***ညီအကို--- မောင်နှမများ ခင်ဗျား….။
“အမွေ” “သမိုင်းအမွေ” “သမိုင်းဆိုတာ ရှေးအခါက “ရာဇ၀င်”လို့ ခေါ်ခဲ့ကြရာကနေ သမိုင်း-ဖြစ်လာတာပါ။ “အတိတ်သမိုင်းဖြစ်ရပ်များသည် ပစ္စုပ္ပန်သမိုင်း ဖြစ်ရပ်များကို ထင်ဟပ်စေ၏။ ကောင်းမွေ၊ ဆိုးမွေ”များကို ပေးဝေစေ၏” တဲ့။ ဒါကသမိုင်းဆိုရိုးတစ်ခုပါ။ “သမိုင်း သင်တာ မအအောင်လို့” “သမိုင်းဆိုတာ အမှားကြာရင် အမှန်ဖြစ်တတ်တယ်”ှု
စတဲ့ ပြောင်မြောက်တဲ့ ကောက်ချက်ချမှုတွေက ကွယ်လွန်သူ သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းက ပြောခဲ့တာပါ။ “သမိုင်းဆိုတာ ခေါက်ကုတင်တစ်လုံးနဲ့ တူပါတယ်။ လိုရင် ယူသုံး၊ မလိုရင်ခေါက်ထားပေါ့”ဆိုတဲ့ ဆိုဗီယက် ပြည်ထောင်စုခေါင်းဆောင်ဟောင်းနဲ့ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်မီခေးလ်ေ၈ါ်ဘာချက်ဗ်ရဲ့ သမိုင်းစကားဟာလည်း မှတ်သားလောက်ပါတယ်။ ဒီတော့ကာ တစ်ခါတုန်းက၊ ရှေးရှေးတုန်းက “ရာဇ၀ံသ”ဆိုတဲ့ “မင်းတွေအကြောင်း၊
ရာဇာတွေအကြောင်း”ရေးသားပြုစုခဲ့ကြတဲ့ “ရာဇ၀င်”ဆိုတာကနေ (ခေတ်၊ စနစ်၊ လူထု)စတဲ့ဖြတ်သန်းမှု မှတ်တမ်းအစုစုကို “သမိုင်း”ရယ်လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။ အင်္ဂလိပ်လို ပြောရရင် (History) ဆိုတာနဲ့တင် လုံလောက်ပါပြီ။ အဲဒီတော့ အာရှနေ၀န်းနီ(ခေါ်)မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်ဖြစ်တဲ့ ဆရာတော် ဦးဥတ္တမကနေ နောင်လာနောက်သား ပြည်သူအများ(ပြည်သူအများ၊ အများပြည်သူဆိုရာမှာ အလုပ်သမား၊ လယ်သမား၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျောင်းသားလူငယ် စသဖြင့် လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ မြန်မာပြည်သား ပြည်သူလူထုကြီးတရပ်လုံးကို ဆိုလိုတာဖြစ်ပါတယ်။)
အဲဒီလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ မြန်မာပြည်သူလူထုကြီးကို လွတ်လပ်ရေးဆိုတာ(ဒါ)၊ လွတ်လပ်ရေးရအောင်ကြိုးပမ်းအားထုတ်ရမှာက (ဒီလို)ဖြစ်တယ်လို့ မျက်စိဖွင့်၊ အလင်းတံခါးဖွင့်၊ ကန့်လန့်ကာဖွင့်ပေးခဲ့တဲ့ ကျေးဇူးရှင်ကြီးဟာ ဆရာတော် ဦးဥတ္တမပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာမှု မြန်မာ့နယ်အလိုအရ “ကတင်ညုတ၊ ကတဝေဒီ”(သူတစ်ထူးရဲ့ ကျေးဇူးကိုသိတတ်စွာဖြင့် ကျေးဇူးဆပ်တတ်ခြင်း)ဆိုတာကို ဒီကနေ့ ဒီရက်၊ ဆရာတော်ရဲ့ အနှစ် ၇၂-မြောက် ဘ၀နတ်ထံ ပျံလွင်္နတောင်္င်္မူ်ခြင်း အောက်မေ့ဖွယ်နေ့မှာ ကျေးဇူးပြန်ပြုကြ၊ စံနမူနာပြု အတုယူကြရမှာ ဖြစ်ပါတယ်။
*** ညီအကို၊ မောင်နှမတို့….။
ဆရာတော် ဦးဥတ္တမဟာ ဘယ်လောက်အထိ သမိုင်းဂုဏ်ရှိန်ထိန်ဝါခဲ့သလဲဆိုရင် ၁၉၂၂-ခုနှစ်က ရန်ကုန် ဂျီစီဘီအေ အသင်းချုပ်ကြီးမှာကျင်းပတဲ့ “အမျိုးသားနေ့”သတ်မှတ်ရေးအစည်းအဝေးကြီးကနေ “အရေးကြီးတဲ့ နေ့ကြီးသုံးနေ့”ကို ၀ိုင်းဝန်းဆွေးနွေးအဆိုပြုခဲ့ကြပါသတဲ့။ အဲဒီသမိုင်းရဲ့ အရေးကြီးနေ့သုံးနေ့ထဲမှာ- ဆရာတော် ဦးဥတ္တမ ပထမဦးဆုံး အဖမ်းခံရတဲ့နေ့ ဟာ အပါအ၀င်ဖြစ်ပါတယ်။ အခြားနေ့နှစ်နေ့ကတော့ သီပေါမင်း ပါတော်မူသောနေ့ (တန်ဆောင်မုန်းလဆုတ် ၈-ရက်)နဲ့ ပထမကျောင်းသား သပိတ်တိုက်ပွဲနေ့(တန်ဆောင်မုန်းလဆုတ် ၁၀-ရက်တွေဖြစ်ပါတယ်။
*** ညီအကို မောင်နှမတို့………။
ဒီနေရာမှာ ဆရာတော် ဦးဥတ္တမဟာ ဘယ်လိုရဟန;်တော်မျိုး(၀ါ) ဘယ်လိုအာဇာနည်ရဟန်းတော်မျိုးလည်း ဆိုတာ တစ်ချက်ဆန်းစစ်ကြည့်ရအောင်ဗျာ….။
ဆရာတော် ဦးဥတ္တမဟာ လူနံမည် “ပေါ်ထွန်းအောင်”ဖြစ်ပြီး အဖ-ဦးမြ၊ အမိ-ဒေါ်အောင်ကျော်သူတို့ကနေ ရခိုင်ပြည်၊ စစ်တွေမြို့မှာ (၁၈၇၉-ခုနှစ် ဒီဇင်ဘာလ ၂၇-ရက်)နေ့မှာ မွေးဖွားသန့်စင်ခဲ့ပါသတဲ့။ အကြီးဆုံးသားဖြစ်ပြီး ညီငယ် ကျော်ထွန်အောင်နဲ ညီမငယ်- မအိမ်စိုးတို့ဟာ သူ့ရဲ့မွေးချင်းတွေဖြစ်ပါသတဲ့။ (မအိမ်စိုး ဆိုတာ နောင်အခါ ကုမ္မာရီအသင်းကို တည်ထောင်ခဲ့တဲ့ ဒေါ်အိမ်စိုး ဖြစ်လာမယ့်သူပါ။)
