ကျွန်မတို့ အဘိုးအဘွားအိမ်က တောင်ကြီးမြို့ရဲ့အရှေ့ဖက် တောင်ခြေတစ်နေရာမှာရှိတယ်။ အိမ်ကရှေးအိမ်ဖြစ်ပြီး
အိမ်ကိုခြံဝင်းကြီးရဲ့ တောင်ကုန်းကြီးတစ်ခုပေါ်မှာ တည်ထားတယ်။ လှေကားထစ် အခု(၅ဝ)ကျော်ကိုဖြတ်ပြီးမှ အိမ်ထဲရောက်နိုင်သလို ကားလမ်းဖက်ကနေ တောင်ကုန်းကိုပတ်ပြီးလည်း သွားနိုင်တယ်။ အိမ်ပတ်ပတ်လည်မှာ သစ်ပင်ကြီးငယ်တွေ အပြည့်စိုက်ထားတယ်။ အဘွားတို့ အဲဒီအိမ်ကိုမဝယ်ခင် အိမ်ရှင်က အိမ်ငှားတွေတင်ထားတာကြောင့် အိမ်ဝင်းက အထိန်းအသိမ်းမရှိဘဲ ခြုံနွယ်၊ ပေါင်းမြက်တွေနဲ့ တောနက်ကြီးလို ဖြစ်နေခဲ့တယ်။ ခဲရောင်သုတ်ထားတဲ့ အိမ်နံရံတွေလည်း ကွာတဲ့နေရာကွာ၊ ပျက်တဲ့နေရာပျက်နဲ့ အိမ်ကဟောင်းနွမ်းပြီး လူမနေသူမနေတဲ့ အိမ်ပျက်ကြီးတစ်လုံးနဲ့ တူနေခဲ့တယ်။
အိမ်က ရှေးအိမ်လည်းဖြစ်၊ တောင်ကုန်းထိပ်မှာလည်းတည်ပြီး ဟောင်းနွမ်းနေတာကြောင့် တစ္ဆေသရဲခြောက်တတ်တဲ့ အိမ်နဲ့တူနေခဲ့တယ်။ တကယ်လည်း အရင်တုန်းက အဲဒီအိမ်ကို သရဲခြောက်တဲ့အိမ်ဆိုပြီး အရမ်းနာမည်ကြီးခဲ့ပါတယ်။ "ပုလဲစိန်ခြယ်တိုက်"ဆိုရင် တက္ကစီသမားတော်တော်များများ သိကြတယ်။ အရင်က အဲဒီဖက်တစ်လျှောက် မစည်ကားသေးတဲ့အချိန်၊ လူနေအိမ်တွေလည်း သိပ်မများသေးတဲ့အချိန်၊ သစ်ပင်ခြုံနွယ်တွေကလည်း ထူထပ်တာမို့ အိမ်ပုံစံက သရဲခြောက်တယ်လို့ နာမည်ကြီးမယ်ဆိုလည်း ကြီးချင်စရာပါ။
အဲဒီအိမ်ကို အဘွားတို့ရောက်သွားပြီးနောက် ခြုံနွယ်တွေကိုရှင်းလင်းခဲ့ပါတယ်။ အဲကျမှ အိမ်ကြီးက ခြုံကြားထဲကနေ ဘွားခနဲ့ပေါ်လာတဲ့ တစ္ဆေသရဲကြီးလို့ တောင်ကုန်းပေါ်မှာ ပိုထင်းထင်းဖြစ်နေတော့တယ်။ အိမ်ကိုပြင်တန်ပြင်ပြီးပေမယ့် ချက်ချင်း ဆေးမသုတ်သေးတာကြောင့် ညအချိန်ကြည့်ရင် သစ်ကိုင်းသစ်ခက်တွေကြားမှာ အိမ်ကြီးက မကောင်းဆိုးဝါးတစ်ကောင် လက်တွေဆန့်တန်းထားသလို ချောက်ချားစရာကောင်းခဲ့တယ်။ ညဆို တော်ရုံလူတွေ အိမ်ရှေ့သိပ်မဖြတ်ရဲကြဘူး။ အိမ်ရှေ့ရောက်လို့ ခွေးတစ်ကောင်တစ်လေကများ အူးးးး...ခနဲ့ ထအူလိုက်ရင် အိမ်ထဲကနေ သရဲတွေထွက်လာပြီး ကိုယ့်ကိုလက်ယှပ်ပြ၊ ကိုယ်ထင်ပြမလားတောင် ထင်မှတ်ရတယ်။ တစ်ချိန်က "ပုလဲစိန်ခြယ်"ဟာ လှပတဲ့နာမည်နဲ့မလိုက်အောင် အဲဒီလို သတင်းဆိုးခဲ့ပါတယ်။
