ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, August 2, 2011

ပင်ရှင်နာ

>
သည်နေ့ဘိုးဘဖေ၏ ခြေလှမ်းများသွက်လို့နေ၏။ တောင်ဝှေးတစ်ခုလိုသာမက နေဒဏ်မိုးဒဏ် ခံနိုင်ရန်အတွက်ပါ အသုံးပြုနေသည့် သူ့၏ လက်စွဲတော် တူးအင်ဝမ်းအရောင်မွဲလွင့် ထီးကောက်ကြီးနှင့် စလုံးစခုလမ်းကို နာနာဖိထောက်လျှက် သွက်သွက်လေး လျှောက်နေမိ၏။ သွေးတိုး နည်းနည်းရှိသည်ကလွဲပြီး ကျန်းမာသည်ဟု ပြောလို့ရသည့် အသက် ခုနှစ်ဆယ်အရွယ် ရောက်နေသည့် အဘိုးကြီးတစ်ယောက်၏ ခြေလှမ်းများက သည်လောက်တောင် သွက်နေစရာလိုလို့လားလို့ မေးလာလျှင် ဘိုးဘဖေက “ သွက်တယ်ဗျို့… သွက်ရတယ်ဗျ…” လို့ ခပ်မြူးမြူးလေးတောင် ပြန်ပြောလိုက် မိချင်သေး၏။ ယခင့် ယခင် အပြင်ထွက်လျှင် မျက်နှာထားတော် ငြိုချင်သည့် စိတ်ပူတတ်လွန်းသည့် သမီးအပျိုကြီးတောင် ဒီနေ့မနက် ပြုံးပြုံး ပြုံးပြုံးနှင့်သူ့ကို အိမ်တံခါးအ၀အထိ လိုက်ပို့ပေးသဖြင့် ဘိုးဘဖေတစ်ယောက် ပြုံးစိစိတောင် ဖြစ်သွားရသေး၏။ ပြောရလျှင် ဘိုးဘဖေတစ်ယောက် သည်မနက် အူမြူးနေသည်ဟု ပြောလျှင်တောင်ရ၏။ အကျိုးကြောင့် အကြောင်း ဖြစ်ရသည်။ ဘိုးဘဖေမှာ အကြောင်းက ရှိနေနှင့်ပြီးသားဖြစ်၏။
သို့ကြောင့်မို့ ချိန်းထားသည့် ဆုံရပ်ကို မြန်မြန်ရောက်စေရန် အလို့ငှါ ခြေလှမ်းအရှိန်ကို ဘိုးဘဖေ မြှင့်လိုက်မိသည်။
————–@@@—————
ကိုဘဖေသည် ဌာနတစ်ခုတွင် လုပ်ငန်းနည်းပြဆရာတာဝန်မှ အနားယူခဲ့ရသူ တစ်ဦးဖြစ်၏။ မျက်နှာချိုကာ ပျော်ရွှင်တတ်သူမို့ တာဝန်ထမ်းဆောင်စဉ် ဌာနအတွင်း ခင်မင်သူ ပေါခဲ့သူဖြစ်၏။ မိန်းမဖြစ်သူက ကုန်စုံဆိုင်လေးဖွင့်ကာ မိသားစုစရိတ်ကို ကျားကန်ပေးထားသဖြင့် နောက်ကြောင်းအေးအေးဖြင့် ၀ါသနာပါသည့် အလုပ်ကို စိတ်နှစ်ပြီး လုပ်နိုင်ခဲ့သည်။ သမီးတစ်ယောက်၊ သားတစ်ယောက်နှင့် မိသားစုဘ၀လေးကို အေးဆေးပျော်ရွှင်စွာဖြင့် ဖြတ်သန်းလာသူဖြစ်သည်။
လှံထမ်းလာတာ မြင်ရတယ်၊ ကံထမ်းလာတာ မမြင်ရဘူး.. ဆိုသည့် စကားသည် ကိုဘဖေအတွက် သွေးထွက်အောင် မှန်နေ၏။ ကံကြမ္မာက ကိုဘဖေ၏ အေးချမ်းပျော်ရွှင်နေသည့် ဘ၀ကို တစ်ဆစ် ချိုးကွေ့စေခဲ့၏။ သူ့အသက် ၃၇နှစ်တွင် မဆင်မခြင်မောင်းလာသည့် ကားတစ်စီး၏ု ၀င်တိုက်မိမှုကြောင့် ညာခြေထောက်ကို ဒူးဆစ်ကနေ ဖြတ်လိုက်ကာ ခြေတုတတ်လိုက်ရ၏။ မိသားစုအားလုံး ဆုံးဖြတ်ပြီး ရှိစုမဲ့စု ငွေအားလုံးစုကာ ပုံအောကုခဲ့ကြ၏။ အချိန်တော်တော်ကြာ လေ့ကျင့် လွန်မြောက်လာသည့် နောက်တွင် သူ၏ခြေထောက်က မသိသူများဆိုလျှင် ပုံမှန် လူတစ်ယောက်ဟု ထင်နိုင်သည်အထိ ကိုဘဖေတစ်ယောက် လူကောင်းတစ်ယောက်ကဲ့သို့ ခြေတုဖြင့် လမ်းပြန်လျှောက်လာနိုင်လေသည်။ သည်လိုနှင့် ကိုဘဖေလည်း အလုပ်မှ နာမကျန်းပင်စင် တစ်ခါတည်းယူပြီး အလုပ်ထွက်ခဲ့ပြီး သူ့၏ ၀န်ထမ်းဘ၀ နိထ္ထိတံခဲ့၏။
ကိုဘဖေအလုပ်မှ ထွက်ချိန် ၁၉၇၉တွင် သူရခဲ့သည့် လစာက တစ်လလျှင် လေးရာခွန်နှစ်ဆယ်ကျပ်။ အလုပ်မှ သူထွက်ခဲ့ပြီး နာမကျန်းပင်စင်ငွေ တစ်လကို သုံးရာ့အစိတ်ရနေပြန်သဖြင့် သူ့မှာ အလုပ်လက်မဲ့ပင်ဖြစ်သော်ငြား ဟန်မပျက်နေနိုင်ခဲ့၏။ အဲ့သည်တုန်းက သူ့၏ ပင်စင်လစာလေး သွားထုတ်ပြီးတိုင်း မိန်းမလက်ထဲ အပ်ဖြစ်၏။ ပင်စင်လစာလေးဖြင့် မိသားတစ်စုလုံး လုံလုံလောက်လောက် သုံးနိုင်ချိန်ဖြစ်၏။ သူ့၏ ပင်စင်လစာ၊ မိန်းမ၏ ကုန်စုံဆိုင်လေးမှ ၀င်ငွေလေးနှင့် တစ်လတစ်ခါ သူတို့မိသားစု လဟာပြင်ဈေးတွင် တရုပ်ထမင်းစား၊ ပြီးလျှင် သမ္မတတွင် ရုပ်ရှင်ကြည့်၊ အပြန် အင်းဝမှာ ဖာလူဒါတစ်ခွက်စီ သောက်နိုင်သည်။ မိသားစုအ၀တ်အစားအသစ် တစ်စုံစီ ၀ယ်နိုင်သည်။
————–@@@—————
အလုပ်မှ နားလာတာကြာလာတော့ လူက အလုပ်နားကာစ လူတွေ၏ ထုံးစံအတိုင်း၊ ဦးဘဖေတစ်ယောက် နေမထိထိုင်မသာ ဖြစ်လာရ၏။ သူ့အသက်၅၀ကျော်လာပြန်တော့ ပင်စင်စားတို့၏ ထုံးစံအတိုင်း ဟိုနားယောင်ယောင် သည်နားယောင်ယောင်နှင့် တာဝန်မည်မည်ရရ မရှိဘဲဖြစ်နေရ၏။ မိန်းမ၏ဆိုင်ကို ၀င်ကူမည်ဆိုပြန်တော့လည်း အထာမကျ။ ကိုယ်က ၀င်ကူကာမှ ပိုဝင်ရှုပ်သလို ဖြစ်နေပြန်သည်။ သို့နှင့် နောက်ဆုံးတော့ သူ့၏ စာအုပ်စင်က စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် စိမ်ဖတ်၊ နည်းနည်း ပျင်းလာရင်ဖြင့် လက်ဖက်ရည်ဆိုင် ဆင်းထိုင်၊ အဲသည့်လို လက်ဖက်ရည်ဆိုင် မှာ ဆင်းထိုင်ရင်းနှင့် အနီးအနားတစ်ဝိုက်က ဘ၀တူ ပင်စင်စား အဘိုးကြီးများနှင့် အဖွဲ့ကျလာ၏။ သူ့တို့နှင့် မကြာမကြာဆုံဖြစ်ရင်း ငယ်ပေါင်းကြီးဖော်များကဲ့သို့ ရင်းနှီးလာပြီး အချိန်ပိုတွေကို ကုန်အောင် ဖဲ့စားပစ်နေမိတော့သည်။

