တစ်ခါတုန်းက တောအုပ်ကြီး တစ်အုပ်ထဲမှာ ဖားအုပ်စုကြီး တစ်စုရှိတယ်တဲ့။ ဖားကောင်ရေ ၁၀၀ လောက်တောင် ရှိတယ်ဆိုပဲ။ အဲဒီဖားအုပ်စုကြီးကို အုပ်ချုပ်တဲ့ ဖားဘုရင်ကြီးနာမည်က အူဝါတဲ့။ ဘုရင်ကြီး အူဝါပေါ့။ သူ့မှာ တီးမင်လို့ ခေါ်တဲ့ ဖားပညာရှိကြီး တစ်ယောက်ရှိတယ်တဲ့။ သူတို့နေတဲ့ မြေအောက်နန်းတော်တွေထဲမှာ ဖားလေးတွေကို ပြုစုပျိုးထောင်ပေးတယ်။ သားကောင်တွေကို ဘယ်လိုဖမ်းရတယ်ဆိုတာကိုပါ သင်ပေးတာပေါ့။ သူတို့နန်းတော်ရဲ့ မနီးမဝေးမှာ ရေကန်ကြီး တစ်ကန်ရှိပြီး မိုးဥကျခါစရောက်ရင် ဖားဘုရင်ရဲ့ မိဖုရားအပြင် ဖားမတွေဟာ ဥတွေ ဥချဖို့ သွားတာပေါ့။ အဲဒီအချိန်ကျရင် တခြားဖားတွေက အဆောင်တွေကို ဆောက်ရတယ်တဲ့။ ဒီလိုနေလာကြရင်းနဲ့ တခုသော နွေဦးကို ရောက်တဲ့အချိန်မှာ ဘုရင်ကြီး အူဝါကို တီးမင်က လျှောက်တင်တယ်။
“မင်းကြီး၊ အခုနှစ်မှာ ရာသီဥတုဖောက်ပြန်ဖို့ အခွင့်အလမ်းတွေများနေတယ်။ ဒီအရပ်ဒေသမှာ ဆက်လက်နေဖို့ မသင့်တော်ပါဘူး အရှင်”
“ဟ…ဘယ်လိုအကြောင်းများကြောင့်လဲ ပညာရှိကြီး”
”အခုဆိုရင် မြေလွှာတွေမှာလည်း အက်ကွဲကြောင်းတွေ ထင်လာပါပြီ။ ပူပြင်းလှတဲ့နေရောင်ကြောင့် တောအတွင်းက သစ်ပင်များဟာ ကြပ်တိုက်ထားတဲ့ ထင်းကိုင်းခြောက်များသဖွယ် လောင်ကျွမ်းဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့ကိုယ်ကနေထွက်တဲ့ သားကောင်ကို ဖမ်းမယ့် စေးပျစ်တွေ အရည်တွေဟာ မကြာခင်ကာလမှာပဲ အလုပ်လုပ်နိုင်မှာမဟုတ်တော့ဘူး။ ဒီတော့ ရာသီဥတုသိပ်မဆိုးရွားလာခင် ဟိုဘက်ဌာနေကို ပြောင်းသင့်ကြောင်းပါ”
ဒါနဲ့ပဲ ဘုရင်ကြီးဟာ နန်းတော်ပြောင်းဖို့လုပ်တာပေါ့။သူတို့နန်းတော်ထဲက အဖိုးထိုက်အဖိုးတန် ပစ္စည်းတွေကို သယ်ပိုးပြီး ရွှေ့ကြတာပေါ့။ သူတို့တွေ ပစ္စည်းတွေ ရွှေ့လို့ ကုန်ခါနီးမှာ ဖားအလုပ်သမားတွေထဲက ၂ ကောင်ဟာ ကျင်းကြီး ၁ ကျင်းထဲကို ပြုတ်ကျသွားသတဲ့။ ဘယ်လောက်နက်တဲ့ ကျင်းလဲဆိုရင် ငုံ့ကြည့်ရင်တောင် အောာက်ခြေကို မမြင်ရဘူးတဲ့။ ဒီတော့ ကျင်းအပေါ်မှာ ရှိတဲ့ ဖားတွေဟာ အောက်က ဖား၂ ကောင်အတွက် စိတ်မကောင်းဖြစ်ရုံက လွဲပြီး တခြားဘာကိုမျှ မတတ်နိုင်တော့ဘူးပေါ့။ အောက်က ဖား၂ ကောင်ကတော့ သူတို့ရှင်သန်ဖို့၊ လွတ်မြောက်ဖို့အတွက် ကျင်းနှုတ်ခမ်းပေါ်ကို ရောက်ရမယ်ဆိုတာကို သိနေကြတာပေါ့။ ဒီတော့ ဖား ၂ ကောင်ဟာ အပေါ်ကို ခုန်တက်နိုင်ဖို့ ကြိုးစားကြတာပေါ့။ သူတို့ ၂ ကောင် ပေါင်းပြီးတော့ အပေါ်က ဖားတွေကို အော်ပြောသတဲ့။
“ဟးးးးးးးးငါတို့ တက်လာမယ်။ ငါတို့ကို ခဏစောင့်ဦး၊ မသွားနှင့်ကြနဲ့ဦး”
ကျင်းက လှိုဏ်သံနဲ့ဆိုတော့ အပေါ်က ဖားတွေကလည်း သူတို့ အသံကို ကြားသတဲ့။ ဒါကို ဖားအကြီးအကဲက အပေါ်က ကြားတော့ သူစဉ်းစားလိုက်တယ်။
အင်း…အမြင့်ကလည်း နည်းတာ မဟုတ်ဘူး။ မတော်တဆခုန်ရင်းနဲ့ ပြန်ပြုတ်ကျရင် ဒီဖားတွေတော့ ဦးနှောက်ပွင့်ပြီး သေတော့မှာပဲ။ အောက်ထဲမှာပဲ စောင့်နေရင်းတောင် ငါတို့ တခုခုလုပ်ပေးနိုင်သေးတယ်။ ဒီတော့ မခုန်ခိုင်းဘူး။
“ဟးးးးမခုန်နဲ့။ မခုန်နဲ့။ မင်းတို့ မခုန်နိုင်ဘူး။ မြင့်လွန်းအားကြီးနေတယ်”
အပေါ်ကဖားအုပ်စုကြီးက ပြန်အော်တာပေါ့။
“ဟးးးးးးးးငါတို့ တက်လာမယ်။ ငါတို့ကို ခဏစောင့်ဦး”
“ဟးးးးမခုန်နဲ့။ မခုန်နဲ့။ ငါတို့ မင်းတို့အတွက် တခုခုလုပ်ပေးမယ်”
နည်းနည်းကြာလာတော့ ဖား၂ ကောင်ထဲက ကိုယ်လုံးကိုယ်ထည် တုတ်ခိုင်တဲ့ ဖားပြုတ်ကြီးက အရင်ဆုံးခုန်လိုက်သတဲ့။ သူတတ်နိုင်သမျှ အမြင့်ကို မှန်းပြီး ခုန်လိုက်ပေမယ့် သူခုန်တာက အင်တိုက်အားတိုက်မရှိလေတော့ တခါတည်း ပြုတ်ကျပြီး သေသွားရောတဲ့။
ဒီမှာ ကျန်တဲ့ဖားကလည်း အပေါ်ကို လှမ်းအော်သတဲ့။ အပေါ်ကဖားတွေကလည်း ခုနက အတိုင်းပဲ အသံပြန်ပေးသတဲ့။