အဲဒီအိမ်ကို ကျွန်မရွာကျောင်းမှာ(၇)တန်းအောင်ပြီး တောင်ကြီးမှာ(၈)တန်းတက်ဖို့ ရောက်သွားခဲ့ပါတယ်။ ကျွန်မရောက်တဲ့အချိန် အဒေါ်မင်္ဂလာဆောင်ပြီးလို့ သူ့ယောက္ခမအိမ်လိုက်သွားပါပြီ။ ဦးလေးတွေလည်း တစ်နယ်တစ်ကျေး ပြောင်းရွေ့သွားခဲ့ကြလို့ အိမ်ကြီးမှာ အဘိုးအဘွား၊ ကျွန်မအစ်မ၊ ကျွန်မနဲ့ အကူကောင်မလေးတစ်ယောက်ပဲ ကျန်ခဲ့ပါတယ်။ ကျွန်မရောက်စက နေ့ခင်းမှာတောင် အိမ်ထဲကိုတစ်ယောက်တည်း မဝင်ရဲပါဘူး။ အိမ်အပြင်မှာ နေဘယ်လောက်ပူပူ အိမ်ထဲရောက်ရင် ကျော့စိမ့်စိမ့်သွားတတ်တာမို့ အိမ်ထဲမှာတစ်ယောက်တည်းလည်း ကျွန်မ မနေရဲခဲ့ဘူး။
ညအခါ အိမ်ခေါ်မိုးပေါ် ချွတ်..ချွတ်..ချွတ်အသံနဲ့ တဟင်း..ဟင်း..ညည်းသံတွေကြောင့် ရွာမှာလျှပ်စစ်မီးမရှိလည်း နေရဲခဲ့တဲ့ကျွန်မတစ်ယောက် အဲဒီအိမ်မှာ မီးဖွင့်ပြီးလည်း မအိပ်ရဲခဲ့ပါဘူး။ သရဲခြောက်တဲ့အိမ်လို့ နာမည်ကြီးနေလို့ပဲလား? စိတ်အစွဲကြောင့်လား ဘာလားတော့ မသိပါဘူး။ ကျွန်မနောက်မှာ အရိပ်တစ်ခုလိုလို၊ မျက်လုံးတစ်စုံလိုလို အမြဲကပ်လိုက်နေတတ်တယ်။
မှတ်မှတ်ရရ အဲဒီနေ့က ကျောင်းပိတ်တဲ့နေ့... အဘိုးနဲ့အဘွားက အိမ်ရှေ့မှာ နေပူစာလုံနေကြတယ်။ အစ်မ၊ ကျွန်မနဲ့ အကူမရယ်က အိမ်ထဲကနေ ပြောင်းဖူးတွေ ထုတ်လှန်းဖို့ပြင်ကြတယ်။ ရွာခြံကပြောင်းဖူးတွေကို အဘိုးတို့က ကြက်၊ ခိုတွေကျွေးရအောင်ဆိုပြီး တချို့တစ်ဝက်ကို တောင်ကြီးသယ်ခဲ့ပါတယ်။ သိပ်မခြောက်သေးတဲ့ ပြောင်းဖူးတွေကို လူမအိပ်တဲ့အခန်းမှာကျင်းထားပြီး နေ့ဖက်နေသာရင် ထုတ်လှန်းရပါတယ်။ အဲဒီနေ့က ခြင်းကိုယ်စီနဲ့ ကျွန်မတို့ ပြောင်းဖူးတွေထုတ်လှန်းကြတယ်။ ငယ်ငယ်က ကျွန်မဟာ ဖင်ပေါ့ပြီးသွက်လက်သူမို့ ပြောင်းဖူးတွေ တစ်ခြင်းပြီးတစ်ခြင်း အခန်းထဲကနေ ခေါက်တုံ့ခေါက်ပြန် သယ်သယ်ထုတ်ခဲ့တယ်။ ကျွန်မအစ်မက ကျွန်မနဲ့ဆန့်ကျင်ဖက် အိပဲ့ပဲ့သူမို့ ကျွန်မနှစ်ခြင်း၊ သုံးခြင်းသယ်ပြီးမှ သူကတစ်ခြင်းပြီးတယ်။