သားဖြစ်သူကလည်း အိမ်ထောင်ကျနေပြီမို့ အိမ်ထောင်ကျပြီး အိမ်ခွဲပေးရန်လည်း အဆင်မပြေသဖြင့် အလိမ်မာအိမ်ပါ ချွေးမချောကိုပါ အိမ်ပေါ်ခေါ်တင် ကျွေးထားရ၏။ သမီးကြီးကဖြင့် သည်တစ်သက် အိမ်ထောင်မပြုတော့ပဲ အပျိုကြီးဘ၀ဖြင့်သာ အရိုးထုတ်မည်ဆိုသဖြင့် တော်ပါသေးရဲ့ဟု စိတ်ထဲ သာဓုကြိတ်ခေါ်မိရပြန်၏။ အိမ်စရိတ် တစ်ခုလုံးကို ဖောက်သည်တွေ မြဲနေသည့် ကုန်စုံဆိုင်လေးက ကျားကန်ပေးထားလို့သာ တော်ပေတော့သည်။
ဦးဘဖေကတော့ သူ့၏ ပင်စင်လစာလေးကို လစဉ်သွားရောက်ထုတ်နေဆဲ။ သို့ပေမယ့် တရိပ်ရိပ်တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ လူနေမှုစရိတ်တွေက ဦးဘဖေ၏ ပင်စင်လစာလေးကို ပျက်ရယ်ပြုချင်နေပြီ။ သို့ပေမယ့် ဦးဘဖေကတော့ သူတစ်သက်လုံး တန်ဘိုးထားလုပ်လာသည့်အလုပ်မှ သမာအာဇီဝကျကျ ရလာသည့် သည်ရလဒ်ကို အင်မတန် တန်ဘိုးထား၏။ ပင်စင်လစာ သူသွားထုတ်ချိန် တချို့ ပင်စင်စားအဘိုးကြီးတွေ၊ အဘွားကြီးတွေ တူတွေ၊ တူမတွေကို တွဲ၍ တလှုပ်လှုပ်နှင့် ပင်စင်လစာ လာထုတ်သည်ကို တွေ့သော် ဦးဘဖေလည်း “ အင်း…. ငါလည်း တစ်နေ့ကျ သူတို့လိုဘဲ သူများကို မှီတွဲပြီး လာထုတ်ရမယ့်အချိန် ရောက်လာဦးမှာ ” လို့ တွေးမိ၏။
————–@@@—————

ဘိုးဘဖေတစ်ယောက် ပြီးခဲ့သည့် နယုန်လမှာ အသက်၇၀တင်းတင်း ပြည့်ခဲ့ပြီ။ သည်တော့ နားကလည်း နည်းနည်းလေးချင်လာသည်။ မျက်စိက တစ်မြန်နှစ်တုန်းက ခွဲထားသဖြင့် ကြည့်လို့ အတော့်ကို အဆင်ပြေနေ၏။ ဒီနှစ်မှာ မိန်းမကလည်း အသက်၇၀အနား ဝေ့သီလာပြီမို့ ခါးအနည်းငယ်တောင် ကိုင်းချင်သလိုလို ရှိလာသည်။ မြေးနှစ်ယောက်နှင့် ဦးဘဖေလည်း ယခုအခါ ဘိုးဘဖေလို့ အများက အခေါ်ခံနေရသည့် အရွယ်ရောက်နေခဲ့ပြီ။ ကုန်စုံဆိုင်လေးကို သမီးကြီးနဲ့ချွေးမက ဦးစီးနေပြီး မိန်းမကတော့ သူလုပ်ချင်သည့် ဘာသာရေးဘက်ကို ဇောက်ချလုပ်နေလေပြီ။
ပြောရလျှင် ဘိုးဘဖေတစ်ယောက် ပင်စင်စားတစ်ယောက်၏ ဘ၀မှာ အသားကျကာ ပင်စင်စားအဘိုးကြီးရယ်ဟု ပြောမယ်ဆို ပြောလို့ရနေပါပြီ။ ဘိုးဘဖေအတွက်ကတော့ အရင်ကထက် အချိန်ပိုတွေ ပိုရလာ၏။ ဘိုးဘဖေတို့ အဘိုးကြီးတစ်သိုက် ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်တွင် စုချိန်းပြီး တွေ့ကြ၏။ နေရာဌာနအသီးသီးမှ ၀ါသနာအမျိုးမျိုးနှင့် ပင်စင်စား အဘိုးကြီးများ စုမိကြခြင်းပင်။ စစ်တုရင် ချိန်းထိုးကြ၏။ စာဖတ်ဝါသနာတူသူ အချင်းချင်း စာအုပ်များ အပြန်အလှန် ဖလှယ်ဖတ်ကြ၏။ အောင်ဘာလေထီ စုထိုးကြ၏။ တစ်နှစ်တစ်ခါ အဘိုးကြီးများ ပိုက်ဆံစုပြီး ခရီးထွက်ကြသည်။ မိတ်ဆွေများ စုပေါင်းပြီး ဒုလဘ္ဘရဟန်းခံကြ၏။ ဘ၀တူများနှင့် လက်ဘက်ရည် ဆိုင် အတူတွေ့သည့် အချိန်က အိမ်မှာနေသည့် အချိန်ထက် ပိုလို့တောင် များနေဦးပေမည်။
ဘာသာရေးအကြောင်း ဆွေးနွေးသူများရှိသလို တချို့က နိုင်ငံရေး၊ တချို့က သားရေးသမီးရေး၊ တချို့က ကျန်းမာရေး၊ ကိုယ်အားသန်ရာပြောကြနှင့်။ တကယ်ကတော့ အချိန်ပိုနေသူများပီပီ ဘယ်သူဘာပြောပြော နားထောင်ဖြစ်ကြဖြစ်သည်။ တစ်ခါတစ်ရံ အငြင်းအခုန်လေးများပါ ပါလာရင်တော့ သူတို့ စကားဝိုင်းလေးက ပိုလို့ စိုပြေလာတတ်သည်။ ဘိုးဘဖေကတော့ စစ်တုရင်ဝါသနာပါသူမို့ လက်ဘက်ရည်ဆိုင်က သူ့စားပွဲတွင် ၀ါသနာတူ လူကြီး၊ လူရွယ်များဖြင့် စည်ကားနေကာ ပွဲကောင်းနေပြီဆိုလျှင်ဖြင့် ထိုင်ရာမှ မထစတမ်း၊ အိမ်က အဖွားကြီးက မြေးကို လွှတ်အခေါ်ခိုင်းတော့မှသာ အိမ်ပေါ်တက်ဖြစ်တော့၏။
အချိန်တွေ တိုက်စား ပြောင်းလည်းလာသည်နှင့်အမျှ လူနေမှုစရိတ်များက ခေါင်ခိုက်လို့ လာခဲ့သည်။ ဟိုးတုန်းကလို မိသားစုတွေ တစ်လတစ်ခါ အပြင်ထွက်စားဖို့ နေနေသာသာ သူ့၏အိမ်တွင် ၀င်ငွေနှင့်ထွက်ငွေ မနည်း မျှတညီညွတ်အောင် သုံးနေရသည်ကို သိနေ၊ ကြားနေရ၏။ ဘိုးဘဖေတစ်ယောက် မိန်းမဆီက လက်ဖြန့်ပြီး ပိုက်ဆံတောင်းရတာကို အားတုန့်အားနာစိတ် ဖြစ်ဖြစ်နေမိတာ ကြာကြာလှပြီ။ ပင်စင်စားအဘိုးကြီး တစ်ယောက်ဖြစ်ပေမယ့် အိမ်ရှိလူများ သူကြောင့် ၀န်ထုတ်ဝန်ပိုး မဖြစ်ရလေအောင် ဘိုးဘဖေ ဆင်ခြင်နေမိ၏။
ယခုအခါ ဘိုးဘဖေ၏ တစ်လသုံးရာ့အစိတ် ပင်စင်လစာလေးက ဆိုက်ကား တစ်ခါငှားစီးစာတောင် မရှိတော့ပြီ။ သူ့၏ ပင်စင်လစာငွေလေး မဖြစ်စလောက်ကို ဟိုးအရင်လို လစဉ်သွားပြီး မထုတ်ဖြစ်တော့ချေ။ ဆယ်လလောက် ကြာကြာနေမှ စုပေါင်းပြီး ဆယ်လစာငွေ သုံးထောင့်နှစ်ရာ့ငါးဆယ်ကို စုထုတ်ဖြစ်သည်။ ပင်စင်လစာငွေထုတ်ပြီး မိန်းမ၏လက်ထဲ ပင်စင်လစာငွေ အပ်ချိန်တိုင်း ဘိုးဘဖေတစ်ယောက် မျက်နှာပူနေမိ၏။ တွေးလိုက်လျှင် ရယ်စရာတော့ ကောင်း၏။ ပင်စင်လစာထုတ်သည့်နေ့ဆို မိန်းမက အသွားအပြန် အငှားကားငှားသွားဖို့ရာ ကားခငွေနှစ်ထောင် ထုတ်ပေးလေသဖြင့် သူပြန်အပ်သည့် ဆယ်လစာ ပင်စင်လစာ သုံးထောင့်နှစ်ရာ့ ငါးဆယ်ဆိုသည့် ငွေက မိန်းမတော့ မည်သို့နေမည် မသိ။ ဘိုးဘဖေအတွက်ကတော့ လင်မယားချင်းပင် ဖြစ်လင့်ကစား အလွန်ပင် အားတုန့်အားနာ ဖြစ်နေမိ၏။