အဲဒီလို အသံပြန်ပေးသံလည်း ကြားရော ဖားပေါင်စင်းလေးဟာ မျက်စိကို မှိတ်ပြီး စုန် ခုန်လိုက်တာ ကျင်းပေါ်ကို ၀ုန်းခနဲ ပြန်ရောက်သွားသတဲ့။ အဲဒီမှာ စောင့်ကြည့်နေတဲ့ ဖားတွေဟာ အံ့သြသင့်သွားကြတာပေါ့။ အကောင်ကြီးကြီး ဖားပြုတ်ကြီးက အပေါ်ကို ပြန်ရောက်မလာဘဲ ဖားပေါင်စင်းလေးက ပြန်ရောက်လာတာကိုး။ ဒါနဲ့ သူ့ကို ၀ိုင်းမေးကြတာပေါ့။ မင်းငါ့တို့ အော်သံတွေ မကြားဖူးလား။ မင်းကို ပြန်တက်မလာနဲ့လို့ပြောတာကို မကြားဖူးလားလို့မေးတာပေါ့။ ဒီမှာ ဖားလေးက ဘာပြောလဲဆိုတော့
`ကျွန်တော်က မွေးတည်းက နားလေးနေတဲ့ဖားလေးပါ။ တော်ရုံဆိုရင် ကျွန်တော့်ကို အနားကပ်ပြောမှကြားရတာပါ။ ခုနက ဒီက ဖားတွေ အော်ပြောတာကိုလည်း ကျွန်တော်ဘယ်လိုကြားလဲဆိုတော့ “ဟးးးးးခုန်တက်ခဲ့ကွ။ ငါတို့စောင့်နေမယ်” “ဟုတ်ပြီကွ။ ခုန်ထား” လို့ ကြားလို့ ကျွန်တော် ခုန်လိုက်မိတာ”လို့ ရှင်းပြသတဲ့။
နားထောင်နေတဲ့ ဖားတွေဟာ အံ့သြမင်သက်လွန်းလို့ စကားတစ်ခွန်းမှတောင် မပြောနိုင်ဘူးတဲ့။ ဒီမှာတင် တီးမင်က ဘာမှတ်ချက်ချသလဲဆိုတော့
“တခါတခါ ငါတို့တွေ နားပင်းပေးတာက ပိုကောင်းမယ်”တဲ့။
ကဝေတို့ရော
ကျင်းတွေထဲကို မကျဖူးဘူးလား။
ကျဖူးကြတာပေါ့။ လူမှုရေးနဲ့ ပတ်သက်ပြီး အားနာပါးနာနဲ့ ကျင်းထဲကို ကျရတာက အကြိမ်ကြိမ်။ ဆွေမျိုးသားချင်း၊ မိဘမောင်ဖွားကိစ္စတွေ၊ သားသမီးရေးတွေကြောင့် ကျင်းထဲကို ကျရတယ်။ ငွေကြေးအခက်အခဲ၊ ကျန်းမာရေးအခြေအနေတွေကြောင့် ကျင်းတွေထဲကို သက်ဆင်းရတယ်။ ကဝေတို့ ဘာလုပ်ကြမလဲ။
ကဝေတို့အနားမှာထိုင်ပြီး
“အးဟာ။ ဒီအခြေအနေမျိုးနဲ့ ကြုံရတာ တကယ့်ကို စိတ်မချမ်းသာစရာပဲ။ ဘယ်လိုလုပ်ပြီး အဆင်ပြေမလဲ။ အခြေအနေက ဒီအထိတောင် ဖြစ်နေပြီ”
ဆိုပြီး စိတ်ပျက်ဖွယ်ရာတသီတတန်းကြီးပြောလာတဲ့၊ အားလျော့ဖို့ပြောလာတဲ့ စကားတွေကို နာယူကြမလား။
“ငါတော့ တတ်နိုင်သလောက်လေး ကြိုးစားကြည့်ဦးမှပဲ”
ဆိုပြီး မ၀ံ့မရဲနဲ့ မထိတထိလေး ခုန်ကြည့်မလား။ ဒါမှမဟုတ် ကိုယ့်ကို ဝေဖန်လာတဲ့၊ အားပျော့စေတဲ့စကားတွေကို လျစ်လျူရှု့ပြီး
“ဒါမှ ငါကွ”ဆိုပြီး ခုန်ကြည့်ကြမလား။
ကဝေ ထင်တယ်။
ခုနက ဖားပေါင်စင်းလေးဟာ တကယ် နားလေးနေတာ ဟုတ်ချင်မှ ဟုတ်မှာပါလေ။
**နှင်းနုလွင်(ကဝေ)**

No comments:
Post a Comment