++++
ချစ်ရတဲ့ ယောက်ျားရေ....
နင့်ရဲ့စာအတွက် ကျေးဇူးတင်ပါတယ်။ မိဘအိမ်မှာ ငါအရာရာ အဆင်ပြေပါတယ်။ နင်စိတ်မပူပါနဲ့။ ငွေစုစာအုပ်ထဲကငွေတွေ ငါ့အကောင့်ထဲ ပြောင်းထည့်လိုက်ပြီဆိုတာ နင့်ကိုပြောဖို့ ငါမေ့သွားတယ်။ အစကတော့ နင့်အသုံးစရိတ်အတွက် ငါစိတ်ပူနေတာပါ.. ဒါပေမဲ့ ငွေတွေကို နင်သုံးနေရတယ်ဆိုတော့လဲ ငါ စိတ်မပူတော့ပါဘူး။
နင့်ကို ကောင်းသတင်းလေးတစ်ခု ပေးချင်သေးတယ်။ အိမ်က ကြောင်အိမ်အောက်ဆုံးထပ်မှာ ခေါက်ဆွဲခြောက်ထုပ်လေး နှစ်ထုပ်ရှိတယ်။ အခုအချိန်မှာ စားကောင်းသောက်ကောင်းတွေ နင်စားနေတယ်ဆိုပေမယ့် ငါစိတ်ပူသေးတယ်။ နင်ခရစ်တစ်ကတ်လေး သုံးမရတော့ဘူးလို့ပြောတဲ့အခါ၊ နင်နဲ့အတူစားခဲ့တဲ့သူငယ်ချင်းတွေ အလုပ်များလို့ဆိုပြီး နင့်ကိုလာမတွေ့နိုင်တော့တဲ့အခါ အဲဒီခေါက်ဆွဲထုပ်တွေကို နင်လိုလိမ့်မယ်။
မျက်နှာချင်းဆိုင်အိမ်က ကောင်မလေးကိုလည်း ငါက နှုတ်ဆက်တယ်ဆိုတဲ့အကြောင်း ပြောလိုက်ဦး။ လကုန်လို့ အိမ်ချေးငွေ မပေးနိုင်တဲ့အခါ နင့်သူငယ်ချင်းအသစ်ကို နှုတ်မဆက်ရက်လည်း နင်နှုတ်ဆက်ရလိမ့်မယ်။
အော်.. အိမ်ကပန်းတွေကို ရေလုံးဝ မလောင်းနဲ့နော်.. ငါစိုက်ထားတာက ရှားစောင်းပင်တွေ။ ကြောင်ကလေးက ငါနဲ့အတူရှိနေတယ်။ အိမ်က ကြွက်သတ်ဆေးတွေလည်း သုံးလို့ကုန်သွားပြီ။ ချစ်စရာကောင်းတဲ့ ငါမောင်နှစ်ယောက်က နင်နဲ့ကွာပြီး အသုံးကျတဲ့ယောက်ျားတစ်ယောက်ကို ရှာယူဖို့ အမြဲပြောနေကြလို့ နင့်ကိုလာရန်ရှာလိမ့်မှာတော့ မဟုတ်ဘူး။ မိဘအိမ်ပြန်နေရတဲ့ ခံစားချက်က အရမ်းကောင်းမှန်း ငါအခုမှသိတယ်။ အရင်လို နေ့တိုင်းထမင်းဟင်းချက်၊ အဝတ်လျှော်တဲ့ ပင်ပန်းဒဏ်ကိုလည်း ငါခံစရာမလိုတော့ဘူး။ လွတ်လွတ်လပ်လပ်နဲ့ ရှော့ပင်းထွက်နေရုံပဲ... ဘယ်လောက်ပျော်စရာ ကောင်းလိမ့်သလဲ!
မနက်ဖြန် ဆွေဆွေနဲ့သွားလည်တာ ပျော်ခဲ့ပါစေလို့ ငါဆုတောင်းလိုက်တယ်။ ဆွေဆွေရည်းစားက အားကစားကျောင်းက လက်ဝှေ့နည်းပြဆိုလား ငါကြားထားတယ်။ ဟုတ်မဟုတ်တော့ မသိဘူးပေါ့လေ.. ငါ မဟုတ်မမှန် မပြောတတ်တာ နင်လဲသိပါတယ်... ဒါပါပဲ...
နင်ချစ်တဲ့ နင့်ရဲ့မိန်းမ
++++++++++
Ko Tint

No comments:
Post a Comment