ဦးဥတ္တမ အလောင်းအလျာ ပေါ်ထွန်းအောင်နဲ့ သူ့ထက် ၃-နှစ်ငယ်ရွယ်သူ ကျော်ထွန်းအောင်တို့ဟာ အသက် ၉-နှစ်နဲ့ ၆-နှစ်အရွယ်တွေရောက်လာတဲ့တိုင်အောင် စာသင်ကျောင်းမှာ ပညာသင်ချင်တာမို့ မိဘတွေဆီပူဆာတာမရကြဘူးတဲ့။ ဒါကြောင့် အိမ်ကထွက်ပြေးကြ၊ ၁၅-ရက်လောက်ရောက်မှ မိဘတွေက မျက်ကလဲဆန်ပျာနဲ့ လိုက်ရှာတော့တွေ့ကြ၊ သစ်ပင်တစ်ပင်အောက်မှာ တွေ့ရတဲ့သူတို့ညီအကိုကို မိဘတွေက အိမ်ပြန်ခေါ်၊ အိမ်ရောက်တဲ့ ဒီလောက်တောင် အင်္ဂလိပ်ကျောင်းမှာနေချင်တဲ့ နှစ်ကောင်ကို အင်္ဂလိပ်စာ မြန်မာနှစ်ဘာသာ သင်ကျောင်းမှာ ထားမဟဲ့…။ လာခဲ့စမ်း…. နင်တို့နေချင်တဲ့ အင်္ဂလိပ်ကျောင်း၊ နေစမ်းပေါ့ဗျာ။ ဒီလိုနဲ့ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်းမှာ နေခွင့်ရတဲ့အခါ သူငယ်တန်းက စတက်ရတာကို ပေါ်ထွန်းအောင်က ဘ၀င်မကျဘူးလေ။ ကြည့်… (အာဇာနည် သတ္တိ၊ “ဇ”က ပြလာပြီနော်)
ကျောင်းက အင်္ဂလိပ်လူမျိုး ကျောင်းအုပ်ဆီကို သူကတည့်တည့်မတ်မတ် သွားတွေ့တယ်။ “ဆရာကြီး၊ ကျုပ်က သူငယ်တန်းမှာ မနေနိုင်ဘူး၊ ကျုပ်တတ်ထားတာက သုံးတန်းလောက်မှာ ဖြစ်မှာ”လို့ ပြောမှာပေါ့ဗျာ။ အဲဒီမှာပဲ ကျောင်းအုပ်က သုံးတန်းအင်္ဂလိပ်ကို ဖတ်ခိုင်းတဲ့အခါကျတော့ အထစ်အငေါ့မရှိ (ဘွတ်-ရွှတ်-ဒိုင်း)ရွတ်ပြလိုက်တာပေါ့ဗျာ။ အဲဒီလို သူဒီအတန်းလောက်တော့ အပျော့ပေါ့လို့ အာဂသတ္တိပြနိုင်ပြီးတဲ့အခါ အသက် ၉-နှစ်အရွယ်နဲ့ ၃-တန်းမှာ ပညာသင်ကြားခွင့်ကိုရရှိခဲ့တာ ဖြစ်ပါတယ်။ ရမှာပေါ့ဗျ။ ၅-တန်းကျောင်းသားဘ၀မှာ၊ အင်္ဂလိပ်လူမျိုး ရခိုင်တိုင်း၊ တိုင်းမင်းကြီးကိုယ်တိုင် ဆုပေးခဲ့တဲ့ ပြိုင်ပွဲတစ်ခုမှာ “ပေါ်ထွန်းအောင်”ဟာ ဒုတိယဆုရခဲ့ပါတယ်။ အဲဒီ ဒုတိယဆုကို လက်ခံရယူပြီး ညီငယ်ကျော်ထွန်းအောင်ကိုခေါ်၊ စစ်တွေကမ်းနား ဆီချီတက်သွားကြ၊ ကမ်းနားရောက်တော့- “ဟေ့ ငါ့ညီ၊ ဆုဆိုတာ ပထမပဲယူရတယ်ကွ၊ ဒုတိယ တို့ တတိယတို့ဆိုရင် ဘယ်တော့မှ မယူလေနဲ့”လို့ ပြောလည်းပြော၊ ဆုကိုဖျက်ဆီးပြီး လွှင့်ပစ်လိုက်ပါသတဲ့။
(ဒါက ပေါ်ထွန်းအောင် ရဲ့ “ဇ”တွေ၊ ဦးဥတ္တမ အလောင်းအလျာရဲ့ အာဂသတ္တိတွေရဲ့ ရှေးပြေး နိမိတ်တွေ၊ ဒီထက်နက်နက်နဲနဲ ပြောရရင် တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ် အာဇာနည်တွေ၊ သူရဲကောင်းတွေ ထားရှိရမယ့် စိတ်ရင်း စိတ်ထားသမိုင်း အမွေတွေပေါ့ဗျာ။)
