(Aug -22 ၊မြတ်ညို -အလွတ်သတင်းထောက်)
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတ ဦးသိန်းစိန်တို့ မကြာသေးခင်က တွေ့ဆုံခြင်း အား ကြိုဆိုသော်လည်း တိုင်းရင်းသားများနှင့်ပါ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲဖြစ်ရန်လိုအပ်ကြောင်း ချင်း အမျိုးသား ပါတီက ယနေ့ ပြောဆိုလိုက်သည်။
“ကျနော်တို့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ တိုင်းပြည် ပြန်လည် အေးချမ်းရေးအတွက် နှစ်ဘက်တွေ့ ရုံနဲ့တော့ ပြီး ဆုံးနိုင်မှာ မဟုတ်ဘူး။ သုံးပွင့်ဆိုင်ဖို့တော့ လိုတာပေါ့။ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတော့မယ်ဆိုရင် ကာယကံရှင် ကျနော်တို့ ဘက်ကတော့ ပါဝင်ဖို့လိုတာပေါ့”ဟု ချင်းအမျိုးသားပါတီ အတွင်းရေးမှူး ဆလိုင်း ကျဲအိုဘစ်ထောင်း က ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော် စီးပွားဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတ ဦးသိန်းစိန်တို့တွေ့ဆုံခဲ့ကြခြင်း ဖြစ် သည်။ ယင်းသို့ တွေ့ဆုံမှုသည် အစိုးရသစ်တက်ပြီးနောက် ပထမဆုံး တွေ့ဆုံမှုလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ကိုယ်စားလှယ် ဦးအောင်ကြည်တို့ ယခင်က ၁၁ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း နိုင်ငံရေးအရ သိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုတစ်စုံတစ်ရာ မတွေ့ရကြောင်း၊ ယခု သမ္မတ တွေ့ဆုံမှု က လည်း ထိုသို့ တွေ့ဆုံမှုမျိုး ဖြစ်မည်ကို စိုးရိမ်ကြောင်း ဆလိုင်း ကျဲအိုဘစ်ထောင်း က ဆက်လက် ပြောဆိုသည်။
ချင်း အမျိုးသားတပ်ဦး(CNF) အတွင်းရေးမှူး(၁) ဒေါက်တာရွှေခါး က ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံမှုသည် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးဘက်သို့ ဦးတည်နေသည့် အခြေအနေမျိုး တွေ့မြင်ရသည်ဟု ပြော သည်။
ဇိုမီး အမျိုးသား ကွန်ဂရက် ဥက္ကဌ ပူကျင့်ရှင်းထန်ကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့တွေ့ဆုံခြင်း ကို ကြိုဆိုသော်လည်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေးပြုလုပ်မည်ဆိုပါက ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်း သားအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြန်လည်လွှတ်ပေးရန် လိုအပ်ကြောင်း ပြောဆိုသည်။

No comments:
Post a Comment