တစ်ခါကလည်း ပင်စင်ငွေ သွားထုတ်စဉ် ငါးတန်းကျောင်းသား မြေးကြီးကို အဖော်ခေါ်သွားဘူး၏။ သူ့၏ ဆယ်လစာပင်စင်ငွေ သုံးထောင်ကျော်လေးကို ကြည့်ပြီး မြေးဖြစ်သူက “နည်းလိုက်တာဖိုးဖိုးရာ..” ဟု ပြောလာသည်ကို “အေးပါကွာ..” က လွဲလို့ သူဘာမျှ ပြန်မပြောနိုင်ခဲ့ပေ။ အဖော်လိုက်လာသည့် မြေးကို အကြော်နှင့် မုန့်ဟင်းခါးတစ်ပွဲသာ ၀ယ်ကျွေးနိုင်သဖြင့် မြေးဖြစ်သူက နောက်နောင် ဘယ်တော့ခေါ်ခေါ် မလိုက်တော့ပေ။
မည်သို့ပင် မိန်းမဆီမှ ပိုက်ဆံတောင်းသုံးနေနေ၊ အဲ့သည်လို ပင်စင်လစာထုတ်သည့် နေ့မျိုးဆိုလျှင်တော့ သမာအာဇီဝကျကျရသည့် ပင်စင်ငွေလေးကို ကျစ်ကျစ်ပါအောင် ဆုတ်ကာ နည်းနည်းများများ ရသမျှကို မိန်းမ၏ လက်ထဲသို့ ယခင်လို မပျက်မကွက် အပ်လိုက်ရမှ စိတ်ထဲ ဘ၀င်ကျမိသည်။ သားသမီးတွေကတော့ ဒီလိုမဖြစ်စလောက်ငွေလေး သူ့တို့အမေကို အပ်တိုင်း ရယ်သွေးသွမ်းချင်သော်လည်း မိန်းမဖြစ်သူကတော့ နားလည်မှုရှိစွာနှင့် “ အင်း… ဒီငွေနဲ့ ဘုရားပန်းဝယ်ရမယ်၊ ဘုရားဆွမ်းကပ်ဖို့ သစ်သီးဝယ်ရမယ်” နှင့် သူ့၏စိတ်ကို ထွက်ပေါက်ပေးသဖြင့် မိန်းမကို စိတ်ထဲကြိတ်၍ ကျေးဇူးတင်မိ၏။
တစ်ခါတစ်ရံ သမီးကြီးပေးသည့် ပိုက်ဆံလေး၊ တစ်လတစ်ခါ သားကန်တော့ သည့် ငွေလေးနှင့် လောက်ငှအောင် သုံးသည်။ သူ့မှာ အထွေအထူး သုံးစရာလည်း မရှိပေ။ ဆေးပေါ့လိပ်ဖိုး လက်ဖက်ရည်ဖိုးလောက်တော့ သုံးဖြစ်၏။ လူချစ်လူခင်များသည့် အဘိုးကြီးဆိုတော့ သူများက ရှင်းသွားသည်မျိုးလည်း ရှိ၏။ သူများရှင်းတာချည်း အမြဲသောက်နေလို့ မဖြစ်သေးတော့ သူပြန်ရှင်းမည့် အလှည့်အတွက်လည်း ပိုက်ဆံလေးကျစ်ပြီး ချန်ထားရသေး၏။ လက်ဖက်ရည်ရှယ်ဗူးနို့ဆီနှင့် တစ်ခွက်သုံးရာဆိုသည့် ဒီခေတ်ကြီးတွင် သူသိပ်ကြိုက်သည့် လက်ဖက်ရည်ချိုချိုကို တစ်ရာ့ငါးဆယ် တန် ချက်နို့ဆီဖြင့် အာသီသဖြေနေတတ်ပြီ။ သူဖတ်ချင်သည့် စာအုပ်လေးများ၊ စားချင်တာလေးများ ရှိလာရင်တော့ ဆယ်ခါရံတစ်ခါ မိန်းမနဲ့ သမီးကြီးအား ပြောပြ၏။