ပေါ့ပေါ့ပါးပါး အလုပ်တွေလုပ်နေတဲ့အချိန်မို့ အိမ်ထဲဝင်တဲ့ကြောက်စိတ်ကို ကျွန်မခဏမေ့ထားခဲ့မိတယ်။ တစ်ခေါက်ပြီးလို့ နောက်တစ်ခေါက်ပြောင်းဖူးယူဖို့ ဧည့်ခန်းကိုဖြတ်ပြီး အိပ်ခန်းထဲ ကျွန်မလှမ်းဝင်လိုက်တယ်။ ယူမယ့်ပြောင်းဖူးဆီကိုပဲ စိတ်ရောက်နေတာကြောင့် ဘေးဘီကို ကျွန်မသတိမထားမိခဲ့ဘူး။ အခန်းထဲ ကျွန်မလှမ်းဝင်လိုက်တယ်ဆိုရင်ပဲ တံခါးကြားကနေ မည်းမည်းသဏ္ဍာန်က ကျွန်မရှေ့မှာ ဝုန်းးးးခနဲ့ ပေါ်လာတယ်။ မေ့ထားတဲ့ကြောက်စိတ်က ဘယ်ကနေ ဘယ်လိုဝင်လာသလဲ မသိဘူး! "အား...." ခနဲ့ ငယ်သံပါအောင်အော် လက်ထဲကခြင်းကို ပစ်ချပြီး အခန်းအပြင်ဖက် ကျွန်မတဟုန်ထိုးပြေးထွက်ခဲ့တယ်။ ကျွန်မအော်သံကြားလို့ အဘိုးက "ဘာလဲ.. ဘာလဲ"ဆိုပြီး ချက်ချင်းရောက်လာခဲ့တယ်။ အဘိုးကို နောက်ကျောဖက် လက်ညှိုးထိုးပြပြီး တစ်ခုခုပြောဖို့ ကျွန်မကြိုးစားပေမယ့် ကျွန်မဆီက "အာ... အာ.." ဆိုတဲ့ ထစ်အအ၊ တုန်ရင်ရင် အသံတွေပဲထွက်လာခဲ့တယ်။ အဲဒီအချိန် အိပ်ခန်းထဲကနေ တခစ်ခစ်ရယ်သံနဲ့ ကျွန်မနာမည်ခေါ်သံကို ကြားလိုက်တယ်။ (အဘိုးရှိနေလို့) ကျွန်မအရဲစွန့် လှည့်ကြည့်လိုက်တော့ ကျွန်မအစ်မရယ်လေး ခြင်းကိုခေါင်းပေါ်စွတ် အခန်းဝမှာရပ်ပြီး တဟီးဟီးနဲ့ ရယ်မောနေတော့တယ်။ ကျွန်မကိုခြောက်လိုက်ရလို့ အားရကျေနပ်သွားတယ်ထင်ပါတယ်။ အဘိုးကလည်း ကြောက်လန့်သွားတဲ့ ကျွန်မအဖြစ်ကိုကြည့်ပြီး ပြုံးစိစိနဲ့ အစ်မကိုဆူဖို့မေ့နေခဲ့တယ်။ ကျွန်မပါးစပ်ဖျားကနေ (အဘိုးနားမလည်တဲ့) အင်းသားသံနဲ့ မကြားဝံ့မနာသာတဲ့စကားတွေ တလဟော ထွက်ကျလာခဲ့ပါတယ်။
"!#&*$#()$#($+_#$"
**နိုင်းနိုင်းစနေ**

No comments:
Post a Comment