(Mexican police capture key Juárez kingpin...
Police say drug cartel enforcer Jose Antonio Acosta Hernandez admits ordering 1,500 killings
** မက္ကဆီကို၌ လူ ၁၅၀၀ သေဆုံးခဲ့မှုကို ကြိုးကိုင်ခဲ့သူ အားဖမ်းဆီး **
(မက္ကဆီကိုစီးတီး၊ သြဂုတ်လ ၁ ရက်)
မက္ကဆီကိုနိုင်ငံမြောက်ပိုင်း ချီဟွာဟွာပြည်နယ်တွင် ဒေသခံ ၁၅၀၀ အား သတ်ဖြတ်ရန်အမိန့်ပေးစေခိုင်းခဲ့သူဟု သံသယရှိသည့် မူးယစ်ဂိုဏ်းခေါင်းဆောင် တစ်ဦးအား ဇူလိုင်လ ၃၁ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က သြဂုတ်လ ၁ ရက်နေ၌ ပြောကြားသည်။ အသက် ၃၃ နှစ်အရွယ် ဂျို့အင်န်တိုနီရိုအေကော်စတာဟာနန်ဒက်ဇ် အမည်ရှိ ၄င်းမူးယစ်ဂိုဏ်းခေါင်းဆောင်သည် မက္ကဆီကိုနိုင်ငံမြောက်ပိုင်း ချူဒက်ဂျူရာရက်ဇ်မြို့၌ ပြီးခဲ့သည့်နှစ်က အမေရိကန်ကောင်စစ်ဝန်ရုံးမှ အမျိုးသမီးဝန်ထမ်းတစ်ဦးနှင့် ၄င်း၏ ခင်ပွန်းဖြစ်သူကို တိုက်ခိုက်ခဲ့ရာ၌ စီစဉ်ညွှန်ကြားခဲ့သူဟု သံသယရှိသူတစ်ဦးလည်းဖြစ်သည်။ မစ္စတာ အေကော်စတာဟာနန်ဒက်ဇ်သည် ချူဒက်ဂျူရာရက်ဇ်မြို့ရှိ မူးယစ်ဂိုဏ်းများ၌ အဓိကအကျဆုံး ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ ဂျူရာရက်ဇ်မြို့သည် မက္ကဆီကိုနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုအဖြစ်ပွားဆုံးမြို့ ဖြစ်ပြီး ၂၀၁၀ ခုနှစ်က အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြည်သူ ၃၀၀၀ ကျော် သေဆုံးခဲ့ရသည်။ (အင်တာနက်)

** တရုတ်ဖောက်စ်ကွန်ကုမ္ပဏီ စက်ရုပ်လုပ်သားတစ်သန်းအစားထိုးမည် **
(ရှန်ကျင်း၊ သြဂုတ် ၁ ရက်)
တရုတ်(တိုင်ပေ)ဖောက်စ်ကွန် နည်းပညာကုမ္ပဏီသည် လာမည့်သုံးနှစ်အတွင်း လက်ရှိအလုပ်သမားများနေရာ၌ စက်ရုပ်လုပ်သားတစ်သန်းပြည့်အောင် ထပ်မံအစားထိုးတာဝန်ပေးတော့မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီဥက္ကဌ တယ်ရီဂူက ဇူလိုင်လ ၃၁ ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ အလုပ်သမားများ၏ လုပ်ခပေးရမှုကို လျှော့ချရန်နှင့် အချိန်တိုအတွင်း အလုပ်များစွာပြီးမြောက်စေရန်အတွက် စက်ရုပ်များနှင့် အစားထိုးခြင်းဖြစ်ကြောင်း၊ စက်ပစ္စည်း အစိတ်အပိုင်းများတပ်ဆင်ခြင်း၊ ဂဟေဆော်ခြင်းနှင့် ဆေးမှုတ်ခြင်းအစရှိသည့် ပုံမှန်အလုပ်များနှင့် လွယ်ကူရှင်းလင်းသော အလုပ်များကို စက်ရုပ်များဖြင့် အစားထိုးပြုလုပ်စေမည်ဖြစ်ကြောင်း မစ္စတာတယ်ရီဂူက ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** အိန္ဒိယ၌ ရထားနှစ်စင်းတိုက်။ သုံးဦးသေဆုံး **
(နယူးဒေလီ၊ သြဂုတ်လ ၁ ရက်)
အိန္ဒိယနိုင်ငံ အနောက်ဘင်ဂေါပြည်နယ်တွင် ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ရထားနှစ်စင်းတိုက်မှုဖြစ်ပွားခဲ့ရာ ခရီးသည် သုံးဦးသေဆုံးခဲ့ပြီး ၅၀ ခန့်ဒဏ်ရာရရှိခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က သြဂုတ်လ ၁ ရက်နေ့၌ ပြောကြားသည်။ ဖြစ်စဉ်မှာ အိန္ဒိယနိုင်ငံ ဂူဝါဟာတီမြို့မှ မောင်းနှင်လာသော အထူးရထားတစ်စင်းနှင့် အခြားခရီးသည် တင်ရထားတစ်စင်းတို့ ကိုလ်ကတ္တားမြို့ မြောက်ဘက် ၃၄၇ ကီလိုမီတာအကွာ မာလ်ဒါခရိုင်အတွင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မတော်တဆတိုက်မှုဖြစ်ပွားရခြင်းမှာ ဂူဝါဟာတီမှ ဘန်ဂလောမြို့သို့ မောင်းနှင်လာသော အထူးရထားမှ အင်ဂျင်ချွတ်ယွင်းမှုကြောင့် ရပ်ထားစဉ် ဇူလိုင်လ ၃၁ ရက်နေ့ ဒေသစံတော်ချိန် ၁၉ နာရီ ၀၅ မိနစ်၌ ခရီးသည်တင်ရထားက ၀င်တိုက်မိခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
** အမေရိကန်ဝေဟင်၌ လေယာဉ်နှစ်စင်းတိုက်မိ **
(ဆန်ဖရန်စစ္စကို၊ သြဂုတ်လ ၁ ရက်)
အမေရိကန်နိုင်ငံ အလာစကာပြည်နယ်တွင် ဇူလိုင်လ ၃၁ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၄ မိနစ်ခန့်က ဝေဟင်၌ လေယာဉ် နှစ်စင်းတိုက်မိခဲ့ရာ လေးဦးသေဆုံးခဲ့ကြောင်း အမေရိကန်အရာရှိများက သြဂုတ်လ ၁ ရက်နေ့၌ ပြောကြားသည်။ ဖြစ်ပွားမှုမှာ အလာစကာပြည်နယ် အင်န်ချော့မြို့အရှေ့မြောက်ဘက် ၁၄၅ ကီလိုမီတာခန့်အကွာဝေဟင်၌ အင်ဂျင်နှစ်လုံးတပ် ဆက်နာအမျိုးအစား လေယာဉ်နှစ်စင်းတိုက်မိခဲ့ခြင်းဖြစ်သည်။ ထိုသို့ လေယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် အနီးရှိ အမ်ဘာရေအိုင်ကြီးအနီး တရာပါစရက်အရပ်၌ ပျက်ကျခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
** တောင်ကိုရီးယား၌ အပူလှိုင်းရိုက်ခတ် **
(ဆိုးလ်၊ သြဂုတ်လ ၁ ရက်)