ဘိုးဘဖေတို့အရွယ် ပင်စင်စားတွေက “ အိုပယ် ” တွေ ဖြစ်နေပြီ။ အိမ်က သားတွေသမီးတွေက လိမ်မာသော်ငြား သူတို့၏လုပ်စာကို တစ်ဖန် ပြန်စားနေရတာ စိတ်ထဲ အားတုန့်အားနာ အခါခါ ဖြစ်မိရ၏။ ယခု အချိန်အထိ အင်္ဂလိပ်စကားပြော သင်ပေးနေသည့် ၀င်ငွေရနေဆဲ ဘ၀တူ အငြိမ်းစားကျောင်းအုပ်ကြီးကို အားကျမိသည်။ အသက်၇၀ကျော် ရှေ့နေလိုက်နေဆဲ၊ သူတို့ အဖိုးကြီးတွေ အုပ်စုထဲမှ ငွေအသုံးနိုင်ဆုံး မိတ်ဆွေ အဘိုးကြီးကိုလည်း ကြိတ်အားကျမိ၏။ စာချုပ်တစ်စောင်ရေး ငွေ လေး၊ ငါးသောင်းရနေသဖြင့် သားသမီးမြေးများကိုတောင် သူက တစ်ဖန် ပြန်လည် ထောက်ပံ့နေနိုင်သေးတာ အားကျစရာ..။ ဘိုးဘဖေတို့ အဖွဲ့ထဲကို မကြာမတင်ကမှ ရောက်လာသည့် မီးရထားက ပူပူနွေးနွေးအငြိမ်းစား ယူထားသူတစ်ဦး၊ သူကြပြန်တော့ ဘိုးဘဖေတို့ ပင်စင်စားအဖွဲ့ထဲက စီနီယာပင်စား အသက်၇၂နှစ်အဘိုးကြီးနဲ့ ရာထူးချင်းအတူတူ၊ ပုခုံးနှစ်ဘက် ကြားထဲ ခေါင်းပေါက်တာခြင်း အတူတူ။ ပင်စင်ငွေ အဆများစွာ ကွာပြီး ရနေခြင်းတစ်ခုသာ မတူညီပေ။ သူတို့ကို စိတ်ထဲ ကြိတ်၍ မုဒိတာပွားနေယုံမျှ လွဲ၍ တခြား မည်သည့်စိတ်မျှ မဖြစ်ပေါ်ခဲ့ပေ။
တစ်ခါတစ်ခါ ဒီအကြောင်းတွေကို အိမ်က အမယ်ကြီးပြောပြပြန်တော့ “ အသက်ကြီးနေပြီ..၊ လူကြီးတန်မယ့် ရပ်ကွက်ထဲ အဲ့ဒီလို ဟိုထိုင်သည်ထိုင်၊ ဟိုပြောသည်ပြော အလုပ်တွေ မလုပ်ပါနဲ့လားရှင်၊ ဘာအပူအပင်မှမရှိတာ ဘာသာရေးလေး ဘာလေးဘက် အားစိုက်ပြီး ၀ိပဿနာတရားလေး ဘာလေး အားထုတ်စမ်းပါလားတော်..” ဟု ပြောလာပြန်တော့ သူ့ကိုယ်သူ အများအမြင်မှာ လူပိုတစ်ယောက် ဖြစ်နေပြီလားလို့ တွေးမိ၏။ ဘိုးဘဖေက ဘာသာရေးကို မိရိုးဖလာ ကိုးကွယ်သူဖြစ်သော်လည်း ဘာသာရေးဘက်မှာ အနှစ်ကျကျတော့ ယခုအချိန်အထိ မလုပ်ဖြစ်သေးချေ။ ဘာသာရေးကို အကျယ်တ၀ံ့ မလုပ်ဖြစ်သေးသော်လည်း စိတ်ကိုတော့ အဖြူစင်ဆုံးထား၏။ စိတ်ထားကောင်းလျှင် ကံကောင်းမည်ဟု ခံယူထားသူဖြစ်၏။ ပင်စင်စား သက်ကြားအိုတစ်ယောက် အနေနှင့် သူ့ကြောင့် မည်သူ့ကိုမျှ ၀န်မပိုစေရအောင် နေသူဖြစ်သည်။
————–@@@—————

ဘိုးဘဖေတစ်ယောက် သူ့ရဲ့ ဒေ၀ူးရုပ်မြင်သံကြားစက်အိုကြီးကနေ ထုတ်လွှင့်နေသည့် သတင်းကို နားထောင်နေရင်း စိတ်ထဲက အားမလိုအားမရနှင့် အသံချဲ့လိုက်မိသည်။ နဘေးနား တဆူဆူနှင့် ကစားနေသည့် မြေးနှစ်ယောက် ကိုလည်း “““ ရှူး ””” ကနဲ လုပ်လို့ အသံတိုးစေ၏။ အမယ်ကြီးကိုလည်း လက်ဟန်ပြ၍ သေချာ ထိုင်နားထောင်စေသည်။ ချွေးမနှင့် သမီးဖြစ်သူကလည်း သူတို့အမေအနား လာထိုင်ကာ နားထောင်ကြ၏။ မြေးနှစ်ယောက်ကလည်း ဘာမှန်းညာမှန်းမသိ အသံလေးတိတ်လို့ ငြိမ်သွား၏။ အလုပ်မှအပြန် နောက်ကျနေသည့် သားမှလွဲလို့ အိမ်ရှိလူကုန် ငြိမ်တိတ်လို့ အားလုံး ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပေးနေသည့် သတင်းကို မျက်တောင်မခတ် နားထောင်နေမိ၏။ သတင်းကြေငြာချက် နားထောင်အပြီးမှာတော့ အားလုံး ၀မ်းသာမျက်နှာများနှင့်။ တအောင့်နေတော့ ဘိုးဘဖေတစ်ယောက် သံချက်မှာ ချိတ်ထားသည့် ဖလန်ထည် ရှပ်အိကျီ င်္အဟောင်းလေးကို ကောက်စွတ်လို့ ၀မ်းသာနေသည့် စိတ်ကို မိတ်ဆွေများနှင့် မျှဝေစားသုံးရန် အောက်သို့ ဆင်းလာခဲ့၏။
ထိုင်နေကျ လက်ဖက်ရည်ဆိုင်လေးကို ဘိုးဘဖေရောက်လို့ သိပ်မကြာခင် မှာပင် ဘ၀တူ ပင်စင်စားအဘိုးကြီးတွေ အလျိုလျို ရောက်လာကြတော့၏။ ဘိုးဘဖေတို့ ၀မ်းသာအားရ တစ်ယောက်တစ်ပေါက် ပြောဆိုနေသံများက ဆိုင်လေးအတွင်း ညံညံစီလို့ သွားလေသည်။ ဘိုးဘဖေတို့ နက်ဖြန် မနက်၁၀နာရီခန့် နေမပူခင် ဒီဆိုင်လေးမှာပဲ ဆုံဖို့ စုရပ်သတ်မှတ်လိုက်၏။ သူတို့ လမ်းခွဲတော့ မိုးတောင် အတော်ချုပ်နေလေပြီ။
————–@@@—————

နောက်တစ်နေ့မနက်………
တောင်ဝှေးတစ်ခုကဲ့သို့သာမက နေဒဏ်မိုးဒဏ် ခံနိုင်ရန်အတွက်ပါ အသုံးပြုနေသည့် သူ့၏လက်စွဲတော် တူးအင်ဝမ်းအရောင်မွဲလွင့် ထီးခေါက်ကြီးနှင့် စလုံးစခုလမ်းကို နာနာဖိထောက်လျှက် သွက်သွက်လေး လျှောက်ရင်း ချိန်းထားသည့် ဆုံရပ်ကို မြန်မြန်ရောက်ရန် ခြေလှမ်းအရှိန်ကို ဘိုးဘဖေမြှင့်လိုက်၏။ သူတို့အဖွဲ့ထဲက ၀င်ငွေထောသူ မိတ်ဆွေရှေ့နေကြီးက ကားခ ဒကာခံပေးကာ သူတို့အားလုံး ပင်စင်လစာ တိုးမြှင့်ရရေးအတွက် လျှောက်လွှာသွားတင်ရန် စီစဉ်ထားကြသည်။ သူတို့အုပ်စု မရှိဘူးဆိုလျှင် အနည်းလေးတော့ တက်စီနှစ်စီးတိုက် ငှားသွားရမည်။
ဆုံရပ်ရောက်တော့ လူအတော်စုံနေပြီ။ ပင်စင်စား တရားရုံးရှေ့ဖတ် စာရေးကြီးတစ်ယောက်သာ ရောက်ဖို့ ကျန်တော့၏။ ဘိုးဘဖေလည်း လက်ဖက်ရည်တစ်ခွက်မှာလိုက်ရင်း စကားဝိုင်းမှာ ၀င်ထိုင်လိုက်သည်။ မနေ့ညက တရားဝင်ထုတ်ပြန်ကြေညာသွားသော ပင်စင်စားများအတွက် ပင်စင်လစာကို လက်ရှိရနေသည့် ရာထူး၊ လစာအတိုင်း တိုးမြှင့်ပေး သွားမည်ဆိုသည့် သတင်းအပေါ် စကားစမြုံ့ပြန်ကြသည်။ ဆိုင်မှာ ထိုင်နေကျ မျက်မှန်းတမ်းခင်နေကြသည့် လူငယ်များကလည်း ၀မ်းသာစွာ ၀ိုင်းမေးကြ၏။ သည်နေ့ကတော့ သူတို့ ပင်စင်စားအဘိုးကြီးတွေ မျက်နှာပွင့်နေကြသည်။ အားလုံး၏ မျက်နှာတွင် အပြုံးပန်းများ ဝေေ၀ဆာဆာပွင့်နေကြသဖြင့် မနက်ခင်းလေးမှာ မင်္ဂလာအပြည့်နှင့် ခညောင်းလို့နေတော့သည်။
ဦးဘဖေ၏ စိတ်ထဲ ” အင်း..ပင်စင်လစာတိုးမှာဆိုတာနဲ့ ငါတို့ခမျာ ကလေးတွေလို ၀မ်းသာနေလိုက်ကြတာ၊ အင်း… ငါလည်း နောက်ဆို အိမ်က အမယ်ကြီးကို မျက်နှာမငယ်ပဲ ပိုက်ဆံအပ်နိုင်ပြီ…၊ လှူချင်တန်းချင်တာလေးတွေလည်း လှူနိုင်ပြီ၊ ဘာဘဲဖြစ်နေနေ ပထမဆုံး ပင်စင်လစာတိုးတဲ့ နေ့မှာတော့ ငါသိပ်စားချင်နေတဲ့ ကြေးအိုးတစ်ပွဲတော့ ၀ယ်ပြီး အမယ်ကြီးနဲ့ နှစ်ယောက်အတူ စားလိုက်ဦးမယ်…၊ အင်း.. ကြေးအိုးမစားဖြစ်တာတောင် နှစ်အတော် ချီနေပြီ..”
သိပ်မကြာခင် သူတို့အားလုံး စောင့်နေသည့် နောက်ကျနေသည့် နောက်ဆုံးတစ်ယောက်ဖြစ်သည့် ပင်စင်စား တရားရုံးရှေ့ဖတ်စာရေးကြီးက ခရီးရောက်မဆိုက် “ အားနာလိုက်တာ… နည်းနည်းနောက်ကျ သွားတယ်ဗျာ ” ဟု ပြောကာ ခတ်သုတ်သုတ်ဖြင့် လက်ဘက်ရည်ဆိုင်ထဲ ရောက်လာ၏။ သူ့၏မျက်နှာကို ကြည့်လိုက်တော့ နဖူးမှာ ပလာစတာနှင့်။ “ နဖူးက ဒဏ်ရာက ဘယ်လိုဖြစ်ရတာလဲ ” ဟု အားလုံးက ၀ိုင်းမေးကြတော့ သူက…
“ ဒီကိုလာချင်ဇောနဲ့ အမြဲထွက်နေကြ အိမ်တံခါးပေါက်အကျယ်ကြီးကနေ အဖြတ် တံခါးဘောင်နဲ့ တိုက်မိလို့ နဖူးသွေးစို့သွားတယ်လေဗျာ..”
“ ခင်ဗျားကလည်း ဖြစ်ရမယ်..” “ သတိထားမှပေါ့… ” “ အခုအချိန်မှာ ကျုပ်တို့အားလုံး တစ်ခုမှ အမှားအယွင်း ခံလို့မဖြစ်ဘူးနော်…” စသဖြင့် တစ်ယောက်တစ်ပေါက် ၀ိုင်း၍ပြောကြ၏။
ဤတွင် ဟာသ၊ ဇ၀နဥာဏ်ရွှင်သော ရှေ့ဖတ်စာရေးကြီးက သူ၏ ကျိုးတိုးကျဲတဲ သွားကျိုးကြားက လေတိုးသံနှင့် ဆက်ပြောလိုက်သည့် စကားကြောင့် ပင်စင်လစာ တိုးမည့်ကိစ္စ သွားစုံစမ်းရန် စုဝေးရောက်ရှိနေသည့် ဘိုးဘဖေတို့လို ပင်စင်စားအဘိုးကြီးများသာမက ဆိုင်အတွင်းရှိ လူအတော်များများအားလုံး “ ၀ါး ” ကနဲ ရယ်မိလိုက်လေတော့၏။
“ ဒီနဖူးက ဒဏ်ရာကို ဘာလို့ခေါ်သလဲ ခင်ဗျားတို့ အားလုံးသိရဲ့လား…”
“ အဲ့ဒါ ပင်ရှင်နာလေ… ပင်ရှင်နာဗျ ”

** မြသွေးနီ **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)