ဒီလိုနဲ့ အသက် ၁၅-နှစ်အရွယ်မှာ အိန္ဒိယပြည်၊ ကာလကတ္တားမြို့ကို သွားတယ်။ ကာလကတ္တား တက္ကသိုလ်မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်တယ် (၁၀-တန်းအောင်တယ်ပေါ့ဗျာ)၊ အဲဒီကနေ မြန်မာပြည်ပြန်ကြွလာပြီး ပခုက္ကူမြို့ ရေစကြို စာသင်တိုက်မှာ ဗုဒ္ဓစာပေ၊ ကျမ်းဂန်တွေကို သင်ယူပါသတဲ့။ ဒီလိုနဲ့ ၁၉၀၀-ပြည်နှစ်လည်း ရောက်ရော ရဟန်းဝတ်နဲ့ အိန္ဒိယပြည်ကို ပြန်ကြွတယ်။ သိကြတယ်နော်။ ကျုပ်တို့မြန်မာပြည်က အင်္ဂလိပ်ရဲ့ လက်အောက်ခံ ဖြစ်ပြီး အိန္ဒိယရဲ့ ပြည်နယ်တစ်ခုအဆင့်ပဲ ရှိသေးတဲ့ ပထ၀ီနိုင်ငံရေးဘ၀မှာ ရှိနေတယ်နော်။ အဲဒီ ကာလကတ္တားမြို့၊ အမျိုးသားကောလိပ်ကနေ ပါဠိ၊ သက္ကဋ၊ ဘင်္ဂါလီ၊ ရှေးစောင်း ဟိန္ဒူစာပေ၊ ကျမ်းတွေကို သင်ယူခဲ့တယ်။ ပြီးတော့တစ်ခါ….. အဲဒီကာလကတ္တား အမျိုးသားတက္ကသိုလ်မှာပဲ “ပါဠိပါမောက္ခ“အဖြစ်နဲ့ ဆောင်ရွက်ခဲ့တယ်။ အဲဒီလို ကာလကတ္တားမှာ ရှိနေတုန်း အိန္ဒိယ အမျိုးသားလွတ်မြောက်ရေး ဦးဆောင်ပါတီကြီးဖြစ်တဲ့ “ကွန်ဂရက်ပါတီ”ကို ဆရာတော်က ၀င်ခဲ့တယ်။ ကွန်ဂရက်ပါတီရဲ့ ဗမာပြည်နယ်ခွဲ အဖွဲ့ဝင်ပေါ့ဗျာ။
အဲဒီကာလကတ္တားမြို့က၊ ဟိန္ဒူအမျိုးသား “ဆဗေ့”အသင်းကြီးက “ဥက္ကဌ”ရွေးချယ်တင်မြှောက်တဲ့အခါမှာ နာမည်ကြီး ကွန်ဂရက်ခေါင်းဆောင်၊ ဟိန္ဒူခေါင်းဆောင်ကြီး တွေကို ကျော်လွန်ပြီး ကျနော်တို့ရဲ့ ဆရာတော် ဦးဥတ္တမက ဥက္ကဌ ဖြစ်လာခဲ့သတဲ့ဗျို့။
ဒီလိုနဲ့ (၁၉၀၃)ခုနှစ် ရောက်လာတယ်။ အိန္ဒိယ ကနေ ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီစတဲ့ ဥရောပနိုင်ငံတွေဆီ လှည့်လည်ပြီး အဲဒီနိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေး၊ ယဉ်ကျေးမှုစသဖြင့် ရေးရာအဖြာဖြာကို လေ့လာခဲ့တယ်။ ဥရောပတခွင်လှည့်လည်နေတုန်း (၁၉၀၄-၁၉၀၅)ခုနှစ်မှာ ဂျပန်ကနေ ကျူးကျော်လာတဲ့ ဥရောပအင်အားကြီး ရုရှားကို အပြတ်အနိုင်ယူလိုက်တဲ့အခါမှာ ဆရာတော်ဟာ ဂျပန်ကို စိတ်ဝင်စားလာတယ်။ ဒါကြောင့် ဂျပန်အကြောင်းလေ့လာချင်တာနဲ့ (၁၉၀၇)ခုနှစ်မှာ ဂျပန်ပြည်ကို ကြွခဲ့တယ်။
*** ညီအကို- မောင်နှမများ ခင်ဗျား....
ဂျပန်ပြည်၊ တိုကျိုတက္ကသိုလ်မှာ ပါဠိနဲပ သက္ကဋဘာသာပါမောက္ခအဖြစ် ၄-နှစ်နီးပါး ဆောင်ရွက်ပြီး ဂျပန်ဘုရင်ရဲ့ အတွင်းဝန်၊ အမတ်ကြီး “အိုတာနီ”နဲ့ ရင်းနှီးခဲ့တယ်။ “ဂျပန်ပြည်”ဆိုတဲ့ အတုယူဖွယ်ရာ၊ အာရှတိုက်သားများ စံနမူနာ ယူဖွယ်ရာ သီးသီးသန့်သန့် နိုင်ငံရဲ့ အကြောင်း ဂျပန်သတင်းစာတွေမှာရော၊ အခြားဥရောပသတင်းစာတွေမှာပါ ရေးသားခဲ့ပါတယ်။ မြန်မာနိုင်ငံကို ၁၉၁၁-ခုနှစ်မှာ ပြန်ကြွတဲ့အခါမှာ ကိုရီးယား၊ မန်ချူးရီးယား၊ တရုတ်၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတွေဆီဝင်ရောက်လေ့လာခဲ့တယ်။ ဒီလိုနဲ့ မြန်မာပြည်ကို ဆရာတော် ပြန်ရောက်လာပါရော။ မြန်မာနိုင်ငံမှာက သိကြတဲ့အတိုင်း (၁၉၀၆)ခုနှစ်ကတည်းက “ဗုဒ္ဓကလျာဏယုဝအသင်း(YMBA) ဆိုတာ ပေါ်ပေါက်နေပြီး အမျိုး၊ ဘာသာ၊ သာသနာလို့တော့ သူရိယသတင်းစာအုပ်စုက ကြွေးကျော်ပြီး ဆောင်ရွက်နေကြပြီ။ ဆရာတော်လည်း ရောက်လာရော၊ မျိုးချစ်စိတ်၊ နယ်ချဲ့ဆန့်ကျင်ရေးစိတ် အရှိန်မြှင့်ပေးလိုက်တာ “သူရိယ”သတင်းစာပါဆောင်းပါးတွေက နိုင်ငံတကာ အကြောင်း၊ အင်္ဂလိပ်ဆန့်ကျင်ရေးအကြောင်း ရဲရဲတောက် ဖော်ပြပေးလာပါတယ်။ YMBA အမှုဆောင်လူကြီးတွေနဲ့လည်း “သူရိယသတင်းစာတိုက်”မှာ ယာယီသီတင်းသုံးရင်း အင်္ဂလိပ်လက်အောက်က လွတ်မြောက်ရေး ဆွေးနွေးခဲ့ပါသတဲ့။ ဒီလိုနဲ့ (၁၉၁၂)ခုနှစ်မှာ ဂျပန်နိုင်ငံကို ဒုတိယအကြိမ်ပြန်ကြွတဲ့အခါ အရင်ကလို သူချည်းသက်သက် မဟုတ်တော့ပဲ မွေးစားညီငယ် မောင်စိုးသိန်းနဲ့ ညီမငယ်-မအိမ်စိုးတို့အပါအ၀င် မြန်မာလူငယ်အချို့ကို ဂျပန်မှာ ပညာသင်ကြဖို့ ခေါ်ဆောင်သွားပါသတဲ့။ (ညီအကို- မောင်နှမများ ခင်ဗျား၊ မောင်စိုးသိန်းဆိုတာ ဂျီစီဘီအေ-ဦးစိုးသိန်း ရယ်လို့ အထင်ကရ ဖြစ်လာမယ့် သူဖြစ်ပြီး မအိမ်စိုးကတော့ ကုမ္မာရီအသင်းတည်ထောင်သူ ဒေါ်အိမ်စိုးပဲပေါ့ ခင်ဗျာ။)
ဂျပန်ပြည်မှာ ဆရာတော်ရှိနေစဉ်မှာ တဖက်က မင်းပေါက် စိုးပေါက် အမတ်ကြီးအိုတာနီလို ပုဂ္ဂိုလ်မျိုးကို စည်းရုံးနိုင်သလို တရုတ်ပြည်ကိုလည်း ကြွချီပြီး တရုတ်အမျိုးသားခေါင်းဆောင်-ဒေါက်တာ ဆွန်ယက်ဆင်နဲ့လည်း ဆွေးနွေးခဲ့ပါသတဲ့။ ဒီလိုနဲ့ ဆရာတော် ဦးဥတ္တမရဲ့ လမ်းညွှန်မှုနဲ့အတူ ၁၉၂၀-မှာ မြန်မာပြည်ရဲ့ ပထမဦးဆုံး “သံဃသမဂ္ဂီ” အသင်းလိုမျိုး “ကုမ္မာရီအသင်း”လိုမျိုး ပေါ်ပေါက်လာတာ သမိုင်းမှာ အထင်အရှားရှိပါတယ်။ ဒါဟာ ဆရာတော်ပေးတဲ့ လွတ်လပ်ရေးမျိုးစေ့ အမွေပါပဲ။
ဆရာတော်ဟာ သူ့ရဲ့ အမျိုးသားလွတ်မြောက်ရေးနဲ့ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှု သမိုင်းမှာ နှစ်ကြိမ်အဖမ်းခံခဲ့ရပါတယ်။ ပထမဦးဆုံးအကြိမ်က ၁၉၂၁-ခုနှစ် ဗျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် “ဆူးကလာပ်ရွာ”မှာ ဖြစ်ပါတယ်။ “လိပ်ကို အခွံနွှာမည်”ဆိုတဲ့ မကြောက်တရားနဲ့၊ အင်္ဂလိပ်နယ်ချဲ့နဲ့ အဆက်ဆံရေး၊ အင်္ဂလိပ်လူသုံးကုန်ပစ္စည်းများ မသုံးစွဲရေး၊ အင်္ဂလိပ်ကို အခွန်မပေးရေးစတဲ့ (သူ-အိန္ဒိယမှာ ရှိတုန်းက ကွန်ဂရက်ပါတီလုပ်ဟန်အတိုင်း) ရဲရဲတောက် တရားဟောခဲ့ပါတယ်။ အဲဒီ ဆူးကလာပ်ရွာက အပြန်မှာ အဖမ်းခံပြီး၊ ပထမဆုံး အကျဉ်းကျခံရပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးနိုင်ငံရေးအကျဉ်းသား ရဟန်:တော်ဖြစ်ပါတယ်။
ဒုတိယအကြိမ်အဖမ်းခံရတာကတော့ (၁၉၂၄)ခုနှစ်၊ ရန်ကုန်မြို့၊ ကျုံးကြီးလမ်း၊ “နန်းတော်”ရုပ်ရှင်ရုံ တရားပွဲကနေ “ကရက်ဒေါက်-မင်း၊ ပြန်သွားပါ”လို့ အဲဒီတုန်းက အင်္ဂလိပ် ဒုတိယဘုရင်ခံကို မြန်မာပြည်ကနေ မောင်းထုတ်ခဲ့လို့ပါပဲ။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃-နှစ် အပြစ်ပေးခံခဲ့ရပါတယ်။
(၁၉၂၇-၂၈)ခုနှစ်တ၀ိုကမှာ သာစည်နယ်၊ မဲတောရွာက “တောပုန်းကြီး - ဗိုလ်စံဖဲ”ဆိုတဲ့ လယ်သမားသူပုန်ထခဲ့တာ၊ ဗိုလ်စံဖဲနဲ့ လယ်သမားသူရဲကောင်းအချို့ရဲ့ အင်္ဂလိပ်နဲ့ ချစ်တီးကုလားသူဌေး ဆန့်ကျင်ရေးလှုပ်ရှားမှုရယ်၊ (၁၉၃၀)ခုနှစ်၊ “ဆရာစံ လယ်သမားတော်လှန်ရေး”ရယ်ဟာ ဆရာတော်ဦးဥတ္တမရဲ့ “မကြောက်တရား” “ရဲရဲတောက် တရား” “နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေးတရား”တွေ အပေါ်မှာ အခြေခံနေတယ်၊ ဆရာတော် ပေးဝေတဲ့ အမွေကို ဆက်ခံပြီး ရုန်းကြွလှုပ်ရှားခဲ့ကြတယ်ဆိုတာ ကွင်းဆက်ပမာ အဆက်အစပ်နဲ့ သိနိုင်ပါတယ်။
*** ညီအကို- မောင်နှမတို့…
ဆရာတော် ဦးဥတ္တမဟာ လူမျိုးတစ်မျိုးအတွက် ပြည်နယ်တစ်ခုအတွက် နိုင်ငံတစ်ခုအတွက် ရုန်းကြွလှုပ်ရှားခဲ့သူ မဟုတ်ပါဘူး။ ဆရာတော် လှုပ်နိုးခဲ့လို့ “ဂျပန်ပြည်”အခန်းဆက်ဆောင်းပါးတွေကို ဖတ်ပြီး အာရှတိုက်က တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ကမ္ဘောဒီယား၊ ကိုရီးယား၊ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေက မြန်မာပြည်လိုပဲ သူ့ကျွန်ဘ၀ကျရောက်နေတဲ့ နိုင်ငံတွေဟာ အင်္ဂလိပ်အောက်က၊ ပြင်သစ်အောက်က၊ စပိန်အောက်က လွတ်မြောက်ကြဖို့ကို ဂျပန်လို “အတင်းရုန်းကြွရင် ဘာမဆိုရတယ်”ဆိုတာ သာဓက ကောင်းတွေပြခဲ့တယ် မဟုတ်ပါလားဗျာ။ ဒါဟာ ဆရာတော်ပေးဝေတဲ့ သမိုင်းအမွေ၊ တစ်နည်းအားဖြင့် အာရှနေ၀န်းနီ (ဟေ့…… “အရှေဘက်ကောင်းကင်မှာ xxx နေ၀န်းနီနီxxx နိုးထလာပြီxxx လို့) မီးမောင်းထိုးပြ၊ အလင်းတံခါး ဖွင့်ပြခဲ့တာပဲ မဟုတ်ပါလားဗျာ…….။
ဟုတ်ကဲ့…… ဆရာတော် ဘ၀နတ်ထံ ပျံလွန်တော်မူချိန်ဟာ ဒုတိယ ကမ္ဘာစစ်မီးကြီး၊ ကမ္ဘာနဲ့ အ၀ှမ်းအလျှံငြီးငြီး တောက်လောင်နေချိန်ပါပဲ။ ၁၉၃၉-ခုနှစ်၊ စက်တင်ဘာလ ၉-ရက်နေ့၊ သက်တော် ၆၀-အရွယ်မှာ ဆရာတော်ဟာ အာဇာနည် ပီသစွာ ခန္ဓာဝန်ချုပ်ငြိမ်းလိုက်ပါတယ်။
အာရှတိုက်တခွင်ဆီမှာ ဆရာတော် ချမှတ်ခဲ့တဲ့၊ လမ်းပြခဲ့တဲ့ “လွတ်လပ်ရေးလမ်း” “လွတ်မြောက်ရေးလမ်း” “မကြောက်သော သူတို့ရဲ့လမ်း”ဟာ အခုလို အနှစ် ၇၀-တိုင်ခဲ့ပေမယ့် ဖြောင့်တန်းစွာ၊ ရှင်းလင်းပြတ်သားစွာ ရှိနေဆဲ၊ မြင်နေရဆဲပါလို့………………..။ ။
*** ညီအကို - မောင်နှမများ ခင်ဗျား….
(ဆရာတော်ဦးဥတ္တမပေးတဲ့ သမိုင်းအမွေဆိုတာ ဒါတွေ၊ ဒါတွေ၊ ဒါတွေ ကမ္ဘာမကြေ……. ဆက်လက်တိုက်ပွဲဝင်ကြဟေ…….လို့….။)
**ရဲဘော်မိုးကြိုး (ထိုင်း-မြန်မာနယ်စပ)်

No comments:
Post a Comment