Migrant worker disembark at Kawthaung
.....................................................
(Aug-24- မြတ်ညို-အလွတ်သတင်းထောက်)
ကော့သောင်းမြို့ရှိ ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးနှင့် ထိုင်းကုမ္ပဏီတို့ စီစဉ်ပို့ဆောင်ပေးလိုက်သည့် မြန် မာ အလုပ်သမား၂၅ ဦးတို့သည် မူလသဘောတူ သတ်မှတ်ငွေကြေးထက် ၀န်ဆောင်ခ ပိုမိုပေးရမည်ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူတချို့နှင့် ထိုင်းနိုင်ငံမှ PMP sup construction ထိပ်တန်း ပန်းရန် လုပ်ငန်း ဆိုသည့် ကုမ္ပဏီနှင့်စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးပြီး ထိုင်းနိုင်ငံသို့ အဆိုပါ အလုပ်သမားများကို တရားဝင် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်ရရှိရေး ၀န်ဆောင်ခအတွက် အလုပ်သမား တဦး ဘတ်ငွေ ၁၀၀၀၀ ဟု မူလက သတ်မှတ် ထားခဲ့သော်လည်း ၁၈၅၈၀ ဘတ်ပေးရမည်ဖြစ်ကြောင်း၊ ယင်းငွေအား တစ်လ လျှင် ဘတ် ၁၀၀၀ နှုန်းဖြင့် ပြန်လည်ဖြတ်ယူမည်ဟူသော မူလသတ်မှတ်ချက်သည်လည်း ဘတ်၂၀၀၀ ဖြတ်ရန် ပြောင်းလဲ လိုက်ကြောင်း အလုပ်သမား ၂၅ ဦး ထဲမှ ကိုမျိုးသီဟထွန်းက ပြောပြသည်။
ဝန်ဆောင်ခငွေ ပေးဆပ်ရသည့်ကာလအတွင်း အလုပ်သမားများ၏ ယာယီ နိုင်ငံကူး လက်မှတ်များကို အလုပ်ရှင် ကသိမ်းဆည်းထားမည်ဖြစ်ပြီး ယင်းဆပ်ငွေကြေမှ ပြန်လည်ပေးမည် ဖြစ်သည်ဟုလည်း သိရသည်။
ကော့သောင်းမြို့ အလုပ်သမားဝန်ကြီးဌာနမှ ၀န်ထမ်း တစ်ဦးက“ပတ်စ်ပို့စာအုပ်ကိုတော့ အကြွေးကျေမှ ထုတ်ပေး မှာပါ။ ပိုက်ဆံနဲ့ ရွေးလည်း မရဘူး။ စာချုပ်ချုပ်ထားတာပါ။ အလုပ်သမားတွေ နားမလည်တာပါ။ အခြား စရိတ်တွေရှိသေးတယ်လေ’’ဟု ပြောသည်။
ကိုမျိုးသီဟထွန်းကမူ သတ်မှတ်ချက်များနှင့် လက်တွေ့ကြုံရသည်များမှာ ကွာခြားနေသည်ဟု ဆက်လက်ပြော သည်။
“ကျနော်တို့ကို ကော့သောင်း မြန်မာ အလုပ်သမားဝန်ကြီးဌာန ဦးစီးမှူး ဒေါ်ခင်အေး က ထိုင်းဘက်က PMP ပန်းရံ လုပ်ငန်း ကုမ္ပဏီပိုင်ရှင် စံစူဝံ ဆိုသူရှေ့မှာ ကျနော်တို့ လိုက်နာရမယ့် စည်းကမ်းတွေ၊ ကျနော်တို့ ပေးဆပ်ရမယ့် ငွေတွေကို ဖတ်ပြတယ်၊ ဒါပေမယ့် ဒီဘက်ကို ရောက်တဲ့ အခါ တခြားစီဖြစ်နေတယ်’’ဟု ကိုမျိုးသီဟထွန်းက ပြောဆို သည်။
ထို အလုပ်သမားများထဲမှ ကိုစိုးမိုးအောင်ကလည်း ၎င်းတို့အား တစ်နေ့လုပ်အားခ ဘတ် ၃၀၀ ရရှိမည်ဟု ကမ္ပဏီ ကပြောဆိုခဲ့သော်လည်း လက်တွေ့တွင်၂၁၅ ဘတ်သာရရှိကြောင်း၊ တစ်ပတ် တစ်ရက် နားခွင့်သတ်မှတ်ထားသည် ကိုလည်း နှစ်ပတ်မှ တစ်ရက် နားခွင့်ရရှိကြောင်း ပြောသည်။ အလုပ်သမားများအားလုံး သြဂုတ်လဆန်းမှ စ၍ လုပ် ငန်းခွင်တွင် လုပ်ကိုင်နေကြရကြောင်းလည်း ဆိုသည်။
၎င်းတို့ကို ကော့သောင်းမြို့အေးရိပ်ငြိမ်ရပ်ကွက်တွင်ဖွင့်လှစ်ထားသည့် ရွှေပင်လယ်ကုမ္ပဏီမှတစ်ဆင့် ကော့သောင်း ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ကိုစိုးမိုးအောင်က ပြောဆိုသည်။

1 comment:
ဒီသတင်းမှာ အလုပ်သမားဘက်က ပြောတဲ့စကားတွေ မမှန်ကန်ပါဘူး အဲဒီအတွက် အကြောင်းစုံကိုရှင်းပြလိုပါတယ်။
သတင်းအမှန်ကိုသိလိုပါရင် cherry.supyihlaing@gmail.com ကို accep လုပ်ပေးပါ။
newdayjacba@gmail.com
jacbaburmese@gmail.com
နှစ်ခုလုံးကို inviteလုပ်ထားပါတယ်။
Post a Comment