တောင်ကိုရီးယားနိုင်ငံ အလယ်ပိုင်းဒေသများတွင် မိုးသည်းထန်နေဆဲဖြစ်ပြီး ရေကြီးမှုနှင့် ကြုံတွေ့ခံစားနေရစဉ်မှာပင် နိုင်ငံ၏ တောင်ဘက်ပိုင်းတွင် အပူလှိုင်းကျရောက်လာကြောင်း သြဂုတ်လ ၁ ရက်နေ့က အင်တာနက်သတင်းတွင် ဖော်ပြသည်။ မြို့တော်ဆိုးလ် အပါအ၀င် နိုင်ငံအလယ်ပိုင်းတွင် မိုးသည်းထန်သည့်ဒဏ် ခံစားနေရဆဲဖြစ်ပြီး အဆိုပါဒေသတွင် မုန်တိုင်းတိုက်ခတ်နိုင်ကြောင်း အရေးပေါ် သတိပေးချက်များ ထုတ်ပြန်ထားရကြောင်း သိရသည်။ (အင်တာနက်)
** အင်ဒိုနီးရှားတွင် ကားတစ်စီး တိုက်ခိုက်ခံရ **
(ဂျကာတာ၊ သြဂုတ်လ ၁ ရက်)
အင်ဒိုနီးရှားနိုင်ငံ ပါပူဝါခရိုင်၏ ခရိုင်ခွဲ အဘီပူရာရှိ နာဖာရီကျေးရွာ၌ ဒေသစံတော်ချိန် သြဂုတ်လ ၁ ရက် နံနက် ၃ နာရီ ၁၃ မိနစ်က လက်နက်ကိုင်အချို့ ကားတစ်စီးကို တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး ကျန်သူများမှာ ဒဏ်ရာများရရှိခဲ့သည်။ ယင်းလက်နက်ကိုင်တို့သည် ပြောင်းရှည်ရိုင်ဖယ်များ၊ ဓားရှည်များ၊ ပုဆိန်များဖြင့် ကားပေါ်ရှိလူများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၄ နာရီခန့်ရောက်မှ တိုက်ပွဲပြီးခဲ့ကြောင်း သိရသည်။ (အင်တာနက်)
** အယ်လ်ဆာဗေဒို၌ ဘတ်စ်ကားမှောက် **
(ဆန်ဆဲလ်ဗာဒို၊ သြဂုတ်လ ၁ ရက်)
အယ်လ်ဆာဗေဒိုနိုင်ငံ လာပါဇ်ပြည်နယ်အတွင်း၌ ဇူလိုင်လ ၃၁ ရက်နေ့ နံနက်အစောပိုင်းက ခရီးသည်တင် ဘတ်စ်ကားတစ်စီးသည် လမ်းကွေ့တစ်နေရာအရောက် ဘရိတ်ပေါက်သဖြင့် မြောင်းကြီးတစ်ခုအတွင်းသို့ တိမ်းမှောက်ခဲ့ရာ ၁၃ ဦး သေဆုံးပြီး ၃၀ ဒဏ်ရာရခဲ့သည်။ (အင်တာနက်)
**ပင်လယ်ကြမ်းပြင်အောက်သို့ တူးဖောက်ပြီး ငလျင်ငြိမ်များကို လေ့လာမည် **
(၀ယ်လင်တန်၊ သြဂုတ်လ ၁ ရက်)
ကမ္ဘာတစ်ဝန်းမှ သိပ္ပံပညာရှင်များက လာမည့်သီတင်းပတ်မှစတင်ကာ နယူးဇီလန်နိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းတွင် ပင်လယ်ကြမ်းပြင်အောက်သို့ လွန်ဖြင့်တူးဖောက်ပြီး အသံတိတ်လှုပ်နေသော ငလျင်ငြိမ်များနှင့် ပတ်သက်ပြီး လေ့လာရန် ဆွေးနွေးကြမည်ဖြစ်ကြောင်း ဇူလိုင်လ ၃၁ ရက်နေ့၌ သတင်းထုတ်ပြန်သည်။ ကမ္ဘာမြေအတွင်းပိုင်းရှိ ပြတ်ရွေ့လွှားကြီးများ၏ နယ်နိမိတ်အဆုံးပိုင်း၌ ပြတ်ရွေ့လွှာကြီးများ တစ်ခုနှင့် တစ်ခု ဖြည်းညင်းစွာ ပွတ်တိုက်ထိတွေ့နေမှုများဖြစ်ပေါ်ခြင်းကို ငလျင်ငြိမ်များဟု အမည်ပေးထားသည်။ ပြတ်ရွေ့လွှာကြီးတစ်ခုမှ နောက်တစ်ခုသို့ ဖြည်းညင်းစွာ တွန်းတိုက်မှုဆင့်ကဲဖြစ်ပေါ်လာရာမှ မြေအောက်ငလျင်များ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- ဇော်ဦးစိုး **

No comments:
Post